*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 1 May 2014

"ဗုဒ္ဓ မြတ်စွာ သာသနာ ရောင်ဝါ နေထက် လင်းစေသောဝ်"

အက္ခရာ's photo.အက္ခရာ's photo.

နိုက်ကလပ် အတွင်းမှာ ဗုဒ္ဓရုပ်ပွားတော် ကြီးထားကာ မတင့်မတယ် ပြုလုပ် နေကြတာကို မြင်ရတဲ့ လူငယ်လေး တစ်ယောက်ရဲ့ ခံစားချက်များ၊ ခဲခဲရင်းရင်း ဘ၀နဲ့ရင်းပြီး ပင့်ယူ ပူဇော်ခဲ့ပုံ များ ကို ဖေါ်ကြူး ထားပါတယ်၊ အားကျဘွယ်၊ အတုယူဘွယ်၊ သာဓုခေါ်ဘွယ် ကောင်းလှပါတယ်။

အမေရိကန်နိုင်ငံ၊ လော့စ် အိမ်ဂျလိစ်မြို့ရဲ့ စားသောက် ဆိုင်ကြီးတစ်ဆိုင်မှာ မြန်မာ အလုပ်သမားလေး ရန်မျိုးအောင် ဟာ ဆူရှီ လိပ်ရင်း ဘုရား ဂုဏ်တော်တွေ တတွတ်တွတ် ရွတ်နေရှာတယ်။ သူ့ဘ၀ သူ့အခက် အခဲ သူ့ရည်ရွယ်ချက်တွေ အောင်မြင်ဖို့ အတွက် ဘုရားသာ အားကိုး ရာရှိ တော့တယ်လို့ သူယုံ ကြည်ထားလို့ပါ။

သူ့ရည်ရွယ်ချက် ဆိုတာ ကြွယ်ဝချမ်း သာဖို့ သူဋ္ဌေးဖြစ်ဖို့ ဘ၀ အောင်မြင်ဖို့ ချစ်တဲ့သူနဲ့ အတူလက်တွဲပြီး သာယာတဲ့ ဘ၀ခရီး လျှောက်လှမ်း နိုင်ဖို့ ဆိုတဲ့ လူငယ်တို့ သဘာဝ ရှိတတ်တဲ့ မျှော်မှန်းချက် တွေတော့ မဟုတ်ပါဘူး၊ လူငယ်နဲ့ မလိုက် ကိုယ့် ခြေအနေနဲ့ မတတ်နိုင်တဲ့ မျှော်မှန်းချက် တစ်ခု သူ့မှာရှိနေလို့ပါ။


သူ့မျှော်မှန်းချက် ဆိုတာ ၂၀၁၀ ခု၊ သြဂုတ်လ က စတင်ခဲ့ တာပါ။ သူ အလုပ်လုပ်တဲ့ စားသောက်ဆိုင်က လူသုံးရာကျော် စားနိုင်တဲ့ ဆိုင်ကြီးပါ။ အာရှ အစားအစာ မျိုးစုံ ရနိုင်ပါတယ်။ ဂျပန်စာ ဖြစ်တဲ့ ဆူရှီ ဌာနမှာ ရန်မျိုးအောင် က ဆူရှီ လိပ်ရသူပါ။

ရန်မျိုးအောင် ဟာ တစ်နေ့တော့ အလုပ်က အပြန် ရေမိုးချိုးပြီး အနားယူ နေချိန်မှာ နိုက်ကလပ် သွားချင် တဲ့ စိတ်တွေ ပေါ်လာခဲ့တယ်။ အသောက်အစား အပျော်အပါးလဲ ၀ါသနာပါသူ မဟုတ်တော့လို့ သွားချင်တဲ့ စိတ်တွေ မဖြစ်ခဲ့တာလည်း ကြာခဲ့ပါပြီ။ ဒီနေ့ တော့ ဘာကြောင့် လို့ရယ် မသိ သွားချင်တဲ့ စိတ်တွေ ပြင်းပြင်းပြပြ ဖြစ်နေတယ်လေ။

မတော်ပါဘူး ဆိုပြီး တီဗွီကြည့်လိုက် ပုတီးစိတ် လိုက်နဲ့ ဖြေဖျောက် ဖို့ ကြိုးစားခဲ့တယ်။ မရဘူး၊ မသွားရ မနေနိုင်လောက် အောင် ဖြစ်နေတယ်။ ကဲ ဒီလောက်တောင် ရှိရင်သွားမယ် ဆိုပြီး ဘယ်သူမှမခေါ် ဘယ်သူမှ မတိုက်တွန်းပဲ သွားချင်လှတဲ့ ဆန္ဒကို ရှေ့တန်းတင်ပြီး ထွက်ခဲ့တော့တယ်။ နိုက်ကလပ် ဆိုလို့  အခြားဆိုင်တော့ မဟုတ်ပါဘူး။ သူအလုပ်လုပ်တဲ့ ဆိုင်ပါ။ နေ့ခင်းမှာ စားသောက်ဆိုင် လုပ်ပြီး ည၁၀-နာရီကျော်မှ ၂-နာရီအထိ နိုက်ကလပ် အဖြစ် ဖန်တီး ပြင်ဆင် လိုက်တာပါ။ 
 
ဆိုင်ထဲရောက် သွားရင်ပဲ “ဘုရား-- ဘုရား--”လို့ရေရွတ် တမ်းတမိပြီး တအံ့တသြ ငေးမော ကြည့်နေမိ တယ်။ တဖက် နံရံမှာရှိ နေတဲ့ (၁၀)ပေခန့် ရှိတဲ့ ဘုရား ဆင်းတုတော်ကြီးကို သူအလုပ်လုပ် တိုင်း မြင်နေ ကျပါ။ ဆိုင်မှာ အလှအပ အဖြစ် ထားတယ်လို့ပဲ သူနားလည် ထားခဲ့ပါတယ်။ ဒီမြင်ကွင်းမျိုး မြင်ရ လိမ့်မယ် လို့ သူမမျှော် လင့်ခဲ့ဘူး။ ခုတော့ ဘုရားခမျာ လှုပ်လှုပ်ရွရွ မြူးတူး ပျော်ပါးနေတဲ့ ကာမ မှောင်တောထဲမှာ သီတင်းသုံးတော် မူနေရရှာတယ်။

အက္ခရာ's photo. 
 
 လူငယ် လူရွယ် (၁၀၀) ခန့်တို့က ရုပ်ပွားတော်ကြီး ၀န်းကျင်မှာ ဖိုမ အစုံစုံ ယစ်မူး အ ဟုန်ဖြင့် အစွမ်း ကုန် မြူး တွန့်နေကြတယ်။ ဘုရားရဲ့ရှေ့တည့်တည့် (၁၀) ပေခန့်အကွာမှ ခုံပေါ်မှာတော့ လက်တစ်ဝါးခန့် အ၀တ်လေးများ ဖုံးအုပ်ထားတဲ့ ညဥ့်ငှက်မ လေးများက သူတို့ ကိုယ်အလှ သူ့တိုအက တွေနဲ့  ကာမမှောင် ကို မှောင်သည် ထက် မှောင်အောင် ဆွဲဆောင်နေပြန်တယ်။

ဘုရား နောက်ကြော နံရံမှ ထွက်လာတဲ့ မှိတ်ချီ ဖွင့်ချီ ရောင်စုံ မီးဆလိုက် များက ဘုရား ဦးခေါင်းတော် ဘေး ၀န်းကျင် ကိုဖြတ်ကျော်ပြီး ညဥ့်ငှက်မ လေးများရဲ့ကိုယ် အလှကို မြင်သာအောင် ထိုးပြ နေပြန်တယ်လေ။ ဘုရားက ရောင်ခြည်တော်ဖြင့် ထိုးပြနေသလို စီမံထားလေ သလားတော့မသိ။ 
 
ဆင်းတု ကိုယ်တော်မြတ်ကြီးက “ငါဘုရား အဇပါလ ညောင်ပင်အောက် သီတင်းသုံးစဉ်က မာရ်နတ် ရဲ့သ္မီးများ ဖြစ်တဲ့ တဏှာ၊ ရတီ၊ ရာဂါ တို့ညီမ သုံးယောက်က ငါဘုရားကို လာဖြားယောင်းဖူးတာ တစ်ခါပဲ ရှိခဲ့ဖူးတယ်။ ဒီ အဖြူမလေးတွေက ညတိုင်း လာဖြားယောင်းနေပါလား ” လို့ တွေးထင်တော် မူလေ မလား မသိ။ ရန်မျိုးအောင်တော့ ဘုရားကြီးအတွက် စိတ်မသက်မသာ ဖြစ်ခဲ့ရပြီ။

ရန်မျိုးအောင်ဟာ မောင်မယ် အစုံများကို တိုးဝှေ့ပြီး ဘုရား အနီးချဉ်းကပ် သွားခဲ့တယ်။ အလား--လား-- ပိုဆိုးပါလား။

စကပ်လေး တိုနန့်နန့် နဲ့ မိန်းကလေး က ဘုရားခုံ ပေါ် ထိုင်ပြီး ဘုရားပေါင်တော် ကို သူ့ပေါင် နဲ့ ထိထိုင် ကာ စတိုင် ကျကျနဲ့ အရက်ခွက် ကို ကိုင်လို့၊ တစ်ချို့ က ဘုရားခြေတော် လက်တော်တွေပေါ် မှာ အရက် ခွက်တွေတင်ထားပြန်တယ်။
 
ဒီထက် ဆိုးတာက မိန်းကလေးက ဘုရားကို ကျောမှီနေပြီး သူ့တွဲဖက် ကောင်လေးက ဘုရားပေါ်လက်ထောက် ကာ ပူးကပ် ပွတ်သပ်လို့ ရစ်မူး နေပြန်တယ်။

ရန်မျိုးအောင် ဟာ ဘုရား ရုပ်ပွားတော်ကြီး ၀န်းကျင်မှာ ဖြစ်ပျက် နေပုံများကို ကြည့်ပြီး ဒေါ သတွေ ချောင်းချောင်း ထွက်မိတယ်၊ ဖြစ်နိုင်ရင် ၀ါးရင်း ဒုတ်နဲ့ အားလုံးကို မောင်းထုတ် ပစ်လိုက်ချင်တယ်။ မပြုဝံ့ပါပေ၊“ခါကျဉ်ကောင် မာန်ကြီးပေမဲ့ တောင်ကြီးကို တဲ့ ဖြိုမယ့်ကြံ ခါးက မသန်” ဆိုသလို သာမန် အလုပ်သ္မားလေး ရန်မျိုးအောင် ဘာတတ် နိုင်ပါမည်နည်း။

ရန်မျိုးအောင်ဟာ ဘုရား ရုပ်ပွားတော်ကြီးကို ကြည့်ပြီး ကြိတ်မနိုင် ခဲမရ ဖြစ်နေရတယ်၊ လှုပ်လှုပ်ရွရွ တွန့်လိမ် ပွတ်သပ် နေတဲ့မြင်ကွင်း၊ မြူးကြွ ဆူညံနေတဲ့ ဂီတသံ၊ ထောင်းထောင်းမွှန် နေတဲ့ အရက်နံ့၊ မျက်နှာတော် တည့်တည့် မှာ တစ်ကိုယ်လုံး နီးပါးပေါ်နေတဲ့ ကခြေသည် မလေးတွေရဲ့တုန်ကာ လှုပ်ကာ မြူဆွယ်ပြနေတဲ့အက၊ ဒီ ၀န်းကျင်မှာ နေရရှာတဲ့ ဘုရား ရုပ်ပွားတော်ကြီး ခမျာ စိတ်တော် ဆင်းရဲ ရှာမှာ ပဲနော်လို့ သူ့အတွေး သူ့အမြင်နဲ့ ရုပ်ပွားတော်ကြီးကို သိပ်သနား နေမိတယ်။ 
 
ဘုရားဆိုတာ သနားစရာ မဟုတ်ပေမဲ့ သူ့ရင် ထဲမှာ တော့ တကယ် သနားနေမိတယ်။ ဘုရားနဲ့ ဒီဝန်း ကျင်က လုံးဝ ဆန့်ကျင် နေတယ်လေ။ ဘုရား ရုပ်ပွားတော်ရဲ့ မျက်နှာတော်ကို စိုက်ကြည့် မိရာက သူ့ရင် ထဲမှာ “ဒါယကာလေး ရန်မျိုးအောင်၊ ငါဘုရားကို တစ်ခြားနေရာကို ပင့်နိုင်ရင် ပင့်စမ်းပါကွာ” လို့ မိန့်တော် မူနေသလို ခံစားမိပြန်တယ်။
 
 ဖြစ်နိုင်တယ်၊ ဒီနေ့ည ဒီနေရာကို ရောက်လာရခြင်းမှာ သာမန် ရောက်လာခြင်း မျိုးမဟုတ်၊ လာချင်တဲ့ ဆန္ဒတွေ ပြင်းပြ လွန်းလို့ အရောက် လာခဲ့ရတာ။ ဘုရားစောင့် နတ်တွေ ကများ ဒီမြင်ကွင်းကို ခေါ်ပြလေ သလား မသိ။

မည်သို့ပင်ဖြစ်စေ အခြေ အနေ အရပ်ရပ်ကို သူ သိလိုက်ရပြီ။ အမျိုး ဘာသာ သာသနာ အတွက် လူတိုင်း မှာ တာဝန် ရှိတယ်။ တာဝန်ရှိ သူဟာ တာဝန် ကို သိရမယ်။ သိသည့် အတိုင်းလဲ ဆောင်ရွက်ရမယ်။ ရန်မျိုးအောင် ဟာ လူငယ်ပေမဲ့ စိတ်ထား သေးငယ်သူတော့ မဟုတ်။

တာဝန်ရှိလာရင် ဆောင်ရွက်ရန် အဆင်သင့်၊ သာသနာ အတွက် ဆိုရင် ပိုလို့ပင် ကြိုးစား ချင်သူ။ ဒီကာမ အမှောင် အတွင်းက ဗုဒ္ဓ ရုပ်ပွားတော်ကြီး ကို ပင့်ထုတ် ရမယ့် တာဝန်ဟာ ငါ့တာဝန် လို့ ဦးထိပ်မှာ တင် ကာ ခံယူလိုက်တော့ တယ်။ “ဘုရားရုပ်ပွား တော်ကြီး ကို ငါ ရအောင်ပင့်မယ်”လို့ သံဒိဋ္ဌာန်ချ ဆုံးဖြတ် လိုက်တယ်။ သူရဲ့ အဓိပတိ စွမ်းအား ရှိတဲ့ ဆန္ဒ အလင်းရောင်ဟာ ဒီဝန်းကျင် ကာမမှောင် ကို ကျော်လွန် ကာ တောက်ပခဲ့ပေပြီ။

ရန်မျိုးအောင် ဟာ နောက်နေ့မှာ စောစော အလုပ်ဆင်းဖြစ်တယ်။ ဆူရှီ ဘားမှာ အလုပ်လုပ် ရင်း ဆိုင်ရှင် သူဋ္ဌေး အလာကို စောင့်နေတယ်။ သူဋ္ဌေး ရောက်လာပြီး ခဏမှာ ဘုရားအတွက် ဆန္ဒပြင်းပြနေတဲ့ ရန်မျိုးအောင် ဟာ ရဲရဲ ၀ံ့ဝံ့ သူဋ္ဌေး ရုံးခန်းထဲ သို့ ၀င်ခဲ့ ရာ မခေါ်ပဲနဲ့ ရောက်လာတဲ့ အလုပ် သ္မားကို သူဋ္ဌေး က ခပ်စိမ်းစိမ်း မော့ကြည့်တယ်။

“သူဋ္ဌေးကို ပြောစရာရှိလို့ပါ”
“အေး-ပြော”
“ဒီဆိုင်ထဲက ဗုဒ္ဓ ပုံတော်ကြီး ကို ကျွန်တော့် ကို ရောင်းပါ၊ ဘယ်လောက်ပေးရ မလဲ။ ဒါမှ မဟုတ် ကျွန်တော် လုပ်ခ မယူပဲ တနှစ် လုပ်ပေးပါ့မယ်”
ရန်မျိုးအောင် ဟာ သူ့ကြံစည် ထားတဲ့ အတိုင်း ဟောဟော ဒိုင်းဒိုင်း ပြောချလိုက်တယ်။

သူဋ္ဌေး က ဒီကောင် မတန် မရာ ဘာတွေ လာပြောနေတာလဲ ဆိုတဲ့ သဘောမျိုးနဲ့ လှောင်ပြုံး ပြုံးလိုက်ပြီး ဦးခေါင်း ကို ငြင်သာစွာ ရမ်းပြလိုက်တော့  ရန်မျိုးအောင် ခေါင်းငိုက်ဆိုက်ဖြင့် အခန်းထဲက ထွက်ခဲ့ ရရှာ တော့တယ်။ ပြောဆို မာန်မဲ မလွှတ်လိုက် သည် ကိုပင် ကျေးဇူး တင်ရမလို။

ရန်မျိုးအောင် ဟာ အလျှော့ မပေး စိတ်ဓါတ် မကျခဲ့၊ ဆိုင်မန်နေဂျာ အမျိုးသ္မီး ထံ ချဉ်းကပ်ပြီး သူဋ္ဌေးကို ကူညီပြောပေးပါရန် အသနား ခံခဲ့တယ်။ မန်နေဂျာ ကလဲ မဖြစ်နိုင်ကြောင်း နှစ်သိမ့် စကားသာ ပြောတယ်။ ရင်းနှီးနေ လို့ မန်နေဂျာ ကိုတော့ အခွင့်သင့် တိုင်း အကူအညီ တောင်းဖြစ်တယ်။ ဘာမှတော့ အကြောင်း မထူးခဲ့။ 
 
တစ်နေ့တော့ မန်နေဂျာ ကို ပြောမိတယ်.....
" ဒီဗုဒ္ဓ ရုပ်ပုံတော်က ငါတို့ ဗုဒ္ဓဘာသာ တွေ အတွက် အထွတ် အမြတ် ကိုးကွယ်တဲ့ ဗုဒ္ဓ၊ နင်တို့ ကိုးကွယ် တဲ့ ဘုရား ကို အခုလို မရိုမသေ မဖွယ်မရာတွေ ပြုလုပ်နေတာ ကို တွေ့ရင် နင်တို. ကြိုက်ပါ့မလား။ ငါတို့ ဗုဒ္ဓကို ဒီလိုပြု လုပ်နေတာကို မြင်ရတော့ ငါ သိပ်စိတ်ဆင်းရဲ ရတယ်။ ” လို့ မအောင့်ပဲ ခံစား မိတဲ့ အတိုင်း ပြောချလိုက်မိတယ်။

သူတို့ အားလုံး က ဗုဒ္ဓဘာသာ မဟုတ်ကြဘူးလေ။ ရန်မျိုးအောင် ရဲ့ စကားကြောင့် မန်နေဂျာ ငိုင်ပြီး တွေဝေ သွားတယ်။ သူပြော တာ အမှန်တရားပဲ လို့ ယူဆသွားပုံ ရတယ်။ အသိတရား ရှိသူတိုင်း အမှန် တရားကို လက္ခံ ကြမည်သာ…။ ပြောချင်တာတွေ ပြောလိုက် ရလို့ ရန်မျိုးအောင် ရင်ထဲမှာ အနည်း ငယ် ပေါ့သွားတယ်။ သူဋ္ဌေးကိုလဲ ပြောပြ လိမ့်မယ်လို့ မျှော်လင့်မိရင်း ကျေနပ်နေမိတယ်။

ရန်မျိုးအောင် မှာ သူဋ္ဌေးက မခန့် ပါပဲ အလုပ်တစ်ခု တိုးခဲ့ပြီ်၊ အလုပ်ကို စောစောလာပြီး ညက မြူး တူး ပျော်ပါး သောက်စားကြ ရင်း ဗုဒ္ဓ ရုပ်ပွားတော်ကြီးပေါ်မှာ တင်ထား ခဲ့တဲ့ အရက် ခွက်တွေ၊ ပေ ကျန် နေတဲ့ အရက် စက်တွေ၊ ဘုရားဝန်းကျင် မှာ စွန့်ပစ် သွားကြတဲ့ အရက် ခွက် တွေကို သုတ်သင် ရှင်းလင်းတယ်။

ပြီးရင် သရဏဂုံ သုံးပါးနဲ့ ဘုရားဂုဏ်တော် ကိုးပါးကို အခေါက်ခေါက် အခါခါ ရွတ်ဆိုပြီး ပူဇော် ကန်တော့ တယ်၊

ဘုရားကြီး ကို ပင့်နိုင် ရပါလို၏ လို့ လည်း အကြိမ်ကြိမ် ဆုတောင်းမိတယ်။ ဒါသည်ပင် သူ့ရဲ့နေ့စဉ် အလုပ်၊ နေ့စဉ် ကုသိုလ် တစ်ခု ဖြစ်ခဲ့လေပြီ…။ ဒီလိုနဲ့ ရက်တွေ လတွေ ပြောင်းခဲ့ပေမဲ့ ရန်မျိုးအောင် မျှော် လင့်ချက် ကတော့ ဘာမှအကောင် အထည် ပေါ်မလာသေး။

“ဆန္ဒ၀တော ကိံနာမကိစ္စံ န သိဇ္ဈတိ” ( ပြင်းထန်သော ဆန္ဒရှိသူသည် ဘယ်ကိစ္စမဆို မပြီးသည် မည် သည် မရှိ ) ဆိုသည့် အတိုင်း ဘုရားပင့် လိုတဲ့ ဆန္ဒက ပိုလို့ ပိုလို့ပင် တိုးလာမိတယ်။

ဒုတိယအကြိမ် သူဋ္ဌေးရုံးခန်း ထဲသို့ ၀င်ခဲ့မိပြန်တယ်။ “သူဋ္ဌေးကို ဒေါ်လာ ခြောက်ထောင်လဲ ပေးပါ့မယ်၊ ခြောက်လလဲ လုပ်အားခ မယူပဲ အလုပ်လုပ်ပေးပါ့ မယ်၊ ကျေးဇူးပြုပြီး ဗုဒ္ဓပုံတော်ကြီး ကျွန်တော့် ကို ရောင်းပေးပါ” ၊ ရန်မျိုးအောင် က ဒီတခါတော့ ပုံစံ တစ်မျိုးပြင်ပြီး တောင်းဆို လိုက်တယ်။

သူဋ္ဌေးရဲ့ မျက်နှာဟာ ပထမ အခါလို မဟုတ်တော့လို့ ရန်မျိုးအောင် အားတက်မိ တယ်။ မန်နေဂျာ ကလဲ ပြောထားလိမ့် မယ်လို့ သူထင်မြင်မိတယ်။ “မင်း ဒီလောက်တောင် လိုချင်နေရင် ဒီနေရာမှာ အစား ထားဖို့ နဂါးကြီး တစ်ကောင် ရှာပေးပါ” ။ ရန်မျိုးအောင် သိပ်ပျော်သွားတယ်၊

“ဟုတ်ကဲ့၊ ကျွန်တော် ရှာပေးပါ့မယ်”လို့ဝမ်းမြောက်ဝမ်းသာ ကတိ ပေးလိုက်တယ်။

အလုပ် အားရက်တိုင်း ရန်မျိုးအောင် နဂါး ရှာပုံတော် ဖွင့်လေပြီ။

သူငယ်ချင်း ကိုမိုးဝင်း တို့ ဇနီးမောင်နှံ ကလည်း ကူညီ ရှာပေးတယ်။ လော့စ် အိမ်ဂျလိစ် မှာ ရှိတဲ့ ဆိုင်ပေါင်းစုံကို အနှံ့ ရောက်ခဲ့ပြီ။ အသိ မိတ်ဆွေ များကိုလည်း ဖုံးဆက် စုံစမ်းတယ်။ စာရေးသူထံ ကိုလည်း ဖုံးဆက် ခဲ့တယ် ။

“ဆရာတော် နဂါးရုပ် ကြီးကြီး ဘယ်မှာ ရနိုင်မလဲ ဘုရား။”

“တရုပ် ဆိုင်တွေမှာ ရှိမှာပေါ့ကွာ”လို့ လွယ်လွယ်ပဲ ဖြေလိုက်တယ်။ အကျိုး အကြောင်းလည်း မမေးလိုက် မိပါ။

နဂါး ရှာရင်း ငွေခြောက်ထောင် အတွက် လည်း ရှာရသေး၊ တကယ်တော့ သူ့မှာ မရှိ၊ သိမ်းထား တာလေးတွေ တွက် ချက်ကြည့် လိုက်တော့ သုံးထောင်သာ ရှိပြီး သုံးထောင် လိုသေးတယ်။ ဘုရားပင့်ဖို့ သယ်ယူ စရိတ် ကလည်း တစ်ထောင် လောက် ကုန်လိမ့်မယ်။ လေးထောင်ပင် လိုသေး၊ ဘယ်လို လုပ်ရ ပါ့။
 
 ခေါင်းကုတ် လို့ ကြံသော်လည်း အကြံက မထွက်။ ချေးးဖို့ ငှါးဖို့ဆိုတာလဲ မလွယ်ကူလှ။ ရှိတဲ့ပစ္စည်း ကြည့်ပြန် တော့လဲ ဆွဲကြိုး တစ်ကုံးနဲ့ မော်တော်ကား သာ ရှိရဲ့ ။ ကားကလဲ အလုပ်သွား  ဖို့ အတွက် မရှိ မဖြစ်ပြန်။ ကြံရာ မရနိုင်ခဲ့၊ မိမိ ငှါးရမ်းနေတဲ့ ၁၀-ပေ ၁၅-ပေ အခန်းလေး ထဲမှာ ငွေလေး များ တွေ့ လိုတွေ့ငြား လှန်လှော မွှေနှောက် ရှာမိပြန်တယ်။ ဗလာနတ္ထိ ဘာတစ်ခုမှ မရှိပါပေ။

ရန်မျိုးအောင် ဇွဲမလျှော့ ဆန္ဒမပျက်၊ ဘုရား အတွက် ဘ၀ကို ပင် ပေးဆပ် ချင် ပေးဆပ်ရပါစေ၊ ငါဖြစ်အောင် လုပ်မယ်လို့ ဆုံးဖြတ်ထားပြီး ဖြစ်ရာ ကားကို ရောင်းမယ်၊ အိမ်နဲ့ အလုပ်က လေးမိုင် ပဲဝေးတာ၊ လမ်းလျှောက် သွားမယ်။ ဘုရား အတွက်ပဲ ဒီလောက်တော့ ဒုက္ခခံရမှာပေါ့။ ရန်မျိုးအောင် ကိုယ့်ဆုံးဖြတ်ချက် ကိုယ် သိပ်ကျေနပ်မိတယ်၊ ပီတိဖြစ်မိတယ်။ 
 
ခက်ခက်ခဲခဲ အိပ်သွန် ဖာမှောက် ဒါနမြောက်အောင် လှူဒါန်း တဲ့ စေတနာဟာ အလွန် အကျိုးကြီး တယ်လို့ မြန်မာပြည် မှာကတည်းက ကြားခဲ့ဖူး နာခဲ့ဖူးတယ်။ ဒါပေမဲ့ အကျိုးကို သူမမျှော်၊ ကာမအမှောင် အတွင်းက ဘုရား ရုပ်ပွားတော်ကြီး ပင့်ထုတ်နိုင်ဘို့ သာ အဓိကမျှော်မှန်းချက်။

အလုပ် အားရက်မှာ နဂါးရှာ ထွက်ရင်း ကားအဟောင်း ရောင်းဝယ် တဲ့ ဆိုင်တွေ ကို သူ့ကား ဈေးနှုန်း စုံစမ်း တယ်။ ရွှေဆိုင်မှာ သူ့အမေ ပေးထားတဲ့ အမြတ်တနိုး ဆွဲကြိုး ကိုလဲ ဈေးစုံ စမ်းလိုက် တယ်၊ နှစ် ခုပေါင်း လိုက်တော့ လေးထောင်ကျော် လောက် ရမယ်လေ။ ဟုတ်ပြီ၊ ရန်မျိုးအောင် သိပ်ပျော်သွားပြီ၊ ဘာမှ ပူစရာ မလိုတော့။ ဟန်ကျလိုက်ပုံက နဂါးကိုလဲ တွေ့လိုက်ပြန်သေး၊ ၇-ပေခန့် ရှိတဲ့ နဂါးကြီး တောင် ပံကြီး နဲ့ လှမှလှ၊ သူဋ္ဌေးတော့ သိပ်သဘော ကျလိမ့်မည်။ ရန်မျိုးအောင် ပျော်မဆုံးတော့၊ သူငယ်ချင်းကို မိုးဝင်း ကို ပုခုံးကို လက်သီးနဲ့ ထိုးပြီး.....

“အောင်ပြီကွ”လို့ ကြွေးကြော်မိတယ်။

နောက်ရက် အလုပ် ဆင်းတော့ ၀တ္တရား မပျက် ဘုရားကြီး ကို သန့်ရှင်း ပူဇော်ပြီး ဘုရား ရဲ့လက်တော်ကို လက်နှစ်ဖက် နဲ့ တင်းကျပ်စွာ ကိုင်ကာ “အရှင် ဘုရားကို ပင့်နိုင်တော့ မည် ဘုရား” လို့ အားပါး တရလျှောက် ထားလိုက်မိတယ်။

သူဋ္ဌေး လာတော့ သူဋ္ဌေးရုံးခန်း ထဲကို အောင်လံ ကိုင် သွားသူလို ရွှင်လန်း တက်ကြွစွာ ၀င်ခဲ့ပြန်တယ်။ တတိယ အကြိမ် ၀င်ခဲ့ခြင်းပေါ့။

“ ရန်- မင်းနဂါးတွေ့ပြီလား။”
“ဟုတ်ကဲ့၊ တွေ့ခဲ့ပြီ၊ နဂါးကြီးက သိပ်လှတာပဲဗျာ”
မင်း နဂါးက ဘယ်နှစ်ပေလောက် ရှိလဲ။”
“၇-ပေ ရှိပါတယ် ခင်ဗျာ"
“ငယ်တယ် ကွာ၊ ငါက ၁၀ ပေ အထက်နဂါးပဲ လိုချင်တယ်”

ရန်မျိုးအောင် ရဲ့အောင်လံ ကို အချိုးခံ လိုက်ရပြီ။ ခေါင်းငိုက်ဆိုက်ဖြင့် ထွက်ခဲ့ ရပြန်ပြီ။ ခဲလေသမျှ သဲရေကျပြီထင့်…။ ရန်မျိုးအောင် ဟာ ဆူရှီဘား မှာ ထိုင်ကာ ငိုင်နေမိတယ်၊ ဘာလုပ် ရမလဲလို့ စဉ်း စားနေမိတယ်။ ဆိုင်ပေါင်း စုံ ရောက်ခဲ့ပြီးဖြစ်လို့ ၁၀-ပေလောက်ကြီးတဲ့ နဂါး မရှိဘူး ဆိုတာလဲ သူသိ ထားပြီး ဖြစ်သား။ ဇာတ်လမ်း ကတော့ ပြီးလေပြီ.. ။

ဒါပေမဲ့ ရန်မျိုးအောင် အရှုံးမပေးချင် ဆက်လက် ကြိုးစားချင်တယ်။ လမ်းစလဲ မမြင်။ အဖန်ဖန် အထပ်ထပ် ရှာကြံ စဉ်းစား ဆင်ချင် မိပြန်တယ်။ ခေါင်းထဲ မှာ ဉာဏ်အလင်းရောင် ပေါ်လာတယ်။ “ဟုတ်ပြီ - ဘုရားမှ တစ်ပါး အားကိုးရာ မရှိဘူး၊ ဘုရားဂုဏ်တော် တွေကို ရွတ်ပွားပြီး သစ္စာဆိုမယ်” လို့ မျက်စိလယ် လမ်းပျောက်နေသူ လမ်းမှန် တွေ့သလို အရမ်း အားတက်သွားတယ်၊

ဘုရား ဂုဏ်တော်တွေ ရွတ်ဆိုရင်း ဆူရှီလိပ် လေတော့တယ်။ ရန်မျိုးအောင် တစ်ယောက် ဂုဏ်တော် ပေါက်လေ မလား၊ လူပေါက် နေသူလို့ ထင်ကြလေ မလား မသိ၊ တချိန်လုံး ဂုဏ်တော်တွေကို သာရွတ်နေတော့တယ်။ အလုပ်သွား အလုပ်ပြန် ကားမောင်းရင်းလဲ ဂုဏ်တော် ရွတ်၊ ဈေးသွား ဈေး ၀ယ်ပြန်ရင်လဲ ဂုဏ်တော်ရွတ်၊ ချက်ရင်းပြုတ်ရင်း အိမ်မှာနေရင်းလဲ ဂုဏ်တော်ရွတ် ၊ တစ်ခါတရံ အာခေါင်တွေ ခြောက်ပြီး လျှာပင် ပူလာတဲ့ အထိဖြစ်ခဲ့ရတယ်။ 
 
ဒီအထဲ အလုပ်ကလဲ ပူလာပေပြီ၊ သူ့ ဆူရှီဘားတွင် အလုပ် သ္မား သုံးယောက် လုပ်နေရာမှ အခြားနှစ်ယောက် ကို စီးပွားရေး မကောင်း ဟုဆိုကာ ရှေ့ဆင့်နောက်ဆင့် ဖြုတ်ပစ် လိုက်ရာ၊ သုံးယောက် တာဝန်ကို တစ်ယောက် တည်း လုပ်နေရ တော့တယ်။ မပြီးသေး ဘူးလား၊ ကြာလှ ချည့်လားလို့လဲ မကြာ မကြာ အအော် ခံရ၊ အဆူခံရ ပြန်တယ်။

ရန်မျိုးအောင် စိတ်ညစ် လာပြီ၊ အလုပ် က နှစ်ဆလောက် ပိုပင်ပမ်း၊ ဟောက်လိုက် ဆူလိုက် တာ ကလဲ နေ့ စဉ်လို ဖြစ်နေတော့ အလုပ် ထွက်တော့မယ် လို့စိတ်ကူး မိတယ်၊ မဖြစ်သေးပါ၊ ဘုရားကြီးကို ထားခဲ့ လို့ မဖြစ်သေးပါ၊ ဘုရားကြီး ကို တစ်ပါတည်း ပင့်နိုင်မှ ငါထွက်တော့ မယ်လို့ စိတ်ဒုန်းဒုန်း ချကာ ပင်ပမ်း သမျှ၊ ဆူ သမျှတွေကို သည်းခံပြီး ဂုဏ်တော် တွေကိုသာ အဖန်ဖန် ရွတ်ပွားနေတော့တယ်။ တရွေ့ရွေ့ဖြင့် အောက်တိုဘာလ နောက်ပိုင်း သို့ ပင်ရောက် ခဲ့ပေပြီ။ ဘုရားကြီး ၀န်းကျင် မှာ မြူး တူးပျော်ပါး ကနေကြဆဲ၊ ရန်မျိုးအောင် လည်း ဘာရန်မှ မအောင်နိုင်ရှာ ဂုဏ်တော်သာ ရွတ်နေဆဲပင်။

တစ်နေ့တွင် သူဋ္ဌေး ရဲ့ ဖခင် အဖိုးကြီး ဆိုင် ကိုရောက် လာတယ်၊ ရန်မျိုးအောင် အလုပ်လုပ် နေရာမှ ထွက် လာပြီး အဖိုးကြီး ကို ရိုရိုသေသေ ပြင်ဆင်ကျွေးမွေး ပြုစုတယ်။ အဖိုးကြီး ကို မေတ္တာပို့ တယ်၊ အဖိုးကြီး မပြန် မချင်း စူးစူး စိုက်စိုက် ပို့ နေမိတယ်။ ဂုဏ်တော် အစွမ်း မေတ္တာပန်း တို့က အချည်းအနှီး မဖြစ်ပါပေ။ ဗုဒ္ဓဘာသာဝင် တို့ရဲ အား အကောင်းဆုံး လက်နက်များ ပင် မဟုတ်ပါလား။ လက်နက်ကောင်း တွေ ရှိပါ လျှက် မသုံး တတ်လျှင် အောင်ပွဲဆင်နိုင်မည် မဟုတ်ပေ။ ရန်မျိုးအောင် ကတော့ သူပိုင်လက်နှက်များဖြင့် ဒလစပ် ပစ်ခတ်နေပေပြီ။

နောက် တစ်ပတ်လောက် မှာ ရန်မျိုးအောင် ရဲ့မွေးနေ့ ရောက်လာတယ်၊ နိုဝင်္ဘာလ ၂ ရက်နေ့ပေါ့၊ ဆိုင် ကို စောစော လာပြီး ပြုလုပ် နေကြဖြစ်တဲ့ ဘုရား ဆင်းတုတော်ကြီး ကို သန့်ရှင်းရေး လုပ်တယ်။ ပါလာတဲ့ ပန်းစည်း ကို မွေးနေ့ ကုသိုလ် အဖြစ် ဘုရားရဲ့ လက်တော် ထဲ ကပ်လှူပြီး ၀တ်ပြု ဂုဏ်တော်ပွား ဆုတောင်း ပါ တယ်၊ ဆုတောင်း ရပေမဲ့ အားသိပ် မရှိလှပါဘူး၊ သူ့ ခံစားချက် အတိုင်း ဘုရားကြီး ကို သနား စိတ်တွေ ဖြစ်နေမိတယ်။ 
 
ဒါပေမဲ့ ဆင်းတုတော်ကြီး ရဲ့ မျက်နှာတော် မှာ ခါတိုင်းနေ့ထက် ကြည်လင် တောက်ပနေတယ် လို့ ရန်မျိုးအောင် ထင်နေမိတယ်.. ။ ဘုရား ၀တ်ပြုပြီး အလုပ်လုပ်နေစဉ် သူဋ္ဌေးခေါ်တယ် ဆိုလို့  ရန်မျိုးအောင် လန့်သွားတယ်။ ငါ့များ အလုပ်ဖြုတ်တော့ မှာလားဆိုတဲ့ အတွေးက ပဌမဆုံး ၀င်လာခဲ့ တယ်၊ ဖြစ်နိုင်တယ်၊ သူတို့ ဆိုင်မှာ စီ်းပွားရေး အရ အဓိက ထားတဲ့ ဘုရား ရုပ်ပွားတော်ကြီးကို ရန်မျိုးအောင် ထုတ် ယူဖို့ ကြိုးစားခဲ့ပြီ။ 
 
ဘာသာရေး ပြဿနာများ ဖြစ်ပေါ်လာအောင် ဖန်တီး သူလို့လဲ ထင်မြင်နိုင်တယ်။ ဓါတ်ပုံ ရိုက်ခွင့် မရှိ တဲ့ နိုက်ကလပ် အချိန် မှာလဲ ရန်မျိုးအောင် ဓါတ်ပုံတွေ ခိုးရိုက် ခဲ့ပြီ။ သူ ရည်ရွယ် တာက ဘုရားကြီးကို ငါ ပင့်လို့ မရနိုင်ခဲ့ ရင် ဓါတ်ပုံတွေပြပြီး အကူအညီ တောင်းမယ် ဆိုတဲ့ ရည်ရွယ်ချက် နဲ့ ရိုက်နေတာပါ။ ဒါကို အစောင့်တွေမြင်ပြီး သူဋ္ဌေးအား တိုင်ကောင်းတိုင် ပေလိမ့်မယ်။

သူတို့ အမြင်တော့ ရန်မျိုးအောင် ဟာ အပြစ်ရှိသူ တစ်ယောက်ပါ။ ဒီဆိုင်မှာ မရှိသင့် သူတစ်ယောက်ပါ။ ဒါကို ရန်မျိုးအောင် အသိ၊ သိလို့လည်း မာဖီးယား လို အင်အားကြီး တဲ့ သူတွေမို့ ငါ့ကို ရန်ပြု လေမလား ဆိုပြီး သတိကြီးစွာ နဲ့ နေခဲ့ရတယ်။ တစ်ချိန်ချိန် မှာ အလုပ်ဖြုတ်ပစ် နိုင်တယ်လို့ မျှော်လင့် ထားပြီးသား.. ။

ဒီမျှော်လင့်ချက် နဲ့ သူဋ္ဌေး ရုံးခန်းထဲ ၀င်ခဲ့ ရပြန်တယ်။ ဒါ စတုတ္ထ အကြိမ်ပါ၊ ဒီ တစ်ခါတော့ သူတောင်းဆို ဖို့ ၀င်လာခြင်း မဟုတ်၊ အမိန့်နာခံ ဖို့ ၀င်လာခြင်းပါ၊ နောက်ဆုံး စီရင်ချက်များ ဖြစ်လေမလား။ ရင် တထိတ် ထိတ်နဲ့ပေါ့။

သူဋ္ဌေးက ချိုသာသော မျက်နှာနဲ့
“ရန်-လာ၊ ထိုင်”လို့ ကြိုဆိုနှုတ်ဆက်တော့ ရန်မျိုးအောင် အနည်းငယ် စိတ်သက်သာသွားတယ်။
သူဋ္ဌေးက သူ့ကို ပြုံးရွှင်စွာကြည့်ပြီး
 
“ရန်- မင်း လိုချင်တဲ့ ဗုဒ္ဓကြီး ကို မင်း ယူလို့ ရပြီ။”
“ဟာ-တကယ်လား”ရန်မျိုးအောင် အရမ်း ၀မ်းသာ သွားကာ၊ ထခုန်ချင်လောက်အောင် ပင်ဖြစ်ခဲ့ရတယ်။
သူဋ္ဌေးအား လက်အုပ် ချီကာ “ကျေးဇူးတင် လိုက်တာဗျာ”လို့ လှိုက်လှိုက် လှဲလှဲ ဆိုမိတယ်။
 
သူဋ္ဌေးက ဆက်ပြောတယ်
“ဒီကောင်လေး ဆိုရင် ပေးလိုက် ပါလို့ ငါ့ အဖေက ပေးခိုင်း တာကြောင့် ပေးတာပါ။” လို့ သူ့ ဖခင်ရဲ့သဘော ထားကို ပါရှင်းပြတော့။
“သြော်- ဟုတ်လား၊ အန်ကယ် ကိုလဲ ကျေးဇူးတင်ကြောင်း ပြောပေးပါဗျာ။ အရမ်းကို ကျေးဇူးတင်ပါတယ်။”
ရန်မျိုးအောင် သိလိုက်ပါပြီ၊ ဂုဏ်တော် များနဲ့ထုံမွှန်းထား တဲ့ မေတ္တာ စွမ်းဟာ အဖိုးကြီး ရဲ့ နှလုံးသားကို ထိမှန်ခဲ့ပေပြီ။

ဘုရား ဂုဏ်တော် တို့ ရဲ့  အစွမ်း အာနိသင် ကိုလဲ လေးလေးနက်နက် ယုံကြည် မဆုံးတော့..။ သဗ္ဗညုတ ဘုရားရှင် သည် သုံးလောက တွင် အအောင်မြင်ဆုံး အမြတ်ဆုံး။ ဗုဒ္ဓ ၏ ဂုဏ်တော်များ ထုံမွှန်း ထားသူ မှာလည်း ကိုယ့်ပမာဏ အလိုက် အောင်မြင် ရမည် မှာမုချ..။

ရန်မျိုးအောင် ဟာ မိမိ ဘ၀ တိုးတက်ရေး အတွက် ထို အားကိုးရာ လက်နှက်ကောင်း တစ်ခုကို ယုံကြည် ချက် အပြည့်ဖြင့် လက္ခံ ရရှိလိုက်ပေပြီ။ ၀မ်းသာလွန်း၍ သူငယ်ချင်း ကိုမိုးဝင်း ကိုလဲ အကြောင်းစုံ ဖုန်းဆက် ကာ ရည်မှန်းထားသည့် အတိုင်း ကားနှင့် ဆွဲကြိုးကို အတူသွားရောင်းရန် ရက်ချိန်း လိုက်တော့ တယ်။ ရန်မျိုးအောင် ဟာ အလုပ်သွား အလုပ်ပြန် ခြေလျှင် သွားရမည့် ဒုက္ခကို သူမမြင်၊ ဘုရားကြီး ပင့်နိုင်ရေး ကသာ အဓိက မျှော်မှန်းချက်။

ကိုမိုးဝင်း ကမူ ရန်မျိုးအောင် ရဲ့ဒုက္ခကိုမြင်ကာ သနားကရုဏာ ဖြစ်နေတယ်။ ရန်မျိုးအောင် ရဲ့ေ စတနာ သဒ္ဓါ တွေ ကိုလည်း လေးစား နေမိတယ်။ ချိန်းတဲ့ ရက်မှာ ကိုမိုးဝင်း အိမ်မှာ ဆုံကြတယ်။ ရန်မျိုးအောင် က ဖြစ်ခဲ့တာတွေ၊ ကားရောင်း မဲ့ အစီအစဉ်တွေ ကို အားရ ၀မ်းသာနဲ့ ပြောပြတယ်။ ကိုမိုးဝင်းက မှတ် ချက်ပေးတယ်“ရန်မျိုးအောင်-မင်းမှာ လည်း ဘာမှ မကျန်တော့ဘူး၊ လူပဲ ကျန်တော့တာ ပါလား” 
 
ရန်မျိုးအောင် အားရပါးရ ရယ်လိုက်တယ်၊ ဒီ စကားကို သိပ် သဘောကျ သွားပုံရကာ “ဟုတ်တယ် ကိုမိုးဝင်း၊ လူပဲ ကျန်တော့တယ်၊ လူလဲ ဘုရား ကျွန် ဖြစ်ချင်ဖြစ်ပါစေ၊ ကျွန်တော် တို့က တစ် သံသရာလုံး သားကျွန် မယားကျွန် ဖြစ်ခဲ့ရတာဗျ၊ ဘုရားကျွန် ဖြစ်ခွင့် ရခဲ ပါတယ်ဗျာ။” အရွယ်နဲ့ မလိုက်တဲ့ ရန်မျိုးအောင် စကားကြောင့် ကိုမိုးဝင်း အံ့သြသွားကာ “ကောင်းပါတယ်ကွာ၊ မင့် စိတ်ဓါတ်ကို ချီးကျူး ပါတယ်၊ လေးစားပါတယ်။ မင်းကို သနားလဲ သနားမိပါတယ်။ 
 
ဒို့ လင်မယား မင့်ကို ကူညီဖို့ တိုင်ပင် ထား တယ်။ ကားလဲ သွားမရောင်းပါနဲ့၊ မင်းလိုတဲ့ ငွေကို ငါတို့ ချေးပေး ပါ့မယ်။” “ဟာ- တကယ်။ ၀မ်းသာ လိုက်တာဗျာ” ဟုပြောပြောဆိုဆို ကိုမိုးဝင်းကို ဖက် ကာ ဝှေ့ရမ်း လိုက်မိတယ်။ ဇနီးဖြစ်သူ မဘေဘီ က အသင့်ပြင် ထားတဲ့ ဒေါ်လာ လေးထောင်ကို ထုတ်ပေး တဲ့အခါမှာတော့ “ အဆင်ပြေချင်တော့လဲ ချောလို့ပါလား”လို့ ရန်မျိုးအောင် ပီတိ ဖြစ် မဆုံးတော့။ ငွေထုပ် ပိုက်ပြီး သူဋ္ဌေးရုံးခန်း ထဲကို ရောက်ခဲ့ပြီ၊ “ငွေခြောက်ထောင် ပေးပါ့မယ်၊ ခြောက်လ လည်း အခမဲ့ အလုပ် လုပ် ပေးပါမယ်” ဆိုတဲ့ ကတိ စကားအရ သူဋ္ဌေးအား ခြာက်ထောင် ပေးချေလိုက်တယ်။ 
 
 “မင်းမိုလို့ ဒီ ဗုဒ္ဓကြီး ကို ရောင်းပေးတာပါ၊ အရင်ကလဲ ခဏခဏ လာဝယ်ကြတယ်၊ ဒို့ မရောင်းခဲ့ ပါဘူး။ ဒီဗုဒ္ဓကို တရုပ်ပြည် က မှာယူထားတာ၊ ဒေါ်လာ နှစ်သောင်းခွဲ ကျတယ်။ မင်းပေး တာက အစွန်း ထွက် လောက် ပဲရှိပါတယ်။”

“ဟုတ်ကဲ့ ကျေးဇူး တင်ပါတယ်ဗျာ၊ အခုလို ရောင်းပေးတဲ့ အတွက် ခင်ဗျားတို့ မှာလည်း ကောင်း ကျိုးတွေ ဖြစ် မှာပါ။ ဖြစ်ပါစေလို့ လည်း ကျွန်တော် ဆုတောင်းပါတယ်။”

အလုပ် ကိစ္စ အတွက် ဆက်လက် ဆွေးနွေးကြတယ်။ ခြောက်လ အခမဲ့ လုပ်ပေးရန် မလို၊ လုပ်ခ တစ် ၀က် ပေးမည်၊ တနှစ် တိတိ လုပ်ပေး ရမည်။ တစ်နာရီ ဆယ့်ငါး ဒေါ်လာဖြင့် လုပ်နေရာမှ ကိုးဒေါ်လာဖြင့် လုပ်ရန် နှစ်ဦး သဘောတူ လိုက်ကြတယ်။ ဘုရားကျွန် ဖြစ်လိုသော ရန်မျိုးအောင်.. ဘယ်လို အခြေ အနေပဲ ဖြစ်ဖြစ် ဘုရား အတွက်ဆို လုပ်မယ်လို့ ဆုံးဖြတ်ပြီးသား ဖြစ်လို့ ဘာမျှ အခက်အခဲမရှိ။ ရန်မျိုးအောင် က ကတိတစ်ခု တောင်းဆို လိုက်တယ်။

နောင်ကို ဒီနေရာမှာ ဗုဒ္ဓ ရုပ်ပုံတော်တွေ ဘယ်တော့ မှ မထားပါ နဲ့ ခင်ဗျာ၊ ဒီ ကတိ လေးတစ်ခုတော့ ကျွန်တော့ ကို ပေးပါဗျာ။ ”သူဋ္ဌေး က ပြုံးပြုံးကြီး ကြည့်ပြီး ကတိပေးတယ်။ ရန်မျိုးအောင် ရဲ့သဘောထား ကို သူဋ္ဌေး သိနေပြီးဖြစ် ပေလိမ့်မယ်..။ ရန်မျိုးအောင် ဟာ ယခု ဘုရားဆင်း တုတော်ကြီး ကို နိုက်ကလပ်မှ ပင့်ယူ ကယ်တင် လိုက်နိုင် သလို နောက်နောင် ဘုရား ဆင်းတုတော် များ အတွက်လည်း ကာကွယ် ပူဇော် နိုင်ခဲ့ပြီကော… ။

အက္ခရာ's photo.
 
 
 
 
 
 
 
 
 
 
ဗုဒ္ဓဘာသာဝင် တိုင်း ရှိသင့်တဲ့ စိတ်ဓါတ် ပါပေ။ ရန်မျိုးအောင် ဘုရားကြီး အတွက် ပေးဆပ် လိုက်ရတဲ့ တန်ကြေး မှာ နည်းလှသည် မဟုတ်။ ငွေကြေး ပမာဏ ဘက်ကကြည့်ရင် လက်ငင်း ခြောက်ထောင် ပေး ဆပ် ရသည့် အပြင် တစ်နှစ်လုံး အတွက် လုပ်အား များ ပေးဆပ်ရသေး.. ။ တစ်နှာရီ $ 15 နှုန်းဖြင့် တနှစ်မှာ $ 28,800 ရရှိရာမှ တစ်နှာရီ $ 9 နှုန်းဖြင့် ဆိုရင် တနှစ်မှာ $17,280 သာရရှိတော့မည်။ တနှစ်လုံး အတွက် ပေးဆပ် ရမည့် ငွေမှာ $ 11,520 ရှိပြီ၊ လက်ငင်းပေးရတဲ့ ငွေပါဆိုရင် $ 17,520 ပင်.. ။ ဒါ့အပြင် ဆူရီ Menu အသစ်ပြောင်းတိုင်း ရမည့် $ 3,000 ကိုလည်း ထပ်ဆောင်းရ ပြန်သေး.. ။

လူမှုရေး ဘက် ကကြည့်ရင် တစ်နှစ် လုံး ခြေချုပ် မိရပြီ၊ ဒီထက် ၀င်ငွေကောင်းတဲ့ အလုပ် မျိုးပြောင်းရွှေ့ လုပ်ကိုင်ခွင့် မရနိုင်တော့ပေ။ ဒီ ထက်ဆိုးသည် မှာ မိဘ များနှင့် တွေ့ခွင့် မရခြင်းပင်၊ ရန်မျိုးအောင် အမေရိကန်နိုင်ငံ ရောက်နေတာ (၁၅) နှစ် ရှိခဲ့ပြီ၊ ပြန်ခွင့် မရတဲ့ အခြေ အနေမို့ မိဘများထံ မပြန်နိုင်ခဲ့။ အတွယ် အတာလည်း မရှိတော့ မိဘများ ကို ပိုလွမ်းနေမိတယ်၊ သိပ်တွေ့ချင်နေပြီ။ ပြန်ခွင့် ရရခြင်း ပြန် မယ်လို့ မျှော်လင့် ချက်ကြီးလည်း ဘယ်တော့ပြည့်မည် မမှန်းသာခဲ့…။

ကံများကလဲ ဆန်း ပါဘိ၊ ဘုရားကြီး အတွက် သဲသဲမဲမဲ အားခဲ ကြိုးစားနေတဲ့ အောက်တိုဘာလ ကမှ ပြန် ခွင့်ရခဲ့တယ်။ အမေရိကန် ရောက်စ ကထဲက အားထုတ် ခဲ့ရတဲ့ အခွင့် အရေးကြီး ဂုဏ်တော်များ ပွားနေတဲ့ အချိန်မှ ရခဲ့လို့ ဂုဏ်တော် အစွမ်းကို ပိုလို့ ပိုလို့ ယုံကြည်ခဲ့ပြီ..။ မိဘ နဲ့တွေ့လိုရေးထက် ဘုရားကြီး ပင့်လိုရေး က ပိုအရေးကြီးနေချိန်မို့ ဘုရားကြီး ပင့်ပြီးမှ ပြန်တော့မယ်လို့မိဘ တွေ့လို စိတ်ကို မျိုသိပ် ထားခဲ့ ရပြန်တယ်။ ဘုရားကြီး ပင့်ပြီးမှပြန်မယ်ပေါ့။ ခုတော့ ဘုရားကြီး ပင့်နိုင်ခဲ့ပါပြီ။ မိဘနဲ့တွေ့ဘို့ အရေးကတော့ ဝေးခဲ့ပြန်ပြီ။

တစ်နှစ် အတွင်း မိဘများ နဲ့ မတွေ့နိုင်လေပြီ။ ဒီ အတွက် ရန်မျိုးအောင် စိတ်မကောင်းပေမယ့်၊ ဘုရားကြီးကြည်ညို စိတ်နဲ့ ဖြေသိမ့်ေ နရ ပေတော့မယ်…။ “ကမ္ဘာပေါ်မှာ အလုပ်ချင်ဆုံး အလုပ် ခုမှ လုပ်ရတော့ တယ်”လို့ပြော လိုက်သေးတယ်။ ဘုရားကြီး နေရာ တကျ သီတင်း သုံးပြီးတော့ ရန်မျိုးအောင် က စာရေးသူ ကို လျှောက်ထားတယ်။

စာရေးသူ အရှင်ဧသကနှင့် ဘုရား ဒါယကာ ကိုရန်မျိုးအောင် “ဆရာတော် ဟိုတစ်ချိန်က တပည့်တော် ဟာ ဆေးသ္မား အဖြစ်နဲ့ ကျောင်း ကို ရောက်လာခဲ့တယ်၊ ခုတစ်ခါတော့ ဘုရားဒါယကာ အဖြစ်နဲ့ ရောက် လာတာပါ ဘုရား” တဲ့။ သူ အတိတ်ကို သတိရ မိပြီး အတိတ် သမိုင်းကို ပြင်လိုက်ပေပြီ။ မှန်တယ် .. တစ်ချိန်က သူဟာ ဆေး စွဲခဲ့ဖူးသူ..။ ဆူရှီ ဆိုင် ရလို့ ကိုယ်တိုင် ဆိုင်ဖွင့်သူ..။ 
 
အရွယ်က ငယ်ငယ်၊ ငွေက ရွှင်ရွှင်၊ အပေါင်း အသင်း တွေ ကလဲ များပါဘိ၊ အမေရိကန် မှာ လွတ်လပ် တယ် ဆိုပြီး လွတ်လပ် မှု. တွေကို အလွဲသုံးစား လုပ်၊ နောက်ဆုံးတော့ ဆေးသ္မားဖြစ်ကာ ဆိုင်လည်း မရှိ၊ ငွေလည်း ဗလာ နတ္ထိ၊ အားကိုး စရာလည်း မရှိဖြစ်ကာ မှ စာရေးသူထံ ရောက်လာခဲ့တယ်။ သူ့ကို စောင့်ရှောက်ပြီး ဆေးသ္မား ဘ၀က လွတ်မြောက်အောင် ကယ်တင်ခဲ့ရတယ်၊ လမ်းမှန်ရောက်အောင် တင်ပေးခဲ့ ရတယ်။ မူလ ဓါတ်ခံ စိတ်ရင်း ကောင်းသူမို့ ပြင်ရတာ သိပ်မခက်လှ.. ။ 
 
သူဟာ လူကောင်း ပကတိဖြစ်ယုံ မက မူးယစ်ဆေး၊ အရက် သေစာ အားလုံးကို နာကျည်း စွာဖြင့် စွန့်ပယ် နိုင်ခဲ့တယ်။ ဒီဘ၀မှာ ဒီအမှားမျိုး ဒီတစ်ခါပဲအဖြစ်ခံမယ်၊ နောင်ဘယ်တော့မှ မဖြစ်စေရဘူးလို့ ခိုင်မာစွာ ဆုံးဖြတ် ထား သူလည်း ဖြစ်နေပါပြီ။

ခုတော့ ဘုရား ဒါယကာကြီး ကိုရန်မျိုးအောင် ဘုရားကြီး ပင့်၍ ရောက်လာပေပြီ။ သူ့ကိုကြည့်ပြီး စာရေးသူ ပီတိတွေ တသိမ့်သိမ့် ဖြစ်ခဲ့ရပါပြီ။ ပိုးကင်းပြီး ဖူးပွင့်လာတဲ့ ပန်းပွင့်လေးကို ကြည့်ပြီး ပီတိဖြစ်နေတဲ့ ဥယျာဉ် မှူးလိုပင်.. ။

ဘုရားကြီး ကလည်း ဘုန်းတော်ကြီး ပါပေတယ်၊ ကျောင်းတော်က အဆင်သင့် ပဲ၊ ဒေါ် လာခြောက် သောင်းကျော် အကုန် အကျ ခံပြီး ဆောက်လုပ်ထား တဲ့ မဏ္ဍပ်ကြီးက အောက်တိုဘာ လက မှ ဆောက်ပြီးခဲ့ပါတယ်။

ကြေးညိုရောင် သန်းပြီး ဉာဏ်တော် ၈-ပေရှိတဲ့ ထိုင်တော်မူ ရုပ်ပွားတော်ကြီးဟာ ၆၃ ပေ၊ ၃၆ ပေ ကျယ်ဝန်း တဲ့ မဏ္ဍပ်ကြီး အတွင်းမှာ တင့်တယ် သပ္ပါယ်စွာ သီတင်းသုံးတော် မူနေပါပြီ။

ငွေများ ထုပ်ချေး အစစကူညီ ပေးခဲ့တဲ့ ကိုမိုးဝင်း+မဘေဘီတို့ကို ရန်မျိုးအောင် ကျေးဇူး တင်လွန်း၍ ကန်တော့) မာရ်နတ် ရဲ့ အသင်း အပင်း ကာမ အမှောင် အတွင်းမှ လွှတ်မြောက်တော် မူခဲ့ ပြီး ဗောဓိအောင်မြေ မှာ စံတော်မူလေ သကဲ့သို့ အေးငြိမ်း တိတ်ဆိတ် အဇူဇာ ကျောင်းတော် ရိပ်မှာ နိဗ္ဗာနဓါတ် ချမ်းသာမြတ် ကို ခံစားတော်မူလေပြီ။

ဘုရား ဒါယကာ ကိုရန်မျိုးအောင် ရဲ့ စေတနာ သဒ္ဓါတရားများ၊ အဓိပတိ ပစ္စည်း စွမ်းအား ရှိသော ဆန္ဒ ၀ီရိယ များနဲ့ ဂုဏ်တော် စွမ်းအား များကိုလည်း ချီးမွှန်းလောက်ပါပေစွ.. ။ သာဓုခေါ်လောက်ပါပေစွ.. ။
ငွေမချမ်းသာ သော်လည်း သဒ္ဓါ စတဲ့ သူတော်ကောင်း တရားများ ချမ်းသာတဲ့ သူမို့ တာဝန်ရှိရှိ တာဝန် သိသိဖြင့် ဆောင်ရွက်နိုင်ခဲ့ပေပြီ။
 
ပြည်ပ နိုင်ငံများမှာ ကိုရန်မျိုးအောင် လို သာသနာပြုလို သူများ အများကြီး ပေါ်ထွန်းနိုင်ပါစေကြောင်း ။ 
 
 
စာရေးသူ - အရှင်ဧသက
Posted By Shwe Mandalay  
 
 
ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်
 
 ကျွန်မ အီးမေလ်မှ တစ်ဆင့် ရရှိခဲ့တဲ့ ဆောင်းပါးလေး တစ်ပုဒ် အား ကျွန်မ Blog ကို လာရောက် လည်ပတ်ပြီး စာဖတ်ကြတဲ့ စာဖတ် သူများ အတွက် မျှဝေ လိုက်ပါတယ်ရှင်။  { အက္ခရာ }
 
 
From...Facebook
 
 




No comments:

Post a Comment