*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 16 December 2013

တက္ကသိုလ် ကျောင်းသားထုကို စီးပွားဖြစ် လုပ်ကိုင်လာသည့် နေ့ပါတီပွဲများ

 
 
  Sexy Dance ပြိုင်ပွဲတွင် တက်ရောက်လာသည့် မည်သည့် မိန်းကလေးမဆို ယှဉ်ပြိုင်နိုင်ပြီး မိန်းမလျာများပင် ပါဝင်ယှဉ်ပြိုင်ကြသည် . . . ဆုကြေးအဖြစ် တစ်သိန်း သတ်မှတ်ထားပြီး တစ်ချို့မိန်းကလေးများသည် Sexy ပိုကျစေရန် ရည်ရွယ်၍လား မသိပေ . . .အင်္ကျီများပင် ချွတ်၍ကကြသည်

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

ရန်ကုန်မြို့တွင် နေ့ကလပ်များ ပိတ်သိမ်းပြီးနောက် တက္ကသိုလ်ေ ကျာင်းသား၊ ကျောင်းသူများကို ပစ်မှတ်ထား ကာ နေ့ပါတီပွဲများ အား စီးပွားရေးအသွင် ဖန်တီးထားခြင်းသည် လူငယ်များ၏ လွတ်လပ်မှု စိတ်အခြေခံကို အစွန်းရောက်နိုင်သည်ဟု လူမှုနယ် ပယ် အဖွဲ့အစည်းမှ ကျွမ်းကျင်ပညာရှင် တချို့က ဝေဖန်လျက် ရှိသည်။


ဖွင့်ထားသည့် တစ်ချပ်တည်းသော တံခါးဝင်ပေါက်ဝတွင် လုံခြုံရေးနှစ်ယောက်ရှိသည်။ လက်မှတ် ၀ယ်သူများနှင့် အရက်ပုလင်း ဖောက်သူများကို အလှည့်ကျ လက်တစ်ဖက်စီတွင် သင်္ကေတ တံဆိပ်တုံး ရိုက်ပေးပြီး လက်နက်ပစ္စည်းပါ မပါ စစ်ဆေးလျက် ရှိသည်။ စစ်ဆေးမှုကို ကျော်ဖြတ်ပြီးသည်နှင့် တစ်ပြိုင်နက် အလင်းရောင်မှ ညအမှောင်နီးပါး ဆလိုက် မီးရောင်စုံသို့ ရောက်ရှိခဲ့သည်။ …

လက်မှတ် အရောင်းကောင်တာနှင့် တစ်ဆက်တည်း အရက်ပုလင်းမျိုးစုံ၊ ဘီယာမျိုးစုံခင်း ကျင်းပြသထားသည့် အရက်အရောင်းဆိုင် ကောင်တာကို မြင်တွေ့ရသည်။ ကောင်တာနှင့် ကပ်လျက်တွင် DJ ထားရှိပြီး အဆိုပါ အရက်ကောင်တာနှင့် DJ ကောင်တာတို့၏ မျက်နှာချင်းဆိုင် ခန်းမကျယ်ကြီးတွင် မှေးမှိန်လှသည့် မီးရောင်စုံ များကြား အရောင်အသွေးစုံ လူငယ်များက ခုန်နေကြသည်။

ခန်းမ၏ ဘေးနှစ်ဖက် နံရံများတွင် ခင်းကျင်းထားသည့် VIP စားပွဲဝိုင်းများတွင်လည်း လူအပြည့် ဖြစ်နေသည်မှာ ပေ ၄၀ x ပေ ၆၀ ရှိ ခန်းမတွင် လူဦးရေ ၇၀ ထက်မနည်း ရှိနေသည့်အတွက် အံ့သြစရာ မကောင်းလှပေ။

လူငယ်များကို ကြည့်ရသည်မှာ စိတ်လွတ် ကိုယ်လွတ် ပျော်ပါးလျက်ရှိသည်။ တချို့က ခန်းမလယ်တွင် လူပေါင်းစုံစု၍ ကခုန်ကြသည်။ တချို့က ကိုယ့်အုပ်စု၊ ကိုယ့်အဖွဲ့ဖြင့်သာ ၀ိုင်းဖွဲ့ကကြသည်။ ယောက်ျားလေး အများစုသည် အသက် ၁၈ နှစ်မှ ၂၃ ကြား လူငယ်များဖြစ်ပြီး ခေတ်ပေါ် အ၀တ်အစား ဒီဇိုင်းမျိုးစုံကို ၀တ်ဆင် ထားကြသည်။ ဂိတ်ဝတွင် မှတ်ပုံတင် စစ်ဆေးခြင်း မရှိသည့်အတွက် အသက် ၁၈ နှစ် မပြည့်သူများကိုလည်း တွေ့ရသည်။

မိန်းကလေး အများစုသည် အသက် ၂၂ အောက် လူငယ်များဖြစ်ပြီး အပေါ်မလုံ၊ အောက်မလုံ ခေတ်ပေါ် အ၀တ်အစားများ၊ ၀တ်ဆင်၍ ယောက်ျားလေးများနှင့် ရင်ပေါင်တန်းကာ အရက်ဘီယာများကို မှာယူ သောက်စားလျက် ရှိသည်။ တချို့မြင်ကွင်းများသည် လူငယ်များနှင့် မလိုက်ဖက်အောင်ပင် တွဲ၍မြင်နေရသည်။

ခေတ်မီလွန်းသည့် လူငယ်များကို အပြစ်တင်ရမလား။ တိုးတက်လွန်းသည့် ခေတ်စနစ်များ ပြောင်းလဲပုံကို အပြစ်တင်ရမလား၊ အနောက်ယဉ်ကျေးမှု ထိုးဖောက်လာသည်ကို အသိအမှတ်ပြုရမလား ဝေခွဲမရတော့ပေ။

တက္ကသိုလ်ပေါင်းစုံမှ လာရောက်ကြသည့် လူငယ်များသည် အ၀တ်အစားများ လဲလှယ်ဝတ်ဆင် ထားဟန် တူသည်။ တချို့ အချိန်လွန်နေ၍လား မသိပေ။ နေ့ကလပ်တွင်းရှိ အိမ်သာ၌ပင် ကျောင်းဝတ်စုံများ ပြန်လည် ၀တ်ဆင်၍ ထွက်ခွာသွားကြသည်။ ထူးခြားသည်မှာ လာရောက်သည့် လူငယ်အများစုသည် နည်းပညာ တက္ကသိုလ်များမှပင် ဖြစ်သည်။

အစိုးရ၏ စီမံချက်ဖြင့် ၂၀၁၃ ခုနှစ်အတွင်း နေ့ကလပ်များ ပိတ်သိမ်းခဲ့ရာ Sky way, Generation X, ဆန်ဖရန်စစ်စကို၊ ပုလဲကွန်ဒိုမှ ယူကလစ်ဘား၊ ရွှေတောင်ကြားမှ BMW, ရန်ကုန်အင်တာနေရှင်နယ်မှ ဖလန်မင်ဂိုးဘား အစရှိသည့်  နေ့ကလပ်များ ပိတ်သိမ်းခဲ့ပြီး တချို့ နေ့ကလပ်များမှ ညကလပ်အဖြစ် ပြန်လည် ဖွင့်လှစ်လျက် ရှိသည်။

တချို့နေ့ကလပ် ဖွင့်လှစ်ခဲ့သည့် နေရာများနှင့် ဟိုတယ် အခန်းတချို့တွင် စီးပွားရေးလုပ်ငန်း တစ်ခုကဲ့သို့ နေ့ပါတီများကို ဖန်တီးခဲ့ကြသည်။ ပွဲစီစဉ်သူများသည် အသက် ၂၃ နှစ်အောက် ကျောင်းသားများသာ ဖြစ်ပြီး သက်ဆိုင်ရာ ကျောင်းသားများမှတစ်ဆင့် လက်မှတ်ရောင်းချမှု ပြုလုပ်၍ နေ့ပါတီများကို စီးပွားရေးအဖြစ်  လုပ်ကိုင်လာကြသည်။ နေ့ကလပ်နှင့် နေ့ပါတီ၏ ကွာခြားချက်သည် နေ့ပါတီသည် လက်မှတ်ကြိုတင် ရောင်းစနစ်ဖြစ်ပြီး ကောင်တာ၌လည်း ကျန်ရှိပါက ထပ်မံ ၀ယ်ယူနိုင်သည်။ ကျောင်းသားများသည် ကိုယ်စား ရောင်းချနိုင်ပြီး လက်မှတ် အရေအတွက်အလိုက် ကော်မရှင်ခရသည်။

နေ့ပါတီ စီစဉ်သူများသည် တစ်ဦးနှင့်တစ်ဦး မတူညီကြသဖြင့် တချို့ ပွဲစီစဉ်သူများသည် ပါတီတွင်း  Sexy Dance ပြိုင်ပွဲများကို ဆုပေးစနစ်များဖြင့် ထည့်သွင်းလေ့ ရှိသည်။

အဆိုပါ Sexy Dance ပြိုင်ပွဲတွင် တက်ရောက်လာသည့် မည်သည့် မိန်းကလေးမဆို ယှဉ်ပြိုင်နိုင်ပြီး မိန်းမလျာများပင် ပါဝင်ယှဉ်ပြိုင်ကြသည်။ ဆုကြေးအဖြစ် တစ်သိန်း သတ်မှတ်ထားပြီး တချို့ မိန်းကလေး များသည် sexy ပိုကျစေရန် ရည်ရွယ်၍လား မသိပေ။ အင်္ကျီများပင် ချွတ်၍ ကကြသည်။

နေရာ အနေအထားအလိုက် အခန်းတွင်း ပြင်ဆင်မှုမှလွဲ၍ ကျန်အချက်များ အားလုံးသည် နေ့ကလပ် နည်းအတိုင်း ဖြစ်သည်။ နေ့ပါတီသည် အချိန်ကန့်သတ်ချက်ဖြင့်သာ ကျင်းပခြင်း ဖြစ်သည်။ ယခု ၂၀၁၃ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာလ အတွင်းမှစ၍ နေ့ပါတီ ပြုလုပ်မှုများကို ဟိုတယ်များက ငှားရမ်းမှု ရပ်ဆိုင်းလိုက်ပြီး နေ့ပါတီပွဲများ ကျင်းပမှု မရှိသလောက် ရှားသွားသည်။ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများကို ပစ်မှတ်ထား ပြုလုပ်သည့်အတွက် နိုင်ငံတော် အစိုးရက လိုက်လံဖမ်းဆီးလျက် ရှိသော်လည်း နားလည်မှုဖြင့် လုပ်ကိုင်နေသူများ ရှိနေဆဲပင် ဖြစ်သည်။

အနောက်တိုင်း ယဉ်ကျေးမှုကို ပုံဖော်ထားသည့် ညကလပ်များသည် ယခင်စစ်အစိုးရ လက်ထက်မှ စတင်ကာ ပိုမို အသက်ဝင်လာခဲ့ပြီး ခိုက်ရန်ဖြစ်ပွားမှု၊ လူသတ်မှုများ၊ မကြာခဏ ဖြစ်ပွားခဲ့သဖြင့် ၎င်းညကလပ်များမှ အချို့ကို ပိတ်သိမ်းခဲ့သည်။

ယခင် ညကလပ်များ ၁၀ ခု အရေအတွက်အောက်မှ ယခုလက်ချိုး မရနိုင်အောင် မြို့နယ်အလိုက်နီးပါး ဖွင့်လှစ်လျက် ရှိသည်။ ထိုမှ ညဘက် မသွားနိုင်သူ လူငယ်တချို့က နေ့ပါတီအဖြစ် ဖန်တီးကာ ခန်းမ ငှားရမ်းမှုများ ပြုလုပ်ခဲ့သည်မှစ၍ နေ့ကလပ်များ ပေါ်တင်စွာ ဖွင့်လှစ်ခဲ့ကြသည်။ Sky way, Generation X, ဆန်ဖရန်စစ်စကို စသည့်နေ့က လပ်များသည် ထင်ရှားသည့် နေ့ကလပ်များဖြစ်ပြီး ၎င်းနေ့ကလပ်များကို ပိတ်သိမ်းပြီး နောက်နေ့ပါတီပွဲများကို ဟိုတယ်ခန်းများ ငှား၍ ပြုလုပ်သည့်အပြင် နားလည်မှုဖြင့် အိမ်ခန်းငှား၍ ပြုလုပ်ခြင်းများလည်း ရှိသည်။။

ထိုကဲ့သို့ နေ့ပါတီ အသွင်ပြောင်းကာ ဆက်လက် ပြုလုပ်နေခြင်းသည် ကျောင်းနေအရွယ် လူငယ်များ၏ အနာဂတ်ကို မှေးမှိန်လာနိုင်သည်။ လူငယ်အများစုသည် ပျော်ချင်ပါးချင်သည့် စိတ်အခြေခံဖြင့် လွတ်လပ်မှုကို မြတ်နိုးကြသည်။ လွတ်လပ်မှု အစွန်းမရောက်စေရန် မိဘဆရာများက ၀ိုင်းဝန်းထိန်းသိမ်း ကြသော်လည်း ကျောင်းဖွင့်ချိန် တက္ကသိုလ် ကျောင်းသား ကျောင်းသူများကို ပစ်မှတ်ထား ဖွင့်လှစ်ခြင်းသည် နောက်ကွယ်မှ မိသားစုများ၏ ဘ၀ကို ထည့်သွင်း စဉ်းစားရပေမည်။

လူငယ်များသည် လွတ်လပ်မှုကို အစွမ်းကုန် လိုချင်မှုရှိသော်လည်း ထိန်းချုပ်တတ်ရန် ပဲ့ကိုင်ရမည်။ ထိုသို့ပဲ့ကိုင်မှု မရှိသူများကို နေ့ပါတီပွဲများက စွဲမက်စရာတစ်ခု ဖြစ်လာစေရန် ပတ်ဝန်းကျင်က တွန်းပို့ တတ်သည်။ ပါတီပွဲ၏ နောက်ကွယ် ပွဲတက်သူ လူငယ်များ၏ ကျောင်းမုန့်ဖိုးများ၊ မုန့်ဖိုးပေးသူမိဘများ၊ အုပ်ထိန်းသူများ၊ လူငယ်များ၏ စူးစမ်း လိုစိတ်များသည် ပွဲစီစဉ်သူ စီးပွားရေးသမားများ၏ အကျိုးအတွက်သာ အသုံးပြုရပေလိမ့်မည်။ မည်သူမျှ အကျိုးမရှိသည့် လုပ်ရပ်ဖြစ်သော်လည်း လူငယ်များ၏ စိတ်ထွက်ပေါက်တစ်ခု ဖြစ်နေခြင်းသည် အနာဂတ်အတွက် ရင်လေးစရာပင် ဖြစ်နေသည်။

အဆိုပါ နေ့ကလပ်များသည် ညကလပ် မသွားနိုင်သည့် ကျောင်းသား လူငယ်ထုကို ရည်ရွယ်ကာ ဖွင့်လှစ်ခဲ့သဖြင့် အစိုးရမှ စီမံချက်ချကာ ဖမ်းဆီးပိတ်သိမ်းခဲ့သည်။

၂၀၁၃ ခုနှစ်အတွင်း ပုလဲကွန်ဒိုရှိ ဖွင့်လှစ်ထားသော နေ့ကလပ်များ ဖမ်းဆီးခဲ့ရာ နာမည်ကြီး Sky Way နှင့် နေ့ကလပ်သုံးခု ပိတ်သိမ်းခဲ့ရသည်။ ယင်းကဲ့သို့ ဖမ်းဆီးမှုကြောင့် တာမွေပလာဇာ အောက်ထပ်ရှိ ဆန်ဖရန်စစ်စကို နေ့ကလပ်ကို ပိတ်ကာ ညကလပ်အဖြစ် ပြန်လည် ဖွင့်လှစ်ထားသည်။ ယင်းကလပ်သည် ရန်ကုန်မြို့တော် စည်ပင်သာယာပိုင် အဆောက်အအုံ ခန်းမတွင် ဖွင့်လှစ်ထားခြင်းဖြစ်သည်။

နေ့ကလပ်များ ဖမ်းဆီးခံရပြီးနောက် ရန်ကုန်တစ်မြို့လုံးရှိ နေ့ကလပ်များ ပျောက်ကွယ်သွားပြီး အလွှာပေါင်းစုံ၊ အရွယ်ပေါင်းစုံ၊ ပျော်ပါးသည့် ညကလပ်များတွင်ပါ ကျောင်းနေအရွယ် လူငယ်များ နည်းပါးသွားခဲ့သည်။

ထို့နောက် ကျောင်းသား လူငယ်များ၏ ပျော်ပါးချင်စိတ်ကို အသုံးချကာ နေ့ပါတီများအသွင် ဖန်တီး၍ ပွဲစီစဉ်သူများက လက်မှတ်များဖြင့် နီးစပ်ရာလူမှ အဆင့်ဆင့် ရောင်းချကာ ပြုလုပ်ခဲ့ကြသည်။ နေ့ပါတီ ပွဲများသည် ကျောင်းသားများသာ ဦးဆောင်၍ စီစဉ်ကြပြီး ကျောင်းသားများနှင့် နီးစပ်ရာလူငယ်များသာ တက်ရောက်ကြခြင်း ဖြစ်သည်။

နေ့ပါတီ ပြုလုပ်မှုများသည် ယခင်က သက်ဆိုင်ရာ မြို့နယ်အလိုက် ခွင့်ပြုမိန့် ရယူပြီးမှသာလျှင် ပြုလုပ်ကြခြင်း ဖြစ်ပြီး ယခုမွေးနေ့ ပါတီစသည်ဖြင့် အမည်ခံကာ ခန်းမများ ငှားရမ်း ပြုလုပ်ကြသည်။

ကျော်ထူးစံ (ဒဂုံတက္ကသိုလ် ကျောင်းသား)

ကျွန်တော်တို့ သူငယ်ချင်းတွေ စုပြီးသွားကြတာပေါ့။ အရင်ပုလဲ ကွန်ဒိုက ယူကလစ်ဘား နေ့ကလပ်ကို သွားဖူးတယ်။ မှတ်ပုံတင် မစစ်ဘူး။ လက်နက်ပါမပါ လက်မှတ်ဝယ် မ၀ယ်စစ်တယ်။ ပြီးတော့ သူတို့ သင်္ကေတ တံဆိပ်တုံးရိုက်တယ်။ ၀င်ကြေးက ၄၀၀၀၊ ၆၀၀၀ ပေးရတယ်။ အရက်ပုလင်းဖောက် ၀င်ရင် ၇၀၀၀၀ ကနေ ၈၀၀၀၀ ထိ ရှိတယ်။ ဒါပေမဲ့ အဲဒါလူ ၅ ယောက်ပဲရတယ်။ တစ်ခုနဲ့တစ်ခုက မတူကြဘူး။ အခု နေ့ကလပ်တွေ မရှိတော့ ခန်းမရှာပြီး ပါတီလုပ်ကြတယ်။ ပါတီလုပ်တာ များတဲ့နေရာတွေက ရန်ကုန် အင်တာနေရှင်နယ်က ဖလန်မင်းဂိုးဘား၊ ဟိုတယ်ရန်ကုန်၊ ဟိုတယ်ရွှေဂုံတိုင်၊ ရွှေတောင်ကြားက BMW တို့မှာ လုပ်ကြတာများတယ်။ ကျွန်တော်တို့က စိတ်အပန်းဖြေကြတာပါ။ အရမ်းစိတ်ညစ် နေတဲ့အချိန် အရမ်း စိတ်ပေါ့ပါးတယ်။ အများစုက ကကြတာပါပဲ။ အရက်ထိုင်သောက်နေတာ မရှိပါဘူး။ အခု ပါတီပွဲစီစဉ်တဲ့ သူတွေက သူတို့နီးစပ်သူက တစ်ဆင့် လက်မှတ် ရောင်းကြတာပါ။ နေ့ကလပ်လိုမျိုးတော့ မရှိတော့ပါဘူး။

ကိုသော်သော် (ပွဲစီစဉ်သူ)

Day Club  တွေက အမျိုးမျိုးရှိတယ်။ အပြတ်ငှားတာများတယ်။ နာရီနဲ့တော့ မငှားကြဘူး။ ဥပမာ ၁၂ နာရီကနေ ၆နာရီအထိ ၁၀ သိန်း ပေးရတယ်။ ခန်းမငှားခချည်းပဲ ၁၁သိန်းပေးရတယ်။ တချို့ကလပ်တွေက ဒီဂျေသမားတွေ ပါပါတယ်။ မတူဘူးပေါ့။ ဈေးနှုန်းလည်း မတူဘူး။ အမျိုးမျိုးရှိတယ်။ တက္ကသိုလ် ကျောင်းသား တွေ၊ စတိတ်ကျောင်းသား တွေရယ်လို့ မဟုတ်ဘူး။ ၁၈နှစ်အောက်တွေ ၊ စတိတ် ကျောင်းသားတွေ လုံးဝပေး မ၀င်ဘူး ဆိုတာတော့ ပါတီတိုင်းမှာ လက်စွဲဆောင်ပုဒ် ရှိပါတယ်။ အရင်တုန်းက ပါတီလုပ်တုန်းက ပါမစ်မလိုဘဲ နားလည်မှုနဲ့ လုပ်တာတွေရှိတယ်။ ၁၈နှစ်အောက် လာရင် လုံးဝပေးမ၀င်ဘူး။ သေသေချာချာတော့  မှတ်ပုံတင်ထုတ် ဆိုပြီး လိုက်စစ်ဆေးလို့တော့ မရဘူး။ ပုံစံက ခပ်ငယ်ငယ်ဆိုရင် ပေးမ၀င်ဘူး။ လူငယ်တွေ မသောက်မစားဘဲ holiday မှာ အပန်းဖြေသလိုမျိုး ပျော်ပျော်ပါးပါး ကဲကြတာပါ။ Day Club တွေက Night Club တွေနဲ့ မတူဘူး။ လူငယ်တွေ လာတာများတယ်။ Night Club ကတော့ ကျောင်းပြီးတဲ့သူတွေ အလုပ်လုပ် နေတဲ့သူတွေ၊ အလွှာပေါင်းစုံလာတာ။ Day Club က လုံးဝသီးသန့် အရက်သမားလည်း မလာဘူး။ ဆေးသမားလည်း မလာဘူး။ အဲလိုမျိုး ကွာခြားတာပေါ့။ အကုန်လုံး ခုန်ပေါက်ကကြပြီး ပျော်ပါး ရန်ဖြစ်တာတွေ မရှိပါဘူး။

ကိုဇင် (ပွဲစီစဉ်သူ)

အရင်လုပ်တုန်းက ပါမစ် လျှောက်ရတယ်။ ကိုယ့်လုပ်မယ့် မြို့နယ်မှာ ပါမစ်လုပ်ရတယ်။ ဥပမာ ရန်ကင်းမှာ လုပ်မယ်ဆိုရင် ရန်ကင်းမြို့နယ်ရုံးမှာ ပါမစ်ယူရတယ်။ အနည်းဆုံး ဆွဲခြင်း တစ်ခြင်းတော့ ပေးရတယ်။ အခန်းငှားခက အနည်းဆုံး ၈သိန်း၊ ၁၀သိန်း၊ ရပ်ကွက်ရုံး၊ ရဲစခန်းအဆင့်ဆင့် သွားရတယ်။ အထက်တန်း ကျောင်းသား အရွယ်မပါဘူး။ တက္ကသိုလ် ကျောင်းသားနဲ့ တခြား လူတွေ လာတယ်။ ပန်းဖလက်ဝေတယ်။ သူငယ်ချင်းတွေက လက်မှတ်ရောင်းပေးတယ်။ ၁၈ နှစ်အောက် မသောက်ရဆိုရင် ၁၈ နှစ်အောက် တွေလာတယ်။ မူးတယ် သောင်းကျန်းတယ်။ လူအများနဲ့ဆိုတော့ တားလို့မရဘူး။ အခုနောက်ပိုင်းတော့ Day Club တွေ လုပ်လို့ မရတော့ဘူး။

ကိုမိုးစက်အောင် (တက္ကသိုလ် ကျောင်းသား)

Day Club တွေကို ကျွန်တော်တို့က သူငယ်ချင်းတွေကမှ ညထွက်လို့မရတဲ့ သူငယ်ချင်းတွေ ရှိတဲ့ အခါကျတော့ သူငယ်ချင်းတွေကို နေ့ခင်းမှာ အကုန်လုံးစုပြီး ချိန်းပြီးတော့ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး လွတ်လွတ်လပ်လပ် သောင်းကျန်းလို့ရတဲ့ နေရာတစ်ခုပေါ့။ အဲလိုနေရာတစ်ခု သတ်မှတ်ပြီးသွားတာ ရှိသလို တစ်ခါတလေကျရင်တော့ ကောင်မလေးရှာချင်လို့ သွားတာရှိတယ်။ ဒါမှမဟုတ် သူငယ်ချင်းတွေ ခေါ်လို့ သွားတာရှိတယ်။ အဓိကကတော့ သွားက တာပေါ့။ ကဲချင်တာပေါ့။

ကိုမင်းမင်း (တက္ကသိုလ်ကျောင်းသား)

သူငယ်ချင်းတွေရှိလို့၊ သူငယ်ချင်းတွေ ခေါ်လို့တက်တာပါ။ ကောင်မလေးတွေ ရမလားဆိုပြီး တက်တာပါ။ အဓိကကတော့ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ကချင်လို့ သွားတာပါ။ ကျွန်တော်တို့ကတော့ မသောက် မစားဘဲ အေးအေးဆေးဆေး ကချင်လို့တက်တာပါ။ ရန်ဖြစ်တာတော့ မရှိပါဘူး။ စိတ်မွန်းကျပ်မှုတွေ ရှိတဲ့ အခါကျတော့ လူငယ်တွေ ဆိုတော့ ဒေးကလပ် သွားပြီး ကောင်းကောင်း ကဲလိုက်တာပေါ့။

ဝတ်ရည်နွေးနွေး
Myanmartandawsint Newspaper
 
 

No comments:

Post a Comment