အတိတ်ဖြစ်ရပ် ပြဿနာ အထပ်ထပ်တို့သည် ဘယ်သို့ဘယ်ပုံ ဆက်စပ်လျက် ပေါ်ပေါက်လာသည် မသိ၊ မိမိစိတ်အစဉ်တွင် တသီတတန်းကြီး ပေါ်ပေါက်လာခဲ့သည်-
“အရှင်ဘုရား၊ အချို့တရားပြဆရာ တရားဟောဆရာတွေက “သီလမလိုပါဘူး” ဆိုပြီး သီလကိုယ်ပယ်နေကြတယ် ဘုရား”
“အို-ဒကာကြီးကလည်း တချို့ပယ်ချင်ပယ် မပယ်ချင်နေ ကိုယ်မပယ်ဖို့ အရေးကြီးတယ် မဟုတ်လား”
“ဒါတော့ ဟုတ်ပါတယ် ဘုရား၊ သို့သော်လည်းပဲ တပည့်တော် သိချင်တာက ဘာကြောင့် သူတို့ သီလကို ပယ်တာလဲလို့သိချင်တာပါဘုရား”
“အို-ဒါတော့ ဦးပဉ္စင်းလည်း သူတို့ရဲ့ အတွင်းစိတ်သဘောကို သိတာမဟုတ်တော့ ဘယ်သိမလဲ၊ ဒီကိစ္စနှင့် ပတ်သက်လို့ ဒကာကြီးကို ဦးပဉ္စင်းပြဿနာ မေးချင်တယ်၊ ဒကာကြီး ကြိုက်နှစ်သက်သလို ဖြေစမ်း”
“မှန်ပါ ဖြေပါ့မယ် ဘုရား၊ မေးပါ”
“ဒကာကြီး၊ သီလဆိုတာ ကုသိုလ်လား၊ အကုသိုလ်လား”
“ကုသိုလ်ပါ ဘုရား”
“ကုသိုလ်ဆိုရင်အပြစ်ကင်းလား၊ မကင်းဘူးလား”
“အပြစ်ကင်းပါတယ် ဘုရား”
“အပြစ်ကင်းရင် ကောင်းကျိုး ပေးမလား၊ မကောင်းကျိုး ပေးမလား”
“ကောင်းကျိုးပေးပါမယ် ဘုရား”
“အဲဒီလို ကောင်းကျိုးပေးမယ့် သီလကို ဆောက်တည်ပွားများရမလား၊ သို့မဟုတ် ပယ်ရမလား”
“ဆောက်တည်ပွားများရပါမယ် ဘုရား”
“ဆောက်တည်ပွားများတော့ကော တစ်ကြိမ်တစ်ခါပဲ ဆောက်တည် ပွားများရမှာလား၊ ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ဆောက်တည်ပွားများရမှာလား”
“ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ဆောက်တည် ပွားများရပါမယ် ဘုရား”
“အဲဒီလို ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ပွားများသင့်တဲ့သီလကို ပယ်တဲ့လူဟာ လူလိမ္မာလား၊ လူမိုက်လား”
“လူမိုက်ပါ ဘုရား”
“သူတော်ကောင်းလား၊ သူယုတ်မာလား”
“သူယုတ်မာပါ ဘုရား”
“အဲဒီ သူယုတ်မာစကားကို လိုက်နာကျင့်သုံးသင့်မလား၊ ဝေးစွာရှောင်ရှားရမလား”
“ဝေးစွာ ရှောင်ရှားရပါမယ် ဘုရား”
“ဟင်-ဒကာကြီးဖာသာ ဒကာကြီး အဖြေကို သိရက်သားနဲ့ ဦးပဉ္စင်းကို ဘာဖြစ်လို့ ပညာစမ်းချင်ရတာလဲ”
“အို-အရှင်ဘုရားကလည်း အပြစ်တင်စောပါဘိ၊ ယခု အရှင်ဘုရားမေးဖြေစေမှပဲ အဖြေထွက်လာပါတယ်ဘုရား၊ ပညာစမ်းတာ မဟုတ်ပါဘုရား”
“နောက်မှတ်ထား ဒကာကြီး၊ ဒါန၊ သီလ၊ သမထ၊ ဝိပဿနာဆိုတာ သူတော်ကောင်းအလုပ်၊ အဲဒီသူတော်ကောင်းအလုပ်ကို ပယ်တဲ့သူကို မသူတော်လို့မှတ်၊ သူ့လည်းရှောင်၊ သူ့စကားလည်း ရှောင်နော်”
“မှန်ပါ ရှောင်ပါ့မယ်ဘုရား”
“ဖြူစင်မြင့်မြတ်တဲ့ အရိယာပုဂ္ဂိုလ်များ နှစ်သက်မြတ်နိုးစွာနဲ့ အသက်အသေခံပြီး စောင့်ထိန်းတဲ့သီလက ငါးပါးသီလ ဒကာကြီးရဲ့၊ ဒါကြောင့်ငါးပါးသီလကို “အရိယကန္တသီလ” လို့ခေါ်တယ်၊ ငါးပါးသီလကို လုံအောင်ထိန်းနိုင်သူဟာ အာဇီဝဋ္ဌမကသီလပါ၊ ငါးပါးသိက္ခာပုဒ်တွေလဲ လုံအောင် ထိန်းနိုင်တယ်၊ အာဇီဝဋ္ဌမက သီလဆောက်တည်တဲ့ အဲဒီလူလိမ္မာ၊ လူပါးဆိုသူက ငါးပါးသီလမှာပါတဲ့ သုရာမေရယသိက္ခာပုဒ်ကို ရှောင်တာ၊ ဒါကြောင့် အဲဒီသူသာ မလိမ္မာသူ လူမိုက်လို့မှတ်နော်”
“အရှင်ဘုရား တယ်ပြီးတော့ မတရားပြောကြားကြပါလားဘုရား”
“အဲဒါ ဒကာကြီးသိလား၊ သီလမရှိလို့ မတရားပြောကြတာ ပြီးတော့ ဒကာကြီးတို့ကလဲ သီလအကြောင်း နားမလည်လို့ပြောတာပဲ”
သိနိုင်- မသိနိုင်
~~~~~~~~~
အခါတစ်ပါး ဘုရားရှင်သည် မိဂါရသူဌေး၏ အမိအရာ၌ တည်သော ဝိသာခါဆောက်လုပ်သည့် ပုဗ္ဗာရုံကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ဘုရားရှင်သည် ညချမ်းအချိန် တစ်ပါးတည်းကိန်းအောင်းတော်မူရာမှ ထ, တော်မူ၍ တံခါးမုခ်အပြင်၌ ထိုင်နေတော်မူ၏။ ထိုအခါ ကောသလမင်းကြီးသည် ဘုရားရှင်ထံတော်သို့ ချဉ်းကပ်၍ ဘုရားရှင်ကို ရှိခိုးလျက် တစ်ခုသောနေရာ၌ ထိုင်နေ၏။ ထိုစဉ်အခါ ရှည်သော လက်ကတီး (ဂျိုင်း)မွေး၊ ရှည်သော လက်သည်း ခြေသည်း၊ ရှည်သောအမွေးတို့ရှိကုန်သော -
၁။ ဆံကျစ်ထုံးရသေ့ (၇)ယောက်
၂။ နိဂဏ္ဍ (ဆံကျစ်မထုံး) တက္ကထွန်း (၇) ယောက်
၃။ အစေလက (အဝတ်မဝတ်သူ) တက္ကထွန်း (၇) ယောက်
၎။ တစ်ထည်တည်းသော အဝတ်ရှိသူ တိတ္ထိ (၇) ယောက်
၅။ ပရိဗိုဇ် (၇)ယောက်တို့သည် အထူးထူး အပြားပြားသော ရသေ့အသုံးအဆောင်တို့ကို ယူကုန်၍ ဘုရားရှင်၏ မနီးမဝေးမှဖြတ်ကျော်၍ သွားကြကုန်၏။
ထိုအခါ ကောသလမင်းကြီးသည် နေရာမှထကာ ပခုံးတစ်ဘက်၌ ကိုယ်ဝတ်ကိုစမ္ပယ်တင်၍ လက်ျာပုဆစ်ဒူးဝန်းကို မြေ၌ထောက်လျှက် ထိုရသေ့၊ ပရိဗိုဇ်၊ တက္ကထွန်း၊ တိတ္ထိတို့ရှိရာသို့ လက်အုပ်ကိုညွတ်လျှက် “အရှင်ဘုရားတို့၊ အကျွန်ုပ်သည် ကောသလမင်းကြီးပါတည်း” သုံးကြိမ်ဟစ်အော်အမည်ကို ကြွေးကြော် ပြောကြား၏။
ထို့နောက် ကောသလမင်းကြီးသည် ဘုရားရှင်ထံတော်သို့ ပြန်လည်ချဉ်းကပ်၍ ဘုရားရှင်ကို ရှိခိုးလျက် တစ်ခုသောနေရာ၌ထိုင်ပြီးသော် ဘုရားရှင်အား လျှောက်ထား၏။
“မြတ်စွာဘုရား . . .လောက၌ ရဟန္တာပုဂ္ဂိုလ်၊ အရဟတ္တမဂ်ကို ရကုန်သော ပုဂ္ဂိုလ်တို့တွင် ထိုရသေ့၊ တက္ကထွန်း၊ ပရိဗိုဇ်၊ တိတ္ထိတို့သည် တစ်ယောက်အပါအဝင် ဖြစ်ပါကုန်၏”
“မင်းကြီး၊ ကာမဂုဏ်ကို ခံစားလေ့ရှိသော သားသမီးတို့ဖြင့် ကျဉ်းမြောင်းသော နေရာ၌နေသော ကာသိတိုင်းထွက် စန္ဒကူးကိုသုံးဆောင်သော၊ ပန်းနံ့သာ၊ နံ့သာပျောင်းကို ဆောင်လေ့ရှိသော၊ ရွှေငွေကို ကိုင်ခံသာယာသော၊ လူဖြစ်သော သင်သည် ‘ဤပုဂ္ဂိုလ်တို့သည် ရဟန္တာဖြစ်ကုန်၏၊ ဤပုဂ္ဂိုလ်တို့သည် အရဟတ္တမဂ်သို့ ရောက်ကုန်၏’ ဟူသော အကြောင်းကို သိနိုင်ခဲသည်သာတည်း”
၁။ မင်းကြီး၊ သီလကို အတူတကွ နေသဖြင့် သိနိုင်၏။
၂။ စင်ကြယ်သော အဖြစ်ကို နှီးနှောပြောဆိုသဖြင့်သိနိုင်၏။
၃။ ဘေးရန်ရှိသော အခါတို့၌ ဉာဏ်စွမ်းကို သိနိုင်၏။
၎။ ပညာကို ဆွေးနွေးသဖြင့်သာ သိနိုင်၏။
ထိုသိနိုင်ခြင်းကိုလည်း ကာလကြာမြင့်မှသာ သိနိုင်၏။ တိုသောကာလဖြင့် မသိနိုင်၊ နှလုံးသွင်းသော သူသည်သာ သိနိုင်၏။ နှလုံးမသွင်းသော သူသည် မသိနိုင်၊ ပညာရှိသောသူသည်သာ သိနိုင်၏။ ပညာမရှိသော သူသည် မသိနိုင်”
“မြတ်စွာဘုရား၊ အံ့ဖွယ်ဖြစ်ပါ၏။ မြတ်စွာဘုရား မဖြစ်ဖူးမြဲ ထူးကဲစွာ ဖြစ်ပါ၏။ မြတ်စွာဘုရား မိန့်တော်မူအပ်သော စကားတော်သည် အလွန်ကောင်းစွာ ဆိုအပ်သောစကားတော်ဖြစ်ပါ၏။
“မြတ်စွာဘုရား အကျွန်ုပ်၏ မင်းချင်းယောက်ျားဖြစ်ကုန်သော လျှို့ဝှက်လှည့်လည်ကုန်သော သူလျှိုတို့သည် ဇနပုဒ်ကိုစူးစမ်း၍ လာကုန်၏။ ယင်းသူလျှိုတို့ စူးစမ်းအပ်ပြီးသည်ကို အကျွန်ုပ်သည် နောက်မှ ဆုံးဖြတ်ပြီးစီးစေပါ၏၊”
“မြတ်စွာဘုရား၊ ယခုအခါ ယင်းသူလျှိုတို့သည် မြူအညစ်အကြေးကို မျှောကုန်၍ ကောင်းစွာ ရေချိုးနံ့သာ လိမ်းကျံအပ်ကုန်သည်၊ ပြုပြင်ပြီးသော ဆံမုတ်ဆိတ်ရှိကုန်သည်ဖြစ်၍ ဖြူစင်သော အဝတ်တန်ဆာကို ဝတ်ဆင်ကုန်လျက် ကာမဂုဏ်ငါးပါးတို့ဖြင့် ကုံလုံပြည့်စုံကုန်သည်ဖြစ်၍ မွေ့လျော်ကုန်လတ္တံ့”
ဘုရားရှင်သည် ထိုအကြောင်းကို သိတော်မူ၍ ထိုအချိန်အခါ၌ ဤစကားကို မိန့်ကြားတော်မူ၏ -
“မင်းကြီး၊ အဆင်းသဏ္ဌာန်ဖြင့် လူကို သိလွယ်သည်မဟုတ်၊ အခိုက်အတန့် မြင်ကာမျှဖြင့် အကျွမ်းမဝင်ရာ၊ မှန်၏၊ ကိုယ်၊ နှုတ်၊ နှလုံး မစောင့်စည်းသော သူတို့သည် ကောင်းစွာ ကိုယ်၊ နှုတ်၊ နှလုံး စောင့်စည်းသူတို့၏ အသုံးအဆောင်ဖြင့် ဤလောကကို လှည့်လည်ကုန်၏”
“မင်းကြီး၊ အတွင်း၌ မစင်ကြယ်ကုန်သော သူတို့သည် အတူဖြစ်ကုန်သော မြေနားဍောင်းကဲ့သို့လည်းကောင်း၊ ကြေးပဲဝက်မျှ ထိုက်သောရွှေရည်ပွတ်နားဍောင်းကဲ့ သို့လည်းကောင်း၊ အပ၌ တင့်တယ်ကုန်သည်ဖြစ်၍၊ အခြံအရံဖြင့် ဖုံးလွှမ်းကုန်သည်ဖြစ်၍ ဤလောက၌ လှည့်လည်ကုန်၏”
“မင်းကြီး၊ ရဟန်းသည် မကောင်းမှုအလုံးစုံတို့၌ လုံ့လမပြုရာ၊ ရဟန်းအသွင်အပြင်ဖြင့် သူတစ်ပါး၏ အခစားယောက်ျား မဖြစ်ရာ၊ သူတစ်ပါးကိုမှီ၍ အသက်မမွေးရာ၊ တရားဟောခြင်းဖြင့် လာဘ်ပူဇော်သကာ ကုန်သွယ်ခြင်းတို့ကို မပြုကျင့်ရာ”
ကျေးဇူးတော်ရှင် တောင်စွန်း ဓမ္မဒူတဆရာတော်ဘုရားကြီး၏ “သီလဝတ္ထု” စာအုပ်မှ ကူးယူဖော်ပြသည်။

“မင်းကြီး၊ အတွင်း၌ မစင်ကြယ်ကုန်သော သူတို့သည် အတူဖြစ်ကုန်သော မြေနားဍောင်းကဲ့သို့လည်းကောင်း၊
“မင်းကြီး၊ ရဟန်းသည် မကောင်းမှုအလုံးစုံတို့၌ လုံ့လမပြုရာ၊ ရဟန်းအသွင်အပြင်ဖြင့် သူတစ်ပါး၏ အခစားယောက်ျား မဖြစ်ရာ၊ သူတစ်ပါးကိုမှီ၍ အသက်မမွေးရာ၊ တရားဟောခြင်းဖြင့် လာဘ်ပူဇော်သကာ ကုန်သွယ်ခြင်းတို့ကို မပြုကျင့်ရာ”
ကျေးဇူးတော်ရှင် တောင်စွန်း ဓမ္မဒူတဆရာတော်ဘုရားကြီး၏ “သီလဝတ္ထု” စာအုပ်မှ ကူးယူဖော်ပြသည်။
From...Facebook
No comments:
Post a Comment