*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 11 October 2013

အဘိဓမ္မာ အခါ တော်နေ့ ( သီတင်းကျွတ်လပြည့် )

သီတင်းကျွတ် လပြည့်နေ့  မြင်ကွင်းများ ကို ပုံဖော် ထားဟန်
သီတင်းကျွတ် လပြည့် နေ့ အဘိဓမ္မာ အခါတော် နေ့ အကြောင်း ကို လူ အများစု သိရှိ ကြတာ များပါသည်။ လူ အများ သိရှိထား ကြသလို ပင် ဗုဒ္ဓ လက်ထက် တော် မှ စကာ ယနေ့ အထိ အစဉ်အလာ ကောင်း ခဲ့သော နေ့ထူး နေ့မြတ် တစ်နေ့ လည်း ဖြစ်နေ သည်။


သီတင်းကျွတ် လပြည့်နေ့ ၏ ဂုဏ်ပုဒ်များ

ဘုရား သားတော် ရဟန်း တော်များ ၀ါတွင်း သုံးလ အတွင်းမှ ၀ါကျွတ် သောနေ့၊
အပြစ်ရှိ က ပြောကြား ပါရန် ၀ါဆို သော သံဃာ အချင်းချင်း ဖိတ်မာန် အမှုပြု ကြသော မဟာ ပ၀ါရဏာနေ့၊
ဘုရားရှင် တာဝတိံ သာ နတ်ပြည် ၌ အဘိဓမ္မာ တရားတော် ကို ဟောကြား အောင်မြင် တော်မူ သော အဘိဓမ္မာ အခါ တော် နေ့၊
နတ်ဗြဟ္မာ အပေါင်း ခြံရံ လျက် တာဝတိံသာ မှ သင်္ကဿ နဂိုရ် ပြည် သို့ ဆင်းသက် တော် မူသောနေ့၊
ထိုသို့ ဘုရားရှင် ဆင်းသက် တော်မူ သည် ကို ရည်စူး ပူဇော်သော အားဖြင့် ဆီးမီး စသည် ထွန်းညှိ ပူဇော် သောနေ့၊
စကြာဝဠာ တိုက် တစ်သောင်း မှ လူ နတ် ဗြဟ္မာ သတ္တ၀ါ အားလုံး တို့သည် တဦး ကို တဦး အချင်းချင်း မြင်နေကြ ရပြီး လူ့ ပြည် နတ် ပြည် ဗြဟ္မာ့ ပြည် အား ဖြင့် ဒိုးယိုပေါက် ထုတ်ချင်း ပေါက် ရောင်ခြည် တော်များ ဖြင့် လင်ထိန် နေကာ ဘုရားရှင် အား အတူ တကွ ကြည်ညို ပူဇော် ရသော နေ့၊
နတ်လူ အများ တို့သည် ဘုရားရှင် ၏ တန်ခိုးတော် အနန္တ ကို ဖူးမြင် ကြရကား အားကျ ကြည်ညို စိတ် ဖြင့် သင်္ကဿ မြို့ တွင် စုဝေး နေကြသော ပရိသတ် အများစု ၏ ဘုရား ဆုပန် သော နေ့ စသော ဂုဏ်ပေါင်း တို့ဖြင့် ပြည့်စုံ သော နေ့ထူး နေ့  မြတ် ပင်ဖြစ်ပါသည်။

တာဝတိံသာ နတ်ပြည် မကြွခင် အခြေအ နေ များ

ဗုဒ္ဓမြတ်စွာ သည် ဘုရား ဖြစ်တော်မူ ပြီး ( ၇ ) ၀ါ မြောက်ဝါဆို ခါနီး တွင် သာဝတ္ထိမြို့ ကဏ္ဍသရက် ဥယျာဉ် အတွင်း၌ တိတ္ထိ များ နှင့် တန်ခိုးပြိုင် မည် ဟု ကြေညာ တော်မူ ကာ ရေမီး အစုံစုံ တန်ခိုး ပြာဋိဟာ တို့ကို ပြတော်မူ ခဲ့သည်၊ ဃရဏီ မည်သော အနာ ဂါမ် ဥပါသိကာမ၊ စူဠအနာထပိဏ် မည်သော အနာဂါမ် ဥပါသကာ၊ ပဋိသမ္ဘိဒါပတ္တ စီရ မည်သော ရဟန္တာ သာမဏေ မ၊ စုန္ဒ မည်သော ရဟန္တာ ကိုရင်လေး၊ ဘိက္ခုနီ လက်ဝဲတော်ရံ တန်ခိုး အရာ ဧတဒဂ်ရ ရဟန္တာ မ ဥပ္ပလ၀ဏ္ဏာ နှင့် လက်ဝဲတော် ရံ အရှင် မဟာ မောဂ္ဂလာန် မထေရ် တို့က ဘုရားရှင် ကိုယ်တော် အစား တိတ္ထိ တို့နှင့် တန်ခိုး ပြိုင်ပါမည် ဟု လျောက်ထား ကြ သည်၊

သို့သော် လည်း ဘုရားရှင် သည် ဤနေရာ တွင် ငါဘုရား ၏ တာဝန် ဖြစ်သည်၊ သင် တို့နှင့် မသက်ဆိုင် ပါ၊ တကယ် အရေးကြုံ လာလျင် ငါဘုရား ထမ်းဆောင် ရမည့် တာဝန် ကို မည်သူ တဦး တယောက် ကမှ မထမ်းဆောင် နိုင်ကြ ပေဘူး ဟု မိန့်မြွက် တော်မူကာ ကဏှဥသဘ ဇာတ်တော် ( ဇာ ဋ္ဌ ၁၊ ၁၊ ၁၉ ) နှင့် နန္ဒိဝိသာလ ဘုရား အလောင်း နွားလား ဥသဘ ဇာတ်တော် တို့ကို ဟောကြား တော်မူကာ တပည့် ပရိသတ် များ ကို ဖြေသိမ့် ပေးတော်မူ ခဲ့သည်။

ထို့နောက် တွင်တော့ ကိုယ်တော် တိုင် တေဇော ကသိုဏ်း သမာပတ် ၏ အစွမ်းဖြင့် ခန္ဓာကိုယ် အောက်ပိုင်း မှ မီးတောက် အလျံ များ ထွက်နေ သော် လည်း ကိုယ်တော် အထက်ပိုင်း မှ အာပေါ ကသိုဏ်း သမာပတ် ၏ အစွမ်း ဖြင့် ရေ အလျံများ ထွက်ကျ နေအောင် တန်ခိုး အမျိုးမျိုး ကို ဖန်ဆင်းပြ တော်မူ သည်၊ ခန္ဓာ ကိုယ် နောက်ပိုင်း မှ ရေ အလျံများ ကျနေ လျင် ရှေ့ပိုင်း ကိုယ်မှ မီးတောက် များ ထွက်နေ အောင် ဖန်ဆင်း ပြတော်မူ ခဲ့သည်၊ ပရိသတ် ထဲ မှ တယောက် ချင်းစီ ၏ စိတ် အလိုကို ကြည့်တော်မူ ကာ သူတို့ စိတ် အလိုကျ၊ မြင်ချင် သလို တန်ခိုး အမျိုးအစား ကို ဖန်ဆင်း တော်မူပြီး နှုတ်တော် မှ လည်း တရား ဟောတော်မူ သည်။

ဘုရားရှင် ၏ စိတ် ဖြစ်စဉ် လျင်မြန် လွန်းသော ကြောင့် ကသိုဏ်းဈာန် များ ကို နိုင်နိုင် နင်းနင်း ၀င်စား ကာ တန်ခိုးတော် တို့ကို တမျိုးပြီး တမျိုး မရိုး နိုင်အောင် ဖန်ဆင်း နေသည် ကို ကြည့်ရှု ဖူးမြင် ရသူ လူအပေါင်း တို့၏ စိတ် ထဲတွင် တပြိုင်နက် တည်း ရေရော မီးရော ထွက်နေ သယောင် ထင်မှတ် နေကြ ရသည်။ ဤကား ဘုရားရှင် ၏ တိတ္ထိတို့နှင့် တန်ခိုး ပြိုင်စဉ် မြင်ကွင်း တစ်ချို့ ဖြစ်ပါသည်။ ထို အချိန်မှ စ၍ တိတ္ထိ တို့လဲ ကစဥ့် ကလျား ဖရိုမရဲ ထွက်ပြေး ကြကာ ပုရာဏ ကဿပ သည် ကား မိမိ လည်ပင်း တွင် သဲအိုး ကို ကြိုးချည် ဆွဲကာ မြစ်ထဲ ခုန်ချပြီး ဘ၀ နိဂုံး အဆုံး သတ် သွားသည် ဟူ၏၊ ယနေ့ အထိ အ၀ီစိငရဲ မှာ ရှိနေသည် ဟု ဆိုပါသည်။

ရေမီး အစုံစုံ သော တန်ခိုး ပြာဋိဟာ တို့ကို ပြတော်မူ ပြီး သည်နှင့် တပြိုင်နက် ညာဖက် ခြေဖ၀ါး ကို လှမ်းကာ ယုဂန္ဓိုရ်တောင် ထိပ်ပေါ် နင်းပြီး၊ ဘယ်ဖက် ခြေလှမ်း ကို မြင့်မိုရ် တောင်ထိပ် တွင် ချတော်မူ သည်၊ ထို့နောက် တာဝတိံသာ နတ်ပြည် ပင်လယ် က သစ်ပင် ခြေရင်းမှ သိကြားမင်း ၏ ပဏ္ဍုကမ္ဗလာ မြကျောက်ဖြာ ထက်တွင် ထိုင်တော် မူ ကာ လူ့ ဘ၀က မယ်တော် ဖြစ်ခဲ့ ဖူးသော မယ်တော် မာယာ တဖြစ်လဲ သန္တုဿိတ နတ်သား အမှုးပြု သော နတ် ဗြဟ္မာ များ အား အဘိဓမ္မာ ပဋ္ဌာန်း တရား တော်ကြီး ကို အကျယ် တ၀င့် ဟောပြ တော်မူ ခဲ့သည်၊

မြတ်စွာ ဘုရားရှင် သည် တာဝတိံသာ နတ်ပြည် တွင် ၀ါတွင်း သုံးလ ပတ်လုံး နေ့မနား ညမနား ပဋ္ဌာန်း တရား တော် ကို ဟောကြား တော်မူ ရာ တွင် နတ် တို့ အတွက် မိနစ် ပိုင်းမျှ ဖြစ်သော် လည်း လူသား ဖြစ်သော ဘုရားရှင် အတွက် မူ အစာ အာဟာရ မဘုန်းပေး ပဲ မဖြစ် နိုင်ရ ကား ပုံတူ နိမ္မိတ ဘုရားရှင် ကို ဖန်ဆင်း ပြီး တရား ကို ဒီ နေရာမှ ဒီ နေရာ အထိ ဟောခဲ့ စေ သတည်း ဟု အဓိဋ္ဌာန် ကာ ကိုယ်တော်တိုင် က မြောက်ကျွန်း အနော တတ္တ ရေအိုင် သို့ ကြွကာ ဆွမ်းဘုန်းပေး တော် မူပြီး တဖန် ပြန် လည် ဟော ကြားတော် မူ ခဲ့သည်၊ နတ်ဗြဟ္မာ တို့၏ စိတ်တွင် ကား ဘုရားရှင် တ ပါး တည်း ဟောကြား နေသည် ဟု မှတ်ထင် နေ ကြ၏၊ ပြန်ေ ရာက် ပါမှ တရားတော် ကို ရောက်သည့် နေရာမှ ဆက်လက် ဟောကြား တော်မူ သည်၊

အရှင် သာရိပုတ္တရာ သည် လည်း လူ့ပြည်မှ တက်ကာ ဘုရားရှင် ဆွမ်းဘုန်း ပေးနေစဉ် အတွင်း ၀တ်ကြီး ၀တ်ငယ် ကို ပြုစု ပေး တော်မူ ၏၊ ထိုအချိန် လေးအတွင်း မှာ ပင် သာရိပုတ္တရာ ငါ ဘုရား ကတော့ ဒီနေ့ မှာ အဘိဓမ္မာ တရား ကို ဒီနေရာ ကနေ ဒီနေရာ အထိ ဘယ်လို ဘယ်လို ဟောထား ခဲ့တယ် ဆိုပြီး အကျဉ်းဆုံး နည်းကို လမ်းပြ ညွှန်တော် မူ ၏၊ ထို အကျဉ်းဆုံး ကိုပင် အရှင် သာရိပုတ္တရာ က လည်း သူ ဥာဏ် ရှိသလို ချဲ့ထွင် ကာ ရှေးအခါ က လင်းနို့ သား ငါးရာ အဖြစ် ဖြင့် အဘိဓမ္မာ တရား ကို နာဖူး ခဲ့သော ပါရမီ အထုံ ရှိခဲ့ သည့် တပည့်သား ရဟန်း နောက်လိုက် ငါးရာ ကို တဆင့် ပြန်လည် ဟောကြား ခဲ့သည်။ ( ထိုရ ဟန်းများ သည် ၀ါမဆိုခင် အချိန်က ဘုရားရှင် တန်ခိုး ပြသည်ကို ကြည်ညို ကာ သာသနာ့ ဘောင် ၀င်ရောက် ခဲ့ကြသော လူ ဒကာ များ ဖြစ်ကြ၏ )

ယနေ့ စာရေးသူ တို့ သင်ယူ လေ့လာ နေကြ ရသော အဘိဓမ္မာ ပဋ္ဌာန်း တရားတော် များ သည် အရှင် သာရိပုတ္တရာ ဟောကြား တော်မူ ခဲ့သော မကျဉ်း မကျယ် နည်းမျှ သာ တည်း၊ အကယ် ၍သာ ဘုရားရှင် ဟောခဲ့ သလို အကျယ် တ၀င့် သင်ယူ ရပါမူ မည်သို့မျှ ဆုံးခန်း တိုင်မည် မဟုတ် ဟု မှတ်ထင် ရပေသည်။ အဘယ့်ကြောင့် ဆိုသော် ဥာဏ် ရှိလျင် ရှိသ လောက်၊ ချဲ့ထွင် နိုင် လျင် ချဲ့ထွင် နိုင် သလောက် နည်းပေါင်း များစွာ နယ်ပယ် ပေါင်း များစွာ ကျယ်ဝန်း သော ကြောင့် ဖြစ်ပါသည်။ ဤ သည် ကား သီတင်း ကျွတ် လပြည့် မရောက် ခင် တနည်းအား ဖြင့် ၀ါ မကျွတ် ခင် နတ်ပြည် သို့ တက်လှမ်း ကာ တရားဟော ပုံ ဖြစ်ပါသည်။

သီတင်းကျွတ် လပြည့်နေ့ ၏ မြင်ကွင်းများ

ဗုဒ္ဓမြတ်စွာ သည် အဘိဓမ္မာ တရားတော် ကို ဟောပြီး သည့် အခါ အရှင် မောဂ္ဂလာန် က နတ်ပြည် တက် လာကာ မြတ်စွာ ဘုရား လူ့ပြည် မှာ ဘယ်နေရာ မှာ ဆင်းသက် ပါမလဲ ဘုရား ဟု လျောက်ထား သော ကြောင့် .. ငါ၏ သားကြီး လက်ယာ တော်ရံ သာရိပုတ္တရာ နှင့် တပည့် ငါးရာ ရှိနေရာ သင်္ကဿ မြို့ ကို ဆင်းတော်မူ မယ်၊ သို့သော် လည်း ယခု လက်ရှိ သာဝတ္ထိ က ပရိသတ်တွေ အားလုံး ကို တန်ခိုးတော် နဲ့ မနက်ခင်း မှာ ကျောင်း ကို ဥပုသ်စောင့် သွားကြ သလို သင်္ကဿမြို့ ကို ခေါ်စေ မယ် ဟု မိန့်တော် မူ သည်။ ထိုသို့ ဆင်းသက် စဉ် သိကြားမင်း သည် စောင်းတန်း သုံးမျိုး ဖန်ဆင်း ကာ အလယ် ပတ္တမြား စောင်းတန်း မှ ဆင်းသက် တော်မူ သည်။

ဗြဟ္မာ ပရိသတ် များ က ဘုရားရှင် ၏ လက်ဝဲဘက် ငွေ စောင်းတန်း မှ ၄င်း၊ နတ် ပရိသတ် များ က လက်ယာ ဘက် ရွှေစောင်း တန်း မှ ၄င်း၊ ပဉ္စသီခ နတ်သား က ဘုရားရှင် ၏ လက်ယာ ဘက် မှ ဗေလုဝ နတ်စောင်း ကို တီးခတ် ကာ ဂုဏ်တော် တို့ကို ရွတ်ဆို သီကြူး လျက်၎င်း၊ မာတလိ နတ်သား က လက်ဝဲဘက်မှ နတ် ပန်းနံ့သာ များ ကြဲချ လျက်၎င်း၊ဗြဟ္မာ့ပြည် မှ တန်ခိုး အကြီးဆုံး မဟာ ဗြဟ္မာကြီး သည် ဘုရားရှင် အား ထီးမိုး လျက် ၄င်း၊ သုယာမ နတ်မင်း ကြီး သည် ဘုရား ရှင်အား သားမြီး ယပ်ခပ် ပေးလျက် ၄င်း ကြည်နူးမဆုံး နိုင်သော အသရေ တော် ဖြင့် ရတနာ စောင်းတန်း အသီးသီး မှ ဆင်း သက် တော်မူ ခဲ့သည်၊ အထူးခြား ဆုံးကား လူတွေ နတ်တွေ ဗြဟ္မာတွေ အားလုံး တယောက် မျက်နှာ တစ်ယောက် မြင်နိုင် ကြခြင်း ဖြစ်ရ ကား အတွေးဖြင့် မြင်ေ ယာင် ကြည့်သည် ကပင် တော်တော် ပီတိ ဖြစ်စရာ ကောင်း ပါလိမ့် မည်။ ထို့ကြောင့် လည်း မြင်သမျှ ပရိသတ် များ က ဆီမီး မျိုးစုံ ထွန်းညှိ ကာ ပူဇော် ကြိုဆို နေကြ ရကား အားကျ ကြည်ညို သော ကြောင့် ဘုရားဆု တောင်း ကြခြင်း များလည်း ဖြစ်နိုင် ပါသည်။

ဘုရားရှင် တာဝတိံသာ နတ်ပြည် မှ အဆင်း တွင် ပရိသတ် အားလုံး တို့အား တရား ဟောတော် မူ ရာ လင်းနို့သား ငါး ရာ ဖြစ်ဖူး သော ရဟန်း ငါးရာ ရဟန္တာ ဖြစ်တော်မူ ကြသည်၊ နောက် တဖန် ဘုရားရှင် ၏ သင်္ကဿ မြို့ ၌ လက်ယာ ဘက် ခြေချ မိရာ ဋ္ဌာန တွင် ဘုရား အားလုံး တို့ မစွန့်လွှတ် ရာ နေရာ တစ်ခု ဖြစ်သော အ၀ိဇဟိတ ဋ္ဌာန အဖြစ် အစလ စေတီ ဟု ယနေ့တိုင် ခေါ်ဝေါ်နေကြ ဆဲ ဖြစ် သည်။

ယနေ့ ခေတ် သင်္ကဿနဂိုရ် မြို့

ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတော်မူ ပြီး နောက်ပိုင်း သာသနာ သက္ကရာဇ် ( ၂၁၈ ) ခုနှစ် တွင် သီရိဓမ္မာ သောက မင်းကြီး သည် ဘုရား ရှင် နတ်ပြည် မှ ဆင်းသက် ခဲ့ရာ နေရာ ၌ စေတီကြီး တစ်ဆူ၊ ကျောင်းတိုက် ကြီး တစ်ခု နှင့် ဆင်ရုပ် ပါ ကျောက်တိုင် တစ်တိုင် ကို စိုက်ထူ ထားခဲ့ သည်၊ သို့ရာ တွင် ခရစ်နှစ် ( ၁၁၈၃ ) တွင် ဇယချန္ဒရ Jayachandra မည်သော ဟိန္ဒူဘာသာ ကိုး ကွယ် သော မင်း သည် သာသနာပ ပုဏ္ဏား တို့၏ စကားကို နားထောင် ကာ အစလ စေတီ နေရာ ရှိ အသောကမ င်းကြီး ကောင်းမှု စေတီနှင့် ကျောင်း တိုက်ကြီး တို့ကို အစ ဖျောက် ဖျက်ဆီး ပစ်ခဲ့ လေ သည်။ တိုင်းပြည် အုပ်ချုပ် သော ရှင် ဘုရင် မကောင်း လျင် သာသနာ သည် လည်း ရေရှည် မတည်တံ့ နိုင် ဟူသော သာဓက တစ်ရပ် ပင် မဟုတ် ပါလော ....

1842 ခုနှစ် တွင် ဘရစ်တစ် ပညာရှင် အလက်ဇန္ဒား ချန်နင်ဂန် Alexander Cunningham မှ ရှာဖွေ တွေ့ရှိ ခဲ့ပြီး ထိုမှနောက် နှစ်ပေါင်း ( ၈၇ ) နှစ် အကြာတွင် အနာဂါရိက ဓမ္မပါလ Sir Anagarika Dharmmapala က သီရိလင်္ကာ နိုင်ငံမှ လာရောက် ရှာဖွေ ဖော် ထုတ် ခဲ့ပြန် သည်။

သင်္ကဿမြို့ ၏ မြောက်ဖက် တွင် ဂင်္ဂါမြစ် ရှိ၍ တောင်ဘက် တွင် ယမုံနာ မြစ် ရှိရကား မြစ်နှစ်ခု ကြားက ထူးခြား သော မြို့ ဟု ပင်ဆိုရ ပါမည်၊ မထုရာ မြို့မှ ၄ ယူဇနာ ( မိုင်ပေါင်း ၂၄ မိုင် ) မျှသာ ဝေးကွာ ၏၊( ဣတော မထုရာယ စတူသု ယောဇနေသု သင်္ကဿံနာမ နဂရံ အတ္ထိ ) မှတ်ချက် -- ခေတ်သစ် အနောက် တိုင်း ပညာရှင် တို့၏ တိုင်းထွာ ချက် အရ တယူဇနာတွင် ( ၈ ) မိုင် မျှ သာ ရှိသည် ဟု သတ်မှတ် ကြသည်၊ သို့သော် အချို့သော စာပေများ တွင် ၁၀ မိုင်၊ ၁၂ မိုင် စသည် ဖြင့် မူကွဲ များစွာ တွေ့ရ တတ် သေး၏။ ဗုဒ္ဓ ခေတ် က ယူဇနာ အကွာအဝေး ကို သုံး ကြပြီး ယနေ့ ခေတ်မှာ တော့ မြန်မာ လူမျိုးများ ရှေးခေတ် က သုံးခဲ့ ကြသလို အတောင်၊ အထွာ အသုံး အနှုံး များလဲ မသုံး တော့ပါ၊ မိုင်၊ တိုင်၊ ကီလိုမီတာ စသည် ဖြင့်သာ သုံးကြ တော့ သည်၊ တိုးတက် သော ခေတ် ကာလ ၏ ပြယုဂ် တစ်ခုပင် တည်း။

ယနေ့ အချိန်တွင် သင်္ကဿမြို့Sankasya သည် အိန္ဒိယ နိုင်ငံ ဥတ္တရာ ပရာ ဒေရှ် ( Uttar Pradesh ) ပြည်နယ်၊ အရှေ့ပိုင်း အိန္ဒိယ ရထား လမ်းပေါ် ရှိ ကိုဟာဘတ် နှင့် ဖရုခါဗဒ် ( Farukhabad ) မြို့ အကြား ပခန ( Pakhna ) ဘူတာ မှ ၅ မိုင် ဝေးကွာ သော ဗဆန္တပုရ် ( Basantpur ) ရွာ အနီး၌ တည်ရှိ နေဆဲ ဖြစ် ပါသည်။
ဤ သို့သော အဖြစ် အပျက်များ ကို လေ့လာ ခြင်း ဖြင့် သီတင်းကျွတ် လပြည့်နေ့ တွင် သံဃာတော် များ က ပ၀ါရဏာ ပြုရန် စုဝေး ကြ ရခြင်း၊ ဗုဒ္ဓဘာသာ ၀င် အားလုံး တို့သည် လည်း ဘုရားရှင် အား ဆီးမီး မျိုးစုံ ဖြင့် ပူဇော် ခြင်း၊ အဘိဓမ္မာ ပဋ္ဌာန်း တရားတော် ဖြင့် ရွတ်ဖတ် ပူဇော် ကြခြင်းဖြင့် ကောင်းမြတ် သော အထွဋ်အမြတ် ဖြစ်သော ဘုရားရှင် ၏ ဂုဏ်တော် တို့ကို အာရုံ ပြုကာ အထူး တလည် ကြည်ညို စရာ နေ့ထူး နေ့မြတ် တနေ့ သာ ဖြစ်ပါ တော့ သည်။

မေတ္တာဖြင့်


အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )
 
From_Facebook

No comments:

Post a Comment