ဒီပို့စ်က နည်းနည်းများ Taboo
ဖြစ်မလားလို့ ဆိုပြီး မရေးဖြစ်တာ။ ကျွန်တော်ရဲ့ ဘလော်ဂျာ (ဘလော်ဂါ၏ မန်နေဂျာ)
ကတော့ မရေးပါနဲ့လားတဲ့။ ကျွန်တော်တို့ သူငယ်ချင်းတွေ အရင်လို လဘက်ရည်ဆိုင်
ထိုင်နိုင်ရင်တော့ လဘက်ရည်ဆိုင်မှာ ပြောဆိုကြမယ့် ကိစ္စပဲ။ ပြီးတော့ ဒီပို့စ်မှာ
တိုင်းပြည်နဲ့ ကိုင်တွယ် ပြောပြီး တကယ် ကျွမ်းကျင်သူတွေလို စီးပွားရေး၊ နိုင်ငံရေး
တိုင်းပြည် အကျိုးပြု ဆွေးနွေးနေတာလည်း မဟုတ်ဆိုတော့ မျက်နှာငယ်တယ်။ နောက်ဆုံး
မနေနိုင်တော့လည်း ရေးလိုက်တာပါပဲ။ ခေါင်းစဉ်ကလည်း စဉ်းစားလိုက်ရသေးတယ်။
ပြေပြေပျော့ပျော့ “အိမ်ထောင်ရေး သုခ”လို့ သုံးမယ်ဆိုတော့လည်း အိမ်ထောင်ရေးမှာ
ဒါချည်းပဲလဲ မဟုတ်သေးတော့ တည့်တိုး စကားလုံးပဲ သုံးလိုက်တော့တယ်။
ဒီဘလောက် ဖတ်တဲ့ သူတွေက နိုင်ငံခြားမှာ အဆင်ပြေနေကြတာ ဆိုတော့ ရည်းစားထားဖို့၊ အိမ်ထောင် ပြုဖို့ ဆိုတာ ဒီလောက်ကြီး စဉ်းစားစရာ မလိုတဲ့ ကိစ္စ တစ်ခု ဖြစ်ပေမယ့် မြန်မာပြည်မှာ ဒီအတွက်ကို ဘယ်လိုမှ မတတ်နိုင်တဲ့ သူတွေက အများသား။ မြန်မာပြည်က ကိုယ့်ညီအစ်ကို မောင်နှမတွေ အမျိုးတွေ သူငယ်ချင်းတွေ အပေါ် တွေ့မြင်နေရတာကို ရေးချင်တာပါ။ ထားပါတော့ ကျွန်တော်တို့ အစ်ကိုတွေ အစ်မတွေ အိမ်ထောင် မကျသေးဘူး။ အသက်က ၃၀ ကျော်နေပြီ။ ဘာကြောင့် အိမ်ထောင် မကျသေးလည်း ဆိုတော့ ရှင်းပါတယ်။ အိမ်ထောင် တစ်ခုကို မတည်ဆောင်နိုင်သေးလို့ပေါ့။ ပိုက်ပိုက် မရှိလို့ပေါ့။ အခုဆို ရန်ကုန်မှာ သူတို့လို လူတွေ အများကြီးပဲ။ အသက်က ကြီးလာပြီ တည်တည်ကျကျ အိမ်ထောင် တစ်ခု မတည်ဆောက်နိုင်သေးဘူး။ ယောက်ျားလေးတွေဆိုလည်း မိန်းကလေးတွေကို အကြောင်း အမျိုးမျိုး ပြပြီး ပတ်ပြေးနေတယ်။ တချို့ဆို ရည်းစားတောင် မထားရဲဘူး။ ရည်းစား ထားလိုက်ရင် အိမ်ထောင်ပြုရမှာ စိုးလို့။
လူတစ်ယောက်ရဲ့ ၀င်ငွေက အိမ်ထောင်တစ်ခုကို တည်ဆောက်ဖို့ နေနေသာသာ တစ်ကိုယ်ရေ သုံးတောင် မလောက်ချင်ဘူး။ မိဘအိမ်မှာ ကပ်နေရတယ်။ မိဘကို လုပ်ကျွေးဖို့ နေနေသာသာ မိဘဆီမှ ကပ်စားနေရတယ်။ အဲဒီတော့ သူတို့အတွက်က အိမ်ထောင်ပြုဖို့ဆိုတာ မဟာ စွန့်စားခန်းကြီးပဲ။ ဒီလို လူမျိုးကိုလည်း ပါးနပ်တဲ့ မိန်းကလေးတွေကလည်း လက်မခံရဲကြပါဘူး။ အဲဒီတော့ သူတို့မှာ အသက်တွေသာ ကြီးပြီး အိမ်ထောင်ကျတယ်ဆိုတာ အာဝါဟ ၀ိဝါဟ ဘာညာကွိကွဆိုတာကို မခံစားရတော့ဘူး။
မနေနိုင်တဲ့ သူတွေကတော့ “၀ယ်စား” တယ်ပေါ့။ ဒါကလည်း တစ်ရာမှာ ၃-၄ ယောက်လောက်လို့ ပြောလို့ ရမယ်။ ကျွန်တော့်မှာ သူငယ်ချင်း ယောက်ျားလေး တစ်ရာကျော် ကြုံဖူးတာ ဒီလို လူမျိုး ၃-၄ ယောက်ပါလို့ ပြောတာပါ။ သူတို့အတွက်ကတော့ အချိန်တန် ၀ယ်စားလို့ ရတယ်ဆိုပြီး တည်တည်ကျကျ ဆိုတာကို ဘယ်တော့မှ မစဉ်းစားတော့ဘူး။ ၀ယ်စားတာတောင် စားရိတ် ငြိမ်းသေးတယ်လို့ ပြောလိုက်သေးတယ်။ ဒီလို ၀ယ်စားတော့ရော ကာမသုခကို အပြည့်အ၀ ရမယ်ထင်နေရင် မှားသွားမှာပေါ့။ တစ်ဘက်က ကြေးစားပါဆိုမှ ဘယ်လိုလုပ် အစစ်အမှန် ဖြစ်တော့မှာလည်း။ ရောဂါ ကူးဖို့ကလည်း အလွယ်လေး။
ဝယ်စားတာက ယောက်ျားလေးတွေ အတွက် လွယ်ပေမယ့် မိန်းကလေးတွေကတော့ ဒါမျိုး ဘယ်ရှိပါ့မလဲ။ အဲဒီတော့ တချို့ မိန်းကလေး ယောက်ျားလေးတွေက “ခိုးစား”ကြတယ်။ နှစ်ဦးသဘောတူပေါ့။ ဒါပေမယ့် ဒီလို ခိုးစားပြီးရင် သိပ်မကြာခင် အိမ်ထောင်ပြုရမှာ ဆိုတော့ အိမ်ထောင်ပြုရမှာ မတတ်နိုင်တဲ့ အရှည်ကိုလည်း မြင်တဲ့ ယောက်ျားလေးတွေက ရှောင်ကြတယ်။ ကြောင်ပဲ ငါးကြော်တော့ ကြိုက်တာပေါ့။ ဒါပေမယ့် ဘယ်လိုမှ မတတ်နိုင်တော့ ငါးကြော်လည်း ရှောင်ကြတယ်။ ဘာမဖြစ်ဘူး သေချာရင်တော့ တချို့က ဥပုသ် မစောင့်ကြပါဘူး။ သေချာရင်တော့ တော်သေးတာပေါ့။ မသေချာလို့ ကိုယ်ကျိုး နည်းရတာတွေလည်း ဒုနဲ့ဒေးပါပဲ။
အဲဒီလို ၀ယ်လည်း မစား ခိုးလည်း မစားတဲ့ သူတွေကတော့ မိန်းကလေးတွေကို လုံးဝ ရှောင်တော့တယ်။ မိန်းကလေးတွေကို ရှောင်လို့ ရဟန်း ၀တ်သွားမလားဆိုတော့လည်း မဟုတ်ပါဘူး။ တခြား ဟာတွေနဲ့ ရသေ့ စိတ်ဖြေလုပ်တယ်။ ကံကောင်းရင် ဘောလုံးလိုမျိုးနဲ့ အစားထိုးလို့ ရပေမယ့် တချို့တွေကတော့ အရက်တွေ ဆေးလိပ်တွေနဲ့ အစားထိုးကြတယ်။ ညနေဆိုရင် ဖြစ်ဖြစ် တစ်ပတ်တစ်ခါ ဖြစ်ဖြစ် အရက်ဆိုင်သွားမယ်။ (ကျွန်တော့် အသိထဲက)အရက်ကြိုက်တဲ့ သူများက မိန်းမ မကြိုက်တာ သတိထားမိပါတယ်။ နှစ်ခုလုံး ကြိုက်တဲ့ သူလည်း ရှိတော့ ရှိတာပေါ့။ အရက် ကြိုက်တဲ့သူကိုလည်း မိန်းမတွေက ဘယ်ကြိုက်ပါ့မလဲ။ ကျွန်တော့် သူငယ်ချင်း ရိုးရိုးကြီး တစ်ယောက်ကတော့ ဘယ်လို ငြီးတွားသလည်း ဆိုတော့ ငါတို့ကိုယ်မှာ အသုံးချလို့မရတဲ့ အစိတ်အပိုင်းတွေ ရှိတယ်ကွ။ အပိုပဲ။ ကားပစ္စည်းတွေလို စက်ပစ္စည်းတွေလို ခဏဖြုတ် (သံချေးမတက်အောင်) အမည်းဆီ သုတ်ပြီး သိမ်းထားလို့ ရရင်ကောင်းမယ်တဲ့။
တကယ်ဆို အသက် ၂၅ ကျော်ကနေ စပြီး အရွယ်ကောင်းပဲ။ ကျန်းကျန်းမာမာ သန်သန်စွမ်းစွမ်း ရှိတဲ့ အရွယ်။ ဒီလို သုခကို ကောင်းကောင်းကြီး ခံစားနိုင်တဲ့ အရွယ်ပဲ။ ဒါပေမယ့် ရန်ကုန်မှာ အသက် ၂၅ နှစ်မှာ ကိုယ်ဖာသာကိုယ် ရပ်တည်နိုင်ဖို့ မလွယ်ပါဘူး။ အိမ်ထောင် တစ်ခု တည်ထောင်ဖို့ မလွယ်သေးပါဘူး။ ကံကောင်းရင်တောင် အသက် ၃၀ လောက်ကျမှ အိမ်ထောင်ပြုနိုင်တယ်။ ကျွန်တော်တို့လည်း အသက် ၂၇ နှစ်ကျော်မှ အိမ်ထောင်ပြုနိုင်တယ်။ ပြောချင်တာကတော့ အိမ်ထောင် နောက်ကျမှ ပြုတဲ့ အတွက် သန်မာ ဖျက်လတ်တဲ့ တကယ် အချိန်ကောင်းတွေကို ဖြုန်းတီး ပစ်လိုက်ရတယ်။ အဲဒါကြောင့်လည်း အသက် ၂၅-၂၇ အရွယ် အမျိုးသမီးတွေနဲ့ အသက် ၃၅ နှစ်လောက် အရွယ် ယောက်ျားတွေ အိမ်ထောင်ပြုတာ များလာတာလား မသိ။ အမျိုသမီးတွေကလည်း နုပျို ကျန်းမာတဲ့ အရွယ်၊ ယောက်ျားတွေကလည်း အလုပ်ကလေး စီးပွားရေးလေးနဲ့ တင့်တယ်တဲ့ အရွယ်ဆိုတော့။ ဒါကြောင့်လည်း ရှေးလူကြီးတွေက “ဒွေးချိုး လေးတိုး” ဆိုပြီး ယောက်ျားလေး အသက်တ၀က်ကို လေးနှစ်ပေါင်းရင် မိန်းကလေး အသက်ရတယ်လို့ ပြောခဲ့တာ ဖြစ်မယ်။
အိမ်ထောင်တော့ ပြုလိုက်နိုင်ပါတယ်။ ပီပီပြင်ပြင် မခံစားရသူတွေလည်း ရှိနိုင်သေးတယ်။ ဒါလည်း ပိုက်ဆံ မတတ်နိုင်လိုပေါ့။ ကျွန်တော့် အသိ မိသားစု တစ်ခု ဆိုရင် ကန်ထရိုက် တိုက်ခန်း တစ်ခန်းမှာ အဖေအမေရယ် လင်မယား ၂ စုံတွဲရယ် ညီမတစ်ယောက်ရယ် နေတယ်။ အဲဒီတော့ ညီမနဲ့ အဖေအမေတွေက ညကျရင် ဘုရား ခန်းမှာ ထွက်အိပ်ရတယ်။ လင်မယားဆိုတော့လည်း အခန်းပေးရတာပေါ့။ အခန်းဆိုပေမယ့်လည်း ၁၀ ပတ်လည်လောက်နဲ့ အကုန်မြင် အကုန်ကြားနိုင်တဲ့ အခန်းလေးတွေပါ။
နောက်ပြီး မြန်မာပြည်မှာ Hygiene ကောင်းဖို့ နေနေသာသာ ဒီစကားလုံးမျိုးတောင် မရှိဘူး။ ဒီဘလောက် ဖတ်တဲ့သူတွေကတော့ ပညာတတ်တွေဆိုတော့ ဒါတွေက အလိုလို ရှိပြီသားလို ဖြစ်နေတော့ လူတိုင်းမှာ ရှိမယ် ထင်မှာပဲ။ ကိုယ်က Hygiene ကောင်းအောင် နေတောင် ဘက်စ်ကားပေါ် တက်စီးလိုက်ကြည့်ပါလား သန့်ရှင်းထား သမျှလေးတွေ အကုန် ပျောက်ကုန်မယ်။ ဘက်စ်ကားပေါ်မှာ မို့လို့ ဒီလောက် ညစ်ပတ်တာ မဟုတ်ဘူး။ အိမ်မှာနေရင်းတောင် သန့်သန့်ရှင်းရှင်း မွှေးမွှေးကြိုင်ကြိုင် မနေနိုင် မနေဖြစ်ကြပါဘူး။ Hygiene မကောင်းရင် ဒီလို သုခ ကောင်းကောင်း မရနိုင်ပါဘူး။ ဥပမာ ဆေးလိပ် သောက်တဲ့သူ ကွမ်း စားထားတဲ့သူကို ဘယ်မိန်းမက နမ်းချင်မလဲ။
ခေတ်သစ် ဒီသုခ ချို့တဲ့ သူတွေထဲမှာ နိုင်ငံခြားမှာ အလုပ်လာ လာလုပ်တဲ့ အမျိုးသားတွေ (လင်မယားတွေ)လည်း ပါတယ်။ (ဒီတစ်ပိုဒ်ကိုတော့ တကယ်မရေးချင်ဘူး။ သူငယ်ချင်းတွေ အတွက် ခံစားရလွန်းလို့) ကျွန်တော်တို့ ငယ်ငယ်တုန်းက ဒီလိုမျိုးဆိုတာ သင်္ဘောသား မိန်းမတွေပဲ ရှိတယ်။ အခုတော့ အတော်များလာပြီ။ သင်္ဘောသားမှ မဟုတ်ဘူး နိုင်ငံခြားမှာ အလုပ်သွားလုပ်တဲ့ ယောက်ျားတွေက အရမ်းကို များနေပြီ။ အကြာကြီး မခွဲရတောင် အနည်းဆုံး လက်ထပ်ပြီးတောင် တစ်နှစ်တန်သည် ခြောက်လတန်သည် ခွဲနေရတယ်။ ဒီလောက်ပဲ ဒီထက် ထပ်မရေးချင်တော့ဘူး။ ဒီ ခေတ်သစ် အုပ်စုထဲ ထည့်ချင်တာ နိုင်ငံခြားမှာ အလုပ်လာလုပ်ပြီး လက်မထပ် အတူနေသူတွေကိုလည်း ထည့်ချင်တယ်။ သူတို့က အတူနေပေမယ့် လက်မထပ်ထားတဲ့ အတွက် စိုးရိမ်ရတာတွေ ရှိလို့ သူတို့ကလည်း ပြောရမယ်ဆိုရင် ချို့တဲ့သူတွေပါပဲ။
www.mmdailystar.com မှမျှဝေဖေါ်ပြသည်
No comments:
Post a Comment