*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 31 August 2013

လူအယောက် ၄၀ စီးနင်းနိုင်မည့် ဇွဲကပင် ကောင်းကင်ကေဘယ်လ် ကား ကမ္ဘာ့အဆင့်မီတည်ဆောက်မည်




cable car in Zway Ka Paing 2
 27 August 2013

မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ ဇွဲကပင်တောင် ဆံတော်ရှင်တွင် ကောင်းကင် Cable Car စီမံကိန်းကို မလေးရှားနိုင်ငံ အခြေစိုက် SMED-SDA-PHA ကုမ္ပဏီနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းပညာရှင်များ ပူးပေါင်းဆောင်ရွက်ကာ ပထမဆုံး တည်ဆောက်မည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါစီမံကိန်း တည်ဆောက်ပြီးစီး သွားပါကအထက်အောက် ၁၆၅၀မီတာ ရှိသည့် ဇွဲကပင် ဆံတော်ရှင် စေတီကို မိနစ်အနည်းငယ်အတွင်း သွားရောက် ဖူးမြော်နိုင်မည်ဖြစ်ပြီး ကရင်ပြည်နယ်တွင် စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးလာမည့်အပြင် ဇွဲကပင်တောင်ကိုလည်း ကမ္ဘာက သတိထားလာကြမည် ကိုလည်း ရည်ရွယ်ကြောင်း သိရှိရသည်။


 ''ဒီစီမံကိန်းကို မလေးရှားနိုင်ငံ အခြေစိုက်SMED-SDA-PHA ကုမ္ပဏီနဲ့မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းက ပညာရှင်တွေ ပူးပေါင်းဆောင် ရွက်သွားမှာဖြစ်တယ်။ စီမံကိန်းအတွက် စုစုပေါင်း ကုန်ကျငွေ ကတော့အမေရိကန် ဒေါ်လာသန်း၂၀ကျော် ကုန်ကျမှာဖြစ်တယ်။ စီမံကိန်း တည်ဆောက်တဲ့အခါ လူအယောက် ၄၀စီးနိုင်တဲ့ အကြီးစား Cable Car တစ်စီးပါဝင်ပြီး အချင်း၃၈ မီလီမီတာရှိတဲ့ Cableကြိုးကို အသုံးပြုထား မှာဖြစ်တယ်။ လိုအပ်တဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ပစ္စည်းတွေကို ဆွစ်ဇာလန် နိုင်ငံနဲ့သြစတြေးလျနိုင်ငံတွေက မှာယူ သွားမှာဖြစ်ပြီး ကမ္ဘာ့အဆင့်မီဖြစ်အောင် တည်ဆောက်သွားမှာပါ''ဟု စီမံကိန်းဖြစ်မြောက်ရေး ဗဟိုကော်မတီဝင် သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဒေါ်တူးတူးမြင့်သိန်းက ပြောသည်။

အဆိုပါ စီမံကိန်းနှင့်ပတ်သက်၍ အကြိုလုပ်ငန်းညှိနှိုင်း အစည်းဝေးကို သြဂုတ် ၂၅ရက်  နံနက်ပိုင်းက ကရင်ပြည်နယ် ဘားအံမြို့ မဲဘောင်ကျောင်းတိုက်၌ ကျင်းပခဲ့ပြီးညှိနှိုင်းအစည်းအ၀းကို စီမံကိန်းဖြစ်မြောက်ရေး အဖွဲ့ ပဓာနနာယကဆရာတော်ကြီးများ၊ စီမံကိန်းဖြစ် မြောက်ရေး ဗဟိုကော်မတီဝင်များ၊ စီမံကိန်းတည်ဆောက်ရေးပညာရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များ တက်ရောက်ခဲ့ကြ သည်။

ဇွဲကပင် ဆံတော်ရှင်စေတီ သို့ တက်ရောက်ဖူးမြော်ကြ မည့်ဘုရားဖူးပြည်သူများ၏ အသက်အန္တရာယ် မကြုံတွေ့စေရန်အတွက် လုံခြုံရေးစနစ်များ တပ်ဆင်ထားပြီး လူ၄၀ကျော်ပါက CableCar အလုပ်မလုပ်သည့်စနစ်၊ အပေါ် ရပ်နားနေရာ၊ အောက်ရပ် နားရာနေရာများသို့ ရောက်မှသာ တံခါးများဖွင့် ပိတ်လုပ်သည့်စနစ်၊ အတက်အဆင်းပြုလုပ်နေစဉ် လျှပ်စစ်မီးပြတ်တောက်မှု မဖြစ်ပေါ်စေရန် ဂျင်နရေတာများအား အလိုအလျောက် လည်ပတ်စေသည့် စနစ်များ တပ်ဆင်သွားမည်ဟု သိရသည်။
'' ၀မ်းသာပါတယ်။ ဇွဲကပင်တောင်လိုမြင့်မားတဲ့ တောင်တွေမှာ ဆောက်ထားသင့်တယ်။ 

တရုတ်နိုင်ရှန်တုန်းပြည်နယ် က ထိုက်အန်းတောင် ဆိုရင်ပေ ပေါင်းလေးထောင်ကျော် လောက်မြင့်တယ်၊ အဲ့ဒီ တောင်ပေါ်မှာ တရုတ်လူမျိုးတွေရဲ့အထွဋ္ဋ်အမြတ် ထားတဲ့ရှေး ဟောင်းယဉ်ကျေးမှု အမွေ အနှစ်တွေ ရှိတယ်၊ ကျိုက်ထီးရိုးတောင်ကို တက်ရသလိုတက်ရတယ်၊ ခြေကျင် တက်သူတွေက တောင်ဝှေးနဲ့ တက်ရတယ်၊ အဲဒီမှာကောင်းကင်ကေဘယ်လ်ကြိုး စနစ်တပ်ဆင်ထား ပါတယ် ၊နိုင်ငံခြား ခရီးသွားတွေ ကိုတော့ ဒေါ်လာနဲ့ယူပါတယ်။ တောင်ထိပ်ကို ရောက်ဖို့ ကောင်းကင်ဘေဘယ်လ်ကား တစ်နာရီလောက် စီးရပါတယ်၊ ခရီးရောက်တဲ့နေရာကို အမြင့်ပေ ဘယ်လောက် မိုင် ဘယ်လောက် ရောက်နေပါပြီ၊အသက် အန္တရာယ်ဖြစ်နိုင် မဖြစ်နိုင်အမြဲတမ်း စက်တွေက ပြောပေးနေပါတယ်။ 

ကမ္ဘာလှည့် ခရီးသည်တွေကို အသက်အာမ ခံလည်းလုပ်ပေးထားပါတယ်၊ အဲဒါမျိုးစနစ်တွေကို လုပ်ပေးမယ်ဆိုရင် အခုစီမံကိန်းကပိုပြီး ကမ္ဘာ့ အဆင့်မီဖြစ်လာမှာပါ''ဟု ရှန်းတုန်းပြည်နယ် ထိုက်အန်းတောင်သို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံသား ကိုနေမင်းသိုက်က အကြံပြုပြောကြားသည်။
ဇွဲကပင်တောင်ကောင်းကင် Cable Car စီမံကိန်းအတွက် သြဂုတ်၂၅ရက် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးတွင် စေတနာရှင် အလှူရှင်များက လှူဒါန်းငွေကျပ်သိန်း၇၃၀ကျော် ရရှိခဲ့ပြီးထပ်မံ၍ လှူဒါန်းလိုသည့် အလှူရှင်များအနေဖြင့်.......

စီမံကိန်းဖြစ် မြောက်ရေး ဗဟိုကော်မတီဝင် သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဒေါ်တူးတူးမြင့်သိန်း ဖုန်းနံပါတ်-၀၉၅၄၁၂၈၂၅နှင့် ၀၉ ၄၃၂၀၁၀၉၀ ၊၀၉၈၇၃၁၀၀၈၊ ၀၉၅၁၃၁၈၄၆ ၊၀၉၄၃၁၁၁၁၈၊ ၀၉၅၁၂၂၄၅၉၊ ၀၉၈၇၃၀၆၉ တို့ဆက်သွယ် လှူဒါန်းနိုင်သည်ဟု သိရှိရသည်။
  
Post  By မျိုးသူ(မြစ်မခ)                                                            မြစ်မခ မှမျှဝေဖေါ်ပြသည်..

No comments:

Post a Comment