*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 16 September 2013

သင်္ဂါယနာ တင်ခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများ......



သင်္ဂါယနာ ဆိုသည်မှာ (သံ+ဂါယနာ၊ သံ=စုပေါင်း၍၊ ဂါယနာ=ရွက်ဆိုခြင်း) အားလုံး စုပေါင်း၍ ရွက်ဆိုကြခြင်း ကို ဆိုလိုပါသည်။
-ပထမသင်္ဂါယနာ ကို မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူပြီး(၇) ရက်အကြာ၌ အာတုမ ရွာသား ဆတ္တာသည် မျိုး သုဘဒ္ဒါ တောထွက် ရဟန်းကြီး တစ်ပါးက မြတ်စွာ ဘုရားရှင် အား ထိပါးစော်ကား စွာ ပြောဆို သည်ကို ရှင်မဟာကဿပ ကိုယ်တော်မြတ်ကြီး ကြားတော်မူသည်။ ထို့ကြောင့် ပရိနိဗ္ဗာန် စံတော်မူပြီး (၄) လ အကြာမြန်မာသက္ကရာဇ် ၁၄၈ ခုနှစ် (၅၄၄ဘီစီ) တွင်ရာဇဂြိုဟ်ပြည် အဇာတသတ် မင်းလက်ထက် ၌ ရှင်မဟာကဿပ ကိုယ်တော်မြတ်ကြီး ဦးဆောင်၍ ရဟန္တာ အရှင်မြတ်ကြီးပေါင်း (၅၀၀) နှင့်အတူ နှုတ်တိုက်ရွက် ဆို၍ ပထမသင်္ဂါယနာ တင်ခဲ့ပါသည်။


- ဒုတိယ သင်္ဂါယနာ ကို မြန်မာ သက္ကရာဇ် ၁၀၀ (၄၄၄ဘီစီ) တွင်ရဟန်း အချို့ငွေအလှူခံ မှုကြောင့် ဝေသာလီပြည် ကာလာသောကမင်း လက်ထက်၌ ရှင်မဟာယသ ကိုယ်တော်မြတ် ကြီး ဦးဆောင် ၍ ရဟန္တာ အရှင်မြတ်ကြီးပေါင်း (၇၀၀)နှင့် နှုတ်တိုက် ရွက်ဆိုပြီး သင်္ဂါယနာ တင်ခဲ့ပါသည်။

- တတိယ သင်္ဂါယနာကို မြန်မာသက္ကရာဇ် ၂၃၅ ခုနှစ် (၃၀၉) ဘီစီတွင် သာသနာတော်ကို တိတ္တိတို့ ၀င်ရောက် နှောက်ယှက်မှုကြောင့် ပါဋ္ဋလိပုတ်ပြည် အသောက မင်းကြီး လက်ထက် ၌ အရှင်မောဂ္ဂလိ ပုတ္တတိဿ ကိုယ်တော်မြတ်ကြီး ဦးဆောင်၍ ရဟန္တာ အရှင်မြတ်ကြီးပေါင်း (၁၀၀၀)နှင့် နှုတ်တိုက် ရွက် ဆိုပြီး သင်္ဂါယနာ တင်ခဲ့ပါသည်။

- စတုတ္ထ သင်္ဂါယနာကို မြန်မာ သက္ကရာဇ် ၄၅၀ ခုနှစ် (၉၄ဘီစီ) တွင် သီဟိုဠ်ကျွန်း ၀ဋ္ဋုဂါမဏိမင်း လက်ထက်၌ ရှင်မဟာဓမ္မရက္ခိတ ကိုယ်တော်မြတ်ကြီး ဦးဆောင်၍ ရဟန္တာတော်အရှင်မြတ်ကြီး (၅၀၀)ဖြင့် ပိဋ္ဋကတ်တော် များကို ပေရွက်တွင် ရေးသား၍ စတုတ္ထ သင်္ဂါယနာ တင်ခဲ့ပါ သည်။ ပေရွက်ပေါ် တွင် ရေးသား ရခြင်းမှာ သီဟိုဠ် ကျွန်းတွင် “ဗြဟ္မဏတိဿ” သူပုန်ဘေးကြီးကြောင့် လူအများ လည်း တောထဲ၌ ပုန်းအောင်းနေရသောကြောင့် ဆွမ်းဘောဇဉ် ကို မဆိုထားနဲ့ စားကောင်းစားရာ သစ်သီးသစ် ရွက်ကိုမျှ မှန်မှန် လှူနိုင်သူ မရှိသဖြင့် ကျမ်းတတ် အကျော်ဆရာတော် တို့သည် အစာအဟာရ ကို မျှမျှတတ မရကြသဖြင့် နှုတ်တိုက်ဆောင် ထားသော ကျမ်းဂန်များ မေ့မည်စိုးသောကြောင့် ရေစိုသော သဲပေါ်တွင် လဲလျောင်း၍ ရင်မပူအောင် ရင်ဘတ်ပေါ်တွင် သဲတင်၍ ပိဋ္ဋကတ်တော် များကို ရွတ်အံ သရဇ္ဇျာယ်ခဲ့ကြသည်။ နောင်အခါ ဤဘေးဆိုးမျိုး ပေါ်ပေါက်လျှင် နှုတ်တက်ဆောင်ရန် ခဲယဉ်း မည်ဆိုး သဖြင့် ပေ ရွက်ပေါ် တွင် ရေးသား ခဲ့ ရခြင်း ဖြစ် ပါသည်။

-ပဉ္စမသင်္ဂါယနာကို ပေ ပုရပိုက် တို့ထက် ပိုမို တည်တံ့ခိုင်မြဲရေး၊ မူကွဲ အမျိုးမျိုး ရှိသည်ကို စည်းလုံး ညီညွတ်စွာ ရှိရေးကို ရည်ရွယ်၍ မြန်မာ သက္ကရာဇ် ၂၄၁၂-၂၄၁၅ မြန်မာနိုင်ငံ မန္တလေးမြို့ မင်းတုန်း မင်းတရားကြီး လက်ထက်တော် ၌ ဆရာတော်ကြီး သုံးပါးနှင့် လူပုဂ္ဂိုလ် ခြောက်ဦးတို့ ဦးဆောင်၍ သံဃာတော် ၂၄၀၀ ဖြင့် ကျောက်ပြားရေ (၇၂၉) ချပ်ပေါ်၌ ပိဋ္ဋကတ်သုံးပုံ ကို ရေးတင် ၍ ကျောက်ထက် အက္ခရာတင် ခဲ့ပါသည်။
ဦးဆောင် ဆရာတော်ကြီး သုံးပါးမှာ
 (၁)တောင်ဆောင် မိဖုရားကြီး၏ ဆရာ-ဇာဂရာဘိဝံသတိပိဋ္ဋကဓရမဟာဓမ္မရာဇာဓိရာဇဂုရု
(၂)မြတောင်မြို့စားသေနက်ဝန်ကြီးဆရာ-နရိန္ဒာ ဘိဓဇသိရိသဒ္ဓမ္မဇောတိပါလဓဇမဟာဓမ္မရာဇာဓိရာဇဂုရု (၃)စီးတောင်ပြင် ၀န်တိုက် ဆရာတော် သုမင်္ဂလသာမိ သီရိပ၀ရမဏိဓဇမဟာဓမ္မရာဇဓိရာဇဂုရု အရှင်မြတ်ကြီးများ ဖြစ်ပါသည်။

-ဆဋ္ဌမသင်္ဂါယနာ ကိုမြန်မာသက္ကရာဇ် ၁၃၁၆ ခုနှစ် (၁၉၅၄)တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတကြီးဒေါက်တာ ဘဦးနှင့် ၀န်ကြီးချုပ် ဦးနု အမှူးပြုသော ဒါယကာတို့၏ အထောက် အပံ့ဖြင့် ရန်ကုန်မြို့ ရေကူးရပ် သိရိမင်္ဂလာ ကုန်းမြေအတွင်း ရာဇဂြိုဟ်ပြည်တွင် ပထမသင်္ဂါယနာ တင်စဉ်က စရည်းပင်ပေါက် ရာ လိုဏ်ကြီးကို ရည်ရွယ်ဆောက် လုပ်သည့် ဆဋ္ဌသံဂီတိမဟာပါသာဏဂုဟာခေါ်-လိုဏ် ဂူတော်ကြီး တွင် ပြုလုပ်ခဲ့ပါသည်။

မြန်မာနိုင်ငံတော် ဆဋ္ဌသံဂါယနာ သြ၀ါဒစရိယ သံဃနာယက အဖွဲ့ကြီးနှင့် ဆဋ္ဌသံဂါ ယနာဝန်ဆောင် သံဃာ အဖွဲ့ကြီးများ၏ ဥက္ကဋ္ဌ အဘိဓဇမဟာ ရဋ္ဌဂုရုဘွဲ့တော်ရ ညောင်ရမ်း ဆရာတော်ဘုရားကြီး ဦးဆောင်၍ ပြည်တွင်းမှ သံဃာတော်ပေါင်း ၂၄၇၃ ပါး၊ ပြည်ပမှ ၁၄၄ ပါးနှင့် မြန်မာ၊ သီဟိုဠ်၊ ယိုးဒယား၊ ကမ္ဗောဒီးယား၊ လော ငါးနိုင်ငံ စုပေါင်းတည်းဖြတ်၍ စက္ကူစာအုပ် များအဖြစ် ရိုက်နှိပ်ပြီး ကမ္ဘာအရပ်ရပ်သို့ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော တရားတော်များကို ပျံ့နှံ့စေလိုသော ရည်ရွယ်ချက်ဖြင့် ပုံနှိပ်ရိုက်ပြီး ဆဋ္ဌသင်္ဂါယနာကို တင်ခဲ့ပါသည်။
 
9/10/2013 11:49:00 AM
တောသားလေး
Today Myanmar မှမျှဝေဖေါ်ပြသည်

No comments:

Post a Comment