အမေရိကန်သမ္မတ အီဗရာဟင် လင်ကွန်း (Photo:www.thetrumpet.com)
တစ်နေ့က ကျွန်တော့် ကို သားဖြစ်သူ က မေးခွန်း တစ်ခုမေးသည်။ “အဖေသာ.. သမ္မတဖြစ်ရင် ဘာကို အရင် စလုပ် မှာလဲ” .. ဟူသတတ်။
အတော်ခေါင်းစား ရသော မေးခွန်းဖြစ်သည်။ သည်အထဲ မှာ အခက်ဆုံးက ကျွန် တော် သမ္မတ ဖြစ်ခဲ့လျှင် ဟူသော အပိုင်း ဖြစ်သည်။ လက်ရှိ မှာ ကျွန်တော်က ပြည်သူ ထဲက ပြည်သူတစ်ယောက်၊ ဖွဲ့စည်းပုံ အခြေ ခံ ဥပဒေပါ အချက် အလက်များနှင့် ထည့်သွင်း တွက်ချက် လျှင် ဖြစ်နိုင်ခြေ ငါးဆယ်ရာခိုင်နှုန်း ပင် မရှိ သည်တော့ သမ္မတဖြစ်ဖို့ အရေးကို ယောင်လို့ မျှပင် မတွေးခဲ့ဘူး။
ခုတော့ သားကမေးနေပြီ၊ သူ့အရွယ် က ကလေးမကျ လူကြီး မဖြစ်တဖြစ် အရွယ်။ အရာရာကို စဉ်း စားတွေးခေါ် ပြီး၊ လက်ရှိ သူ လေ့လာဆည်းပူး ထားသလောက် အတိုင်းအတာနှင့် သူ့ဘ၀ဖွံ့ဖြိုး တိုးတက် မှု ကို တည်ဆောက်နေသော အချိန်၊ ကျွန်တော်ဖြစ် သလို အလွယ် အလွတ်ပြော၍ မဖြစ်နိုင်။ ကျွန်တော့် အယူအဆ နှင့် သူ့ အယူအဆ တစ်ထပ်တည်း မကျ လျှင်တောင်မှ ဘာကြောင့်ဟု သဘာဝ ကျကျပြောပြနိုင်ဖို့ ဆိုလိုသည်။
ဒါက ဒီကနေ့ ကျွန်တော့်သား အရွယ် လူငယ်တွေ ကို ဆက်ဆံ ရာ တွင် ကျွန်တော် သတိထား ဆက်ဆံနေ သည့် အနေ အထားဖြစ်သည်။ ထားတော့ သားဖြစ်သူ မေးသည့် ခဏပင် ကျွန်တော့် ကိုယ်ကျွန်တော် သမ္မတ တစ်ယောက် အနေဖြင့် အလျင်ဆုံး ၀င်စား လိုက်ရသည်မှာ ကတော့ အမှန်။ ဒါဖြင့် ဘယ် သမ္မတနေ ရာ က ၀င်စားလိုက် သည် ထင်ပါသနည်း။
ဟုတ်ကဲ့၊ ရှက်ရှက်နှင့် ၀န်ခံ လိုက်ရလျှင် မြန်မာသမ္မတ အနေနှင့် မဟုတ်ဘဲ။ အမေရိကန် သမ္မတ အီဗရာဟင် လင်ကွန်း အနေဖြင့် ၀င်စား လိုက်မိခြင်းဖြစ်သည်။ ဒါကလည်း ကျွန်တော် စိတ်ကြီးဝင်၍ မဟုတ်ပါ။ မှန်တာပြောရလျှင် မြန်မာ သမ္မတတွေ အကြောင်း ကျွန်တော်ဘာမျှ ဟုတ်ဟုတ်ငြားငြား မသိ တာလည်း ပါသည်။
မြန်မာ သမ္မတ တစ်ဦးဦး၏ ကောင်းကြောင်း ဆိုးပြစ်ကို ကျမ်းတစ်စောင် စာတစ်အုပ် လုပ်၍ ရေးထား သည်ကို ကျွန်တော် မဖတ်ခဲ့ဖူး ပါ။ ဗိုလ်ချုပ်ကြီး နေ၀င်းကို ဒေါက်တာမောင်မောင် ကရေးခဲ့သည့် စာအုပ် တစ်အုပ် ရှိသည်ဟု ကြားဖူးသော်လည်း ကျွန်တော် မဖတ်ခဲ့ဖူးပါ။
အမေရိကန်သမ္မတ ကိုရော တဲ့၊ သူအကြောင်းကို ကျွန်တော် ဖတ်ဖူးသည်။ သူ့ဘ၀.. သူကျင်လည် ရုန်းကန် ခဲ့ရသည့် အဖြစ်အပျက် အတော်များများကို အထင်ကြီး အားကျစွာ နှစ်သက် ခဲ့ရဖူးသည်။ ဆိုတော့ ကျွန်တော် သမ္မတဖြစ်ခွင့်ရသော ထို ခဏမှာ ကျွန်တော်သည် အမေရိကန် သမ္မတကြီး အီဗရာဟင် လင်ကွန်း ဖြစ်သွား ခဲ့တာ ဘာမျှ ထူးဆန်းသော ကိစ္စ မဟုတ်တော့ပြီ။
ကျွန်တော် တို့တွေလည်း အဘယ် ကိစ္စကို ပင် စဉ်းစား ဆုံးဖြတ်ကြသည် ဖြစ်စေ အတတ်နိုင် ဆုံး ငါ ဟူသော အတ္တကို ခွာ၍ ကိုယ်ချင်းစာ တရားဖြင့် စဉ်းစားဆုံးဖြတ်ခြင်း သည်သာ အကောင်း ဆုံးနှင့် အမှန်ဆုံး စဉ်းစားဆုံးဖြတ်ခြင်း၊ ဖြစ်နိုင်ကြပေလိမ့်မည်ဟု . . . . .ထိုခဏ၌ ကျွန်တော် သမ္မတဆိုသော် လည်း ၀ိညာဉ်က အီဗရာဟင်လင်ကွန်း ဖြစ်သွား၏။ ထိုအခါ ကျွန်တော် အတွက် စဉ်းစားဆုံးဖြတ် စရာကိစ္စ အတော် များများသည် အတော်ပင် ရှင်းလင်းသွား၏။
ဤနေရာ ၌ စကားဖြတ်၍ ပြောစရာ တစ်ခု ရှိသည်မှာ ကျွန်တော် ကဲ့သို့ပင် အမည် မမှတ်မိတော့သော အမေရိကန် သမ္မတတစ်ဦးသည် အရေးကြီး ခက်ခဲသည့် ကိစ္စရပ် များကို ဆုံးဖြတ်ရမည့် အခါတိုင်း နံရံမှာ ချိတ်ထားသော အမေရိကန်သမ္မတကြီး အီဗရာဟင်လင်ကွန်း၏ ဓာတ်ပုံကို ကြည့်၍ “ငါ့နေရာမှာ လင်ကွန်းသာ ဆိုလျှင် ဤကိစ္စကို ဘယ်ကဲ့သို့ဆုံးဖြတ်ပါမည်နည်း” ဟု ကိုယ်စားဝင်ပြီး စဉ်းစား ဆုံးဖြတ်စေခဲ့သည်ဟု ဖတ်ဖူး၏။ အလွန်ကောင်းသောနည်းဖြစ်သည်ဟု သူကိုယ်တိုင်ပင် ၀န်ခံသွားခဲ့ဖူး၏။
မှန်ပါသည် လူဆို သည်ကား အတ္တကြီးကြသူတွေ များသည် ထိုအထဲ အာဏာနှင့် အရှိန်အ၀ါကို ထည့်ပေါင်း လိုက်လျှင် အတ္တပိုကြီး လာတတ်သည်။
ငါမှငါ၊ ငါလုပ်တာမှ အဟုတ်၊ ငါပြောတာမှ အမှန်ဖြစ်၍ ပြဿနာ တစ်ခုခု ကို ဆုံးဖြတ်ရာတွင် လက်တွေ့နှင့် ကင်း ကွာ၍ အကျိုးထက်၊ အဆိုးဘက်ကို ဦးတည် သွားကြတာ များသည် လူ့သမိုင်း တွင် နိုင်ငံခေါင်းဆောင် လုပ်သွားကြသူ အတော် များများသည် နောက်လိုက်ဘ၀တွင် လူဆိုးများ မဟုတ် ကြ၊ လူဆိုး မဟုတ်ရုံမက လူကောင်းများတွင် ရှိတတ်သော စိတ်ကောင်းများ ပင်လျှင် အတော်ပြည့်ပြည့် စုံစုံ ရှိကြသူများသည်။
ဒါကြောင့်လည်း သူတို့ခေါင်းဆောင် ဖြစ်လာကြသည်။ သို့သော် ခေါင်းဆောင်ဖြစ်ပြီး နောက်ပိုင်းတွင်မှု ထို စိတ်ကောင်းများ တစ်စ..တစ်စ..လျော့ပါး၍ နောက်ဆုံး လူဆိုးများ ဖြစ်သွားကြရုံမက သမိုင်း တရားခံများ ပင် ဖြစ်သွားကြသည်မှာ တကယ်တော့ ထို..ငါ..က သူတို့ကို ဖျက်ဆီးသွားကြခြင်းပင် ဖြစ်သည်။
သည်နေရာ ၌ အများ သိပြီးဖြစ်သော အီဗရာဟင်လင်ကွန်း အကြောင်းကို ပြန်ဆက်ရလျှင် လင်ကွန်းသည် ငါ ဆိုသောအတ္တကို အတတ်နိုင်ဆုံး ပယ်ချနိုင် သဖြင့် အောင်မြင်သော ခေါင်းဆောင် တစ်ယောက်ဖြစ် သွား ရသည်ဟု ကျွန်တော် ကတော့ သည်လိုပဲ ထင်မြင်ယူဆမိပါသည်။
ပမာ အားဖြင့် ပြည်တွင်း စစ်ကို အဆုံး သတ်နိုင်လောက် သည့် စစ်ပွဲတစ်ပွဲကို တိုက်ရန် အခြေအနေ အား လုံး ပြည့်စုံနေပြီဖြစ် ပါလျက် ဘယ်လို အမိန့်ပေး၍ မှ မတိုက်ခဲ့သော သူ၏ စစ်ဗိုလ်ချုပ်ကြီးကို လင်ကွန်း သည် အလွန်ပင် စိတ်ဆိုး ခဲ့ဖူးလေသည်။ စိတ်ဆိုး သည့်အားလျော်စွာ လည်း ထိုနေ့က သမ္မတ ရုံးတော် တွင် လင်ကွန်းသည် ဆောက်တည်ရာ မရလောက်အောင် ပင် အမျိုးမျိုးရေ ရွတ်ပြောဆိုလျက် ထို စစ်ဗိုလ် ချုပ်အား ရစရာ မရှိအောင် ချိုးချိုးဖဲ့ဖဲ့ စကားရပ်တွေ ပါသော စာရှည်ကြီး တစ်စောင်ကို ပျစ်ပျစ်နှစ်နှစ် အားရ ပါးရရေးခဲ့ ဖူးပါသည်။
သို့သော် ထိုစာ ကို ဗိုလ်ချုပ်ကြီး ရှိရာ သို့ ပို့ခါနီးတွင် မှ လင်ကွန်းသည် သူ၏ ငါ…ကို ပြန် ၍ ရှာတွေ့သွား ၏။ ဘယ်ပုံတွေ့ခဲ့ ပါသနည်း။ လင်ကွန်းသည် ထိုစာကို ကိုင်၍ သူ၏ သမ္မတထိုင်ခုံ တွင် ပြန် ထိုင်ရင်း ဤသို့ စဉ်းစားခဲ့သည် ဟု ဖတ်ခဲ့ရဖူးပါသည်။
အင်း ငါကတော့ သမ္မတရုံးခန်းထဲမှာနေပြီး ဟိုလိုလုပ်ပါလား။ ဒီလိုလုပ်ပါလားနဲ့ ပြောသာပြောနေရတာ တကယ် စစ်တိုက်နေရတဲ့ ဟိုဗိုလ်ချုပ်ကြီးမှာတော့ နေ့စဉ်နဲ့အမျှ သွေးသံရဲရဲသေကြကျေကြတဲ့ စစ်ပွဲကြီး ထဲမှာ ဘာပဲပြောပြော ဒါတွေကို အမြဲတမ်းတွေ့နေရတဲ့ သူစိတ်ထဲမှာ ဒီဖြစ်ရပ်တွေ အပေါ် တော်တော် စိတ်ပျက်သွားရှာမှာပဲ။
ငါ ဒီစာကိုသာ သူ့ဆီ ပို့လိုက်ရင် သူတော်တော် စိတ်ပျက်သွား ရှာမှာပဲ။ သူလည်း အကောင်းဆုံးလို့ထင်တာ ကို လုပ်ချင် ရှာလိမ့်မယ်။ ဒါပေမဲ့ နေ့စဉ်ကြုံ တွေ့နေရတဲ့ အနိဋ္ဌာရုံတွေ သူ့လောက်တော့ ငါကဘယ်လို သိနိုင်မှာလဲ။ ဒီစာကို ငါပို့လိုက်ရင် ငါ့လောက် ကိုယ်ချင်းစာတရားမရှိတဲ့လူ ဒီလောကမှာ ရှိနိုင်တော့မှာ မဟုတ်ဘူး”ဟု တွေးကာ ထိုစာကို အံဆွဲထဲသို့ထည့်ပြီး မေ့ထားခဲ့ရာ လင်ကွန်းသေ ကာမှ ပြန်ရှာတွေ့ ခဲ့ကြလေသည်။
ဤနေရာတွင် လည်း လင်ကွန်းသည် သူ၏ သမ္မတနေရာမှ မဟုတ်ဘဲ စစ်ဗိုလ်ချုပ်ကြီးနေရာ က ၀င်၍ စဉ်းစား မိလိုက်သဖြင့်သာ အမှန်တရားကို ရှာတွေ့ခဲ့ခြင်းဖြစ်ရာ အတ္တ နှင့် မကင်းကြသော လူထဲမှ လူများ သာဖြစ်ကြသည့် ကျွန်တော်တို့တွေလည်း အဘယ်ကိစ္စကိုပင် စဉ်းစားဆုံးဖြတ်ကြသည်ဖြစ်စေ အတတ်နိုင် ဆုံး ငါ ဟူသောအတ္တကိုခွာ၍ ကိုယ်ချင်းစာတရားဖြင့် စဉ်းစားဆုံးဖြတ်ခြင်းသည်သာ အကောင်းဆုံးနှင့် အမှန် ဆုံး စဉ်းစား ဆုံးဖြတ်ခြင်း၊ ဖြစ်နိုင်ကြပေ လိမ့်မည်ဟု ပြောရင်းဤ စာစုကို နိဂုံးချုပ်လိုက်ရပါသည်။ လူမှန်သမျှ အတ္တကင်းနိုင်ကြပါစေ။
Written by: ဘစံကောက်
No comments:
Post a Comment