*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 25 February 2014

ခိုင်မာတဲ့ ခံယူချက် နဲ့ မင်္ဂလာပွဲနွှဲ ပြီး ရွှေလက် တွဲတော့မယ့် လိင်တူ ချစ်သူ စုံတွဲ

ကိုတင်ကိုကို (ရှေ့)နဲ့ ကိုမျိုးမင်းထက် (နောက်) တို့ကို နေအိမ်မှာ ပျော်ပျော်ရွှင်ရွှင်တွေ့ရစဉ်။ ဘူးသီး/မြန်မာတိုင်း(မ်)











ညနေခင်း ရုံးဆင်း  လို့ သူတို့ရဲ့ထရံကာ၊ သွပ်မိုး ပျဉ်ထောင်အိမ်လေး ကို အရင်ဆုံး ပြန်ရောက်တဲ့
သူက မီးဖိုချောင် မှာ ထမင်းဟင်းချက်တဲ့ တာဝန်ကို ယူရပါတယ်။

နှစ်ယောက် စလုံး ရုံးမှာ သိပ်ကို ပင်ပန်းလာပြီ ဆိုရင်တော့ ချက်ပြုတ်မနေတော့ ဘဲ နီးရာဆိုင်မှာပဲ
ပြေးပြီး ညစာစားကြပါတယ်။

ဒါဟာ လိင်တူ ချင်း သံယောဇဉ်ဖြစ်မိကြပြီး သာမန်စုံတွဲတွေ လိုပဲ နှစ်ယောက် တစ်ဘ၀ ထူထောင်
ထားကြတဲ့ ကိုတင်ကိုကိုနဲ့ ကိုမျိုးမင်းထက် တို့ စုံတွဲရဲ့ လွတ်လပ်ပေါ့ပါးတဲ့ နေ့စဉ် ဖြတ်သန်းမှုပုံစံပဲ
ဖြစ်ပါတယ်။




သူတို့နှစ်ဦးဟာ ၁၀ နှစ်ကြာ အတူတူနေထိုင် ခဲ့ကြရင်း နှစ်ဦးကြားက ချစ်ခြင်းမေတ္တာနဲ့ နားလည်မှု
ခိုင်မာလာတာ နဲ့အမျှ ထာဝရ လက်တွဲသွားကြမယ်ဆိုတဲ့ သင်္ကေတ အနေနဲ့ မင်္ဂလာပွဲကို လာမယ့်
မတ်လ ထဲမှာ မိဘ၊ ဆွေမျိုး၊ မိတ်ဆွေ၊ အပေါင်းအသင်းတွေကို ဖိတ်ကြားပြီး ကျင်းပသွားမှာ
ဖြစ်ပါ တယ်။

"မင်္ဂလာပွဲ အတွက် ရင်ခုန်ပြီး အတိုင်းမသိ ၀မ်းသာတယ်။ သူ (ကိုတင်ကိုကို) က ၁၀ နှစ်ပြည့်
အထိမ်း အမှတ်ပွဲလေး လုပ်ပေးမယ်လို့ မထင်ခဲ့ဘူး။ ဒီပွဲ လုပ်မယ်ဆိုတာ အနီးကပ်မှ သိရတာ။
မင်္ဂလာပွဲ အတွက် အနောက်တိုင်း ၀တ်စုံတွေ ပြင်ဆင်ထားတယ်။ နောက်ထပ် ၁၅ နှစ်၊ အနှစ်
၂၀ ပြည့် ပွဲတွေလည်း လုပ်ချင်သေးတယ်"လို့ ကိုမျိုးမင်းထက်က ပြောပါတယ်။

ရန်ကုန်သား ကိုတင်ကိုကို ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်က မကွေးတိုင်းဒေသကြီးအတွင်းက
ဆောက်လုပ်ရေး အလုပ်တစ်ခုမှာ အလုပ်လုပ်ကိုင်ရင်း ကိုမျိုးမင်းထက် ကို စတွေ့ပြီး သံယောဇဉ်
ဖြစ်ခဲ့ ပါတယ်။

နှစ်ယောက် စလုံးဟာ အမျိုးသားတွေ လိုပဲ ၀တ်စားဆင်ယင် နေထိုင်သွားလာတဲ့ အတွက် အများရဲ့
အမြင်မှာ အထင်လွဲ စရာ မဖြစ်ခဲ့တာကြောင့် သူတို့ရဲ့ဘ၀ခရီး အစမှာ ကြီးမားတဲ့ အခက်အခဲမျိုးတွေ
မတွေ့ခဲ့ရဘူးလို့ ဆိုကြပါတယ်။

"ကျွန်တော်က အမျိုးသမီး တစ်ယောက်လို ၀တ်စားဆင်ယင်ပြီး နေတာ မဟုတ်ဘဲ သာမန်
ယောက်ျားလေး လိုပဲနေတယ်။ သူလည်း အဲဒီ ပုံစံအတိုင်းပဲ နေတယ်။ ကိုယ့်ရဲ့လိင်စိတ် ခံယူမှုကြောင့်
ဂေးဖြစ်နေတာပဲ ရှိတယ်။ သူနဲ့ကျွန်တော် သူငယ်ချင်း အပေါင်းအသင်းတွေလိုပဲ သွားတယ်၊
လာတယ်၊ စားတယ်၊ သောက်တယ်။


 အဲဒါနဲ့ ပတ်သက်ပြီးတော့ အခက် အခဲသိပ်မရှိခဲ့ပါဘူး" လို့ LGBT (အမျိုးသမီး၊ အမျိုးသား အချင်း ချင်း ချစ်ခင်စုံမက်သူ၊ အမျိုးသား၊ အမျိုးသမီးနှစ်မျိုး စလုံး ချစ်ခင်စုံမက်သူ၊ ဆန့်ကျင် ဘက် လိင်ကဲ့သို့ ၀တ်စား ဆင် ယင်ပြုမူနေထိုင်သူ)တွေရဲ့ အခွင့်အရေးတွေ အတွက် လှုပ်ရှားဆောင် ရွက်နေ တဲ့ ဘုရင်နှင့် ဘုရင်မ များအဖွဲ့မှ အဖွဲ့ဝင်တစ်ဦး ဖြစ်တဲ့ ကိုတင်ကိုကို (အသက် ၃၈ နှစ်) က မြန်မာ တိုင်း(မ်)ကို ပြောပါတယ်။

ကိုမျိုးမင်းထက် ကတော့ အသက် ၁၀ နှစ် ပို ငယ်ပြီး မိသားစု ၀င်တွေရဲ့ ငြိုငြင်မှုကို အစပိုင်းမှာ
ရင် ဆိုင် ခဲ့ရတယ်လို့ ဆိုပါတယ်။

"သူနဲ့ သံယောဇဉ်ဖြစ်တော့ အတူသွား အတူစားဆိုတော့ မိသားစု ကတော့ သာမန် ညီအစ်ကို
မိတ်ဆွေတွေ လို ရင်းနှီးတယ်လို့ပဲ သိထားတယ်။ ကျွန်တော့် အစ်ကိုနဲ့ အစ်မ အိမ်ထောင်ကျ
သွားတော့ သူ တို့ အိမ်ထောင်ဖက်တွေက ကျွန်တော်တို့ နှစ်ယောက်ရဲ့ဆက်ဆံရေးကိုတော့
နည်းနည်းပြောတယ်။ 


သူတို့တွေက နယ်ဘက်ကဆိုတော့ ဒီလိုမျိုးတွေ မကြုံဖူးကြဘူးဆိုတော့ နည်းနည်းတော့ ပြော တာ ဆိုတာ ခံရပါတယ်"လို့ LGBT တွေအတွက် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု ပေးနေ တဲ့ အေးငြိမ်းမေတ္တာ လူမှုရေးအဖွဲ့အစည်းမှာ အလုပ်လုပ်ကိုင်နေတဲ့ ကိုမျိုးမင်းထက် က ပြောပါတယ်။

သူတို့နှစ်ဦးဟာ မကွေးတိုင်းဒေသကြီးမှာ သုံးနှစ် အတူနေခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်း ပြီးဆုံး
သွားတာကြောင့် ရန်ကုန်မှာ အလုပ်လုပ်ကိုင် ဖို့ ကိုတင်ကိုကို တစ်ယောက်တည်း ပြောင်းရွှေ့လာခဲ့
ပါတယ်။

"ခြောက်လလောက်ကြာတော့ သူလိုက်လာတယ်။ သူက အဝေးသင် တက်နေတာဆိုတော့
စာမေး ပွဲဖြေခါနီးရင် နယ်ပြန်တယ်။ စာမေးပွဲရှိရင် ပြန်သွားလိုက် ပြီးရင် ရန်ကုန်ဆင်းလာလိုက်နဲ့
ကျောင်းပြီး သွားတော့မှ အလုပ်လုပ်ကြရင်း အတူတူနေဖြစ် လာတာပါ"လို့ ကိုတင်ကိုကိုက
ပြောပါ တယ်။

ရန်ကုန်ရောက်ပြီး နှစ်ယောက် အတူတူနေထိုင်ဖို့ ဆုံးဖြတ်တဲ့အခါမှာ ငွေကြေး ကျပ်တည်းမှု
အခက် အခဲ၊ နေစရာနဲ့ အလုပ်အကိုင် အခက်အခဲတွေ ကို အချိန်အတော်အကြာထိ ကြုံတွေ့
ဖြတ်သန်းခဲ့ရတယ် လို့လည်း ဆိုပါတယ်။

"မိဘတွေနဲ့နေမယ်ဆို အလွန်ဆုံး တစ်လ နှစ်လထက် ပိုမနေနိုင်ပါဘူး။ အလုပ်ကလည်း မရှိတော့
ဟိုရှာ ဒီရှာနဲ့ ကြုံတဲ့အလုပ် ၀င်လုပ်ရတယ်"လို့ နယ်ကနေ ရန်ကုန်ပြန်ရောက်စမှာ ကြုံတွေ့ရတဲ့
အခက်အခဲတွေ ကို ပြောပြပါတယ်။

သာမန် စုံတွဲတွေလိုပဲ သူတို့နှစ်ဦးဟာ အားလပ်တဲ့ ညနေခင်းတွေမှာ ရုပ်ရှင် အတူတူကြည့်ရင်း
ဒါမှ မဟုတ်လည်း အင်းလျားကန်ဘောင် မှာ လမ်းလျှောက်ရင်းနဲ့ ဖြတ်သန်းကြသလို ချက်ပြုတ်
လျှော်ဖွပ် တဲ့ အိမ်မှုကိစ္စတွေကို လည်း နှစ်ယောက် အတူတူ မျှဝေတာဝန်ယူကြပါတယ်။

စိတ်တူ ကိုယ်တူ ဖြတ်သန်းလာခဲ့တဲ့ သူတို့ရဲ့ ချစ်ခရီးလမ်း ၁၀ နှစ်တိုင် မြဲမြံခဲ့တဲ့ အကြောင်းရင်း
ကတော့ တစ်ယောက်ကို တစ်ယောက် နားလည်မှုရှိခြင်းပဲလို့လည်း ကိုတင်ကိုကိုက ပြောပါတယ်။

"၁၀ နှစ်တာ ကာလတွေမှာ ပြဿနာတွေက အများကြီးပဲ။ တစ်ယောက်နဲ့ တစ်ယောက်
စကား များကြ တယ်၊ ရန်ဖြစ်တာတော့ ခဏခဏပါပဲ။ ကျွန်တော်က စိတ်ဆတ်တော့ တစ်ခုခုဆို
အမြန်ပြောဆို လိုက်မိတတ်တော့ သူပဲ အများဆုံးခံရပါတယ်။ 


အတူတူ နေတာကြာလာတာနဲ့အမျှ
သူဘာကြိုက်လဲ၊ ဘာမကြိုက်ဘူးလဲဆိုတာတွေကို သိလာတော့ သူ မကြိုက်တာမျိုးဆို မလုပ်မိဖို့
ရှောင်ရင်းနဲ့ ပြဿနာ အခက်အခဲဆိုတာ တဖြည်းဖြည်းနည်းလာတယ်။ အတူနေတာကြာလာတော့
တစ်ယောက် အကြိုက်ကို တစ်ယောက် နားလည် လာသလို ညှိယူနေထိုင်ခဲ့လို့ အခု ထိမြဲမြံခဲ့တာပါ"
လို့လည်း သူတို့ကြားက နားလည်မှုတည် ဆောက်ပုံကို ပြောပြပါတယ်။

ကိုမျိုးမင်းထက် က သူတို့လည်း သာမန်စုံတွဲ တွေလိုပဲ သားသမီးတွေ အများကြီးနဲ့ နေချင်တယ်
လို့ဆိုပြီး နှစ်ဦး အတူတူ စနေကတည်းက ကလေး မွေးစားဖို့ အကြောင်း တိုင်ပင်ခဲ့ကြတယ်လို့ဆိုပါ
တယ်။

"သူ(ကိုတင်ကိုကို) ကတော့ ယောက်ျားလေး လိုချင်တယ်။ ကျွန်တော်ကတော့ မိန်းကလေးပဲ
ဖြစ်ဖြစ်၊ ယောက်ျားလေးပဲ ဖြစ်ဖြစ် နှစ်ယောက်စလုံးကို ချစ်တယ်"လို့ ပြောပါတယ်။

ကိုတင်ကိုကိုနဲ့ ကိုမျိုးမင်းထက်တို့ လို ရဲဝံ့ပြတ်သားတဲ့ စိတ်ဓာတ်နဲ့ ပတ်ဝန်းကျင် မိဘ မောင်ဖွား
တွေရဲ့ ဘောင်ခတ် ကန့်သတ်ထားတဲ့ အနှောင်အဖွဲ့ကနေ ရုန်းထွက်နိုင်ခဲ့တဲ့ စုံတွဲတွေ ရှိသလို မိဘနဲ့
ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုအောက်မှာ ကိုယ့်ဆန္ဒကို ထုတ်ဖော်ခွင့်မရကြတဲ့ ဂေးတွေလည်း
အများ အပြားရှိနေမှာ သေချာပါတယ်။

"မိဘတွေက သားသမီးတွေနေချင် တဲ့ ပုံစံကို လွတ်လပ်စွာ နေခွင့်မပေးကြဘူး။ မိဘတွေရဲ့ စီမံ
ကွပ် ကဲမှုအတိုင်း နေရမယ်ဆိုတဲ့ ရှေးရိုးစွဲ အယူအဆမျိုးကို ဟိုးငယ်ငယ် ကတည်းက လက်ခံ
ကျင့်သုံး လာကြတယ်။ မိဘတွေက ကိုယ့်ရဲ့ သားသမီးတွေပဲဆိုပြီး လွတ်လပ်မှုကို ဘောင်ခတ်ခဲ့
သလို အခုလက်ရှိ အချိန်အထိ ကျွန်တော်တို့နဲ့ ပတ်သက်တဲ့ မိတ်ဆွေ အပေါင်းအသင်းတွေရဲ့
မိဘတွေက အဲဒီ အတိုင်းတွေချည်းပဲ။ ငါ့သားသမီးတွေ က ငါတို့စီစဉ်တဲ့အတိုင်း လုပ်ရမယ်၊ နေရမယ်
ဆိုတဲ့ ပုံစံမျိုးနဲ့ ထားထားတယ်"လို့ ကိုတင်ကိုကိုက ပြောပါတယ်။

"တချို့ မိန်းမဆန်ဆန် ၀တ်စားနေထိုင်တဲ့ အခြောက် မလေးတွေဆို အသက်ကြီးလာတဲ့အခါမှာ
အိမ်က လူကြီးတွေက မိန်းမ အတင်းပေးစားတာ၊ မယူချင် ယူချင်အောင် တွန်းအားပေးတာမျိုး
ရှိတယ်။ တချို့ဆိုယူလိုက်ပြီးမှ နောက်ဆက်တွဲ ပြဿနာတွေဖြစ်လာတယ်။ အိမ်က အတင်းပေးစား လို့ ယူလိုက်ရပေမယ့် သူ့ရဲ့ သူငယ်ချင်း အပေါင်းအဖော်တွေ အိမ်ကိုခေါ်လာပြီးတော့နေတယ်။


 နောက်တစ်ခုက အိမ်မှာ မနေဘဲ အပြင်မှာနေတာများ လာတဲ့အခါ လင်မယားနှစ်ယောက်
ကြား မှာ အိမ်ထောင်ရေး ပဋိပက္ခတွေ ဖြစ်လာတယ်။ အဲဒါဟာ သူကိုယ်တိုင်တင် မကဘဲ သူ့ဇနီး
မှာပါ စိတ်ဒဏ်ရာရလာတဲ့ အထိ ဖြစ်စေတယ်။ ဒါကြောင့် မိဘတွေက ကိုယ့်သားသမီးရဲ့ နေထိုင်မှု
ပုံစံကို ပြောင်းလဲဖို့ မကြိုးစားဘဲ သားသမီးရဲ့ဖြစ်တည်မှုကို လက်ခံ နိုင်အောင် ကြိုးစားရမယ်။ သူ့ရဲ့
ခံယူချက် အပေါ်မှာလည်း လွတ်လပ်မှုပေးသင့်တယ်"လို့လည်း သူ့အမြင်ကို ဆိုပါတယ်။

ကန့်သတ် ချုပ်ချယ်မှုကြောင့် ကိုယ့်ကိုယ် ကိုယ် ဂေးတစ်ယောက် အဖြစ် ပွင့်ပွင့်လင်းလင်း ဖွင့်ဟ
နေထိုင် ခွင့်မရတဲ့ လူတချို့ဟာ အိမ်နဲ့ ဝေးရာကို ရောက်သွားပြီး ကြုံရာ အလုပ်လုပ်ကိုင်စားသောက်
ရတဲ့ ဘ၀မျိုးထိ ဖြစ်သွားကြတာမျိုးတွေ လည်း ရှိတယ်လို့ ကိုတင်ကိုကိုက ပြောပါသေးတယ်။

"အိမ်မှာ အတင်းအကျပ် ချုပ်တည်းနေရလွန်းတော့ အပြင်ရောက်တော့ မဖြစ်သင့်တာတွေ ဖြစ်သွား
တာမျိုး ရှိတယ်။ ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင်လည်း ကူးစက်ရောဂါတွေရလာတဲ့အထိ
ဖြစ်တယ်"လို့ ဆိုပါတယ်။

"ကိုယ့်ကိုယ် ကိုယ် ရုန်းမထွက်နိုင်သေးသ၍တော့ အဲဒါတွေ ရှိနေဦးမှာပါပဲ။ ရုန်းထွက်နိုင်ရင်တော့
ပြီးပြီပေါ့။ သူတို့မှာ ရုန်းထွက်ရဲတဲ့ သတ္တိနဲ့ တစ်ကိုယ်ရေ စားဝတ်နေရေးအတွက် ဖြေရှင်းနိုင်တဲ့
အလုပ်တစ်ခု လည်း ရှိမယ်ဆိုရင်တော့ ကိုယ့်ဘ၀ရှင်သန်ရပ်တည်ဖို့အတွက် လုံခြုံစိတ်ချရပြီ"လို့
ကိုတင်ကိုကို ကဆိုပါတယ်။

မနက်ခင်းနေရောင်ခြည်ဟာ စတင်ပြင်းစ ပြုလာပါပြီ။ အိမ်ငယ်လေးရဲ့ အပြင်ဘက်မှာ ချထားတဲ့
ရေတိုင်ကီထဲ ကို ရေဖြည့်ပြီးသွားတဲ့ နောက်မှာ မနက်ခင်းဝေယျာ ၀စ္စတွေ လုပ်ကိုင်ခြင်း ပြီးဆုံး
သွားတဲ့ ကိုတင်ကိုကို ဟာ သူ့ရဲ့ လက်ကိုင်အိတ်ကို ဆွဲပြီး သူချစ်တဲ့ ကိုမျိုးမင်းထက် နဲ့ အတူတူ
ခြံတစ်ခါး ကို ပိတ်ပြီး လုပ်ငန်းခွင်ဆီ ထွက်လာပါတော့တယ်။

ကောင်းကင်ထက် က နေမင်းကြီးကတော့ သူ့ရင်ခွင်အောက် ရောက်လာတဲ့ လူသားတိုင်းကို
ညီတူ ညီမျှ အလင်းရောင်ပေးနေတာပဲ ဖြစ်ပါတယ်။

ဇွန်ပန်းပွင့်

မြန်မာတိုင်း(မ်)



No comments:

Post a Comment