*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 3 May 2014

ရွှေတိဂုံ စေတီတော်မြတ် သမိုင်းကြောင်း


                        

ကမ္ဘာပေါ်ရှိ အမြင့်ဆုံး ဘုရားစေတီ မှာ ၃၂၆-ပေ ရှိသော ရွှေတိဂုံ စေတီတော် ပင်ဖြစ်ပြီး ရန်ကုန်မြို့ရှိ သိင်္ဂုတ္တရ ကုန်းတော်ပေါ်တွင် တည်ရှိသည်။ လေးဆူဓာတ်ပုံ ရွှေတိဂုံ ဟုလည်း ခေါ်တွင်ခဲ့ကြသည်။ စေတီ အစ ရွှေတိဂုံ က ဟုလည်းခေါ်ဆို ခဲ့ကြသည်။

တည်နေရာ..... ရန်ကုန်မြို့သိင်္ဂုတ္တရ ကုန်းတော်။
ဉာဏ်တော်.......ဖိနပ်တော်မှ စိန်ဖူးတော်ထိ (၃၂၆) ပေ
ကျော်ကြားမှု.......အစောဆုံး စေတီတော်ကြီး။
       (ကမ္ဘာ့အံ့ဘွယ်)


အမည်ခေါ်တွင်ပုံ

****************

ရန်ကုန်တိုင်း ကို မွန်လူမျိုး တို့သည် ဒဂုံတိုင်း ဟု  ခေါ်ဆို သမုတ်ခဲ့ကြသည်။ ဒဂုံ တိုင်းမှာ တည်ထားသော ဘုရားဖြစ်သည့် အတွက်ကြောင့် ဒဂုံတိုင်း ကဘုရား ဟု ခေါ်ဝေါ်ပြောဆို ခဲ့ကြသည်။ မွန် ဘာသာဖြင့် ကျာ်လဂုင် ဟုရေးသားပြီး ကျိုက်လဂုံ ဟုအသံထွက် ဆိုခဲ့ကြသည်။ တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သော အလောင်းမင်းတရားကြီး လက်ထက်တွင် မွန် တို့ကို တိုက်ခိုက်အောင်မြင်ပြီးနောက် ဒဂုံ ကို ရန်ကုန် ဟု အမည် နာမ ပြောင်းလဲ ခေါ်ဆိုခဲ့ကြသည်။ ကျိုက်လဂုံ ကို ကျိုက်ဒဂုံ ဟု ခေါ်ဆိုကြသည်။ နောက်ပိုင်းတွင် ကျိုက်လဂုံ(သို့) ကျိုက် ဒဂုံသည် မြန်မာပြည် ၏ မူပိုင် သင်္ကေတ အဖြစ်ကျော်ကြား လာခဲ့သည်။ မူပိုင်ကျိုက် ဆိုသော စကားလုံးနေရာ တွင် ရွှေနိုင်ငံ (Golden land) ကို ကိုယ်စားပြုသော ရွှေ ဆိုသော စကားလုံးဖြင့် အစားထိုး ခဲ့ကြသည်။ ထို့ အတူ လဂုံ လိုလို ဒဂုံ လိုလို ဖြစ်နေသော စကားလုံးကို လည်း တိဂုံ ဖြင့် အတည်ပြုပေးလိုက်ကြသည်။ ထိုအချိန်မှ စ၍ ကျိုက်လဂုံ ကို  မြန်မာပြည်တွင်း မှာ သာမက ကမ္ဘာ့  တ၀ှမ်းလုံး မှာ ရွှေတိဂုံ ဟူသော အမည်နာမဖြင့် ပြောင်းလဲခေါ်ဝေါ်ခဲ့ကြသည်။

သမိုင်းကြောင်း
*****************

သဗ္ဗညု မြတ်စွာဘုရားရှင်သည် ဗောဓိပင်ရင်း သတ်္တဌာန၌ (၇)ရက်စီ အလှည့်ကျစံတော်မူပြီး (၄၅)ရက် သီတင်းသုံး နေထိုင်တော်မူ ခဲ့သည်။ ဤသို့ နေထိုင်တော်မူ (၄)ရက်ပြည့်မြောက်ပြီး နောက် တစ်နေ့၌ ““ရာပဒတန်သတ်္တဟ”” ဖြစ်သည့် လင်းလွန်းပင်ရင်း၌ သီတင်းသုံး စံတော်မူစဉ်ကာလဖြစ်သည်။

ကုန်သည်ညီနောင်
*****************

ထိုစဉ် ကာလ၌ မွန်တို့ ဌာနေ၊ ဥက္ကလာပ မင်းကြီး၏ နိုင်ငံတော် တွင် ပါဝင်သော အသိဉ္စနမြို့၌ သုဝဏ္ဏအမည်ရှိသော သူဌေးကြီး တစ်ဦးရှိလေသည်။ ထိုသူဌေးကြီး တွင် တပုဿနှင့် ဘလ္လိက ဟူသော သားနှစ်ယောက် ရှိလေသည်။ ထို ညီနောင် တို့သည် ကုန်သည် များ ဖြစ်ကြသည်။ ၎င်းကုန်သည် ညီနောင် တို့သည် ကုန်များ ကို သင်္ဘောဖြင့် တင်ဆောင်ကာ မဇ္ဈိမဒေသ သို့ ကုန်ရောင်း သွားကြသည်။ 

 မဇ္ဈိမဒေသ ပင်လယ်ဆိပ်ကမ်း သို့ ရောက်သော အခါ သင်္ဘော ကို ဆိုက်ကပ်ကျောက်ချ ၍ ကုန်များကို လှည်း အစီးပေါင်း (၅၀၀)ပေါ် သို့ တင်ဆောင် ကာ မဇ္ဈိမဒေသ၌ လှည့်လည်ရောင်းချကြသည်။ တဖုဿ နှင့်ဘလ်္လိက ကုန်သည်ညီနောင်အဖွဲ့သည် ဗောဓိပင်အနီးသို့ ရောက်ရှိ လာခဲ့ကြ၏။ ကုန်သည်တို့ သည် မဟာဗောဓိပင် အနီးသို့ရောက်ပြီး တစ်နေ့ သို့မဟုတ် တစ်ည၌ ရုက္ခစိုးနတ်သည် ကုန်သည်ညီနောင်အား ကိုယ်ထင်ပြခဲ့၏။ ကုန်သည်ညီနောင်တို့သည် ရုက္ခစိုးနတ်အား မြင်လျှင် အံ့သြသွားကြ၏။ အသင်မည်သူနည်း ဟုလည်းမေး၏။

ရုက္ခစိုးနတ်က .`အမောင်တို့ နားထောင်လော့ ကျွန်ုပ်က တခြား မဟုတ်၊ ကျွန်ုပ်သည် ဟိုးဘ၀က အမောင်တို့နှင့် ဆွေမျိုးတော်စပ်ခဲ့သူများ ဖြစ်ပြီး၊ ကျွန်ုပ်သည် ဟိုးရှေးရှေး ဘ၀က ကောင်းမှု ကုသိုလ်များ ပြုခဲ့သူ ဖြစ်သဖြင့် ယခု ဘ၀တွင် ရုက္ခစိုးနတ်ဖြစ်ခဲ့သည်။ အမောင် တို့ ယခု ကျွန်ုပ် သင်တို့ထံ သို့ ရောက်ရှိခဲ့သည်မှာ သင်တို့နှင့် ကျွန်ုပ်သည် ယခင် ဘ၀ကဆွေမျိုးတော်စပ် ဖူးသူ ဖြစ်သဖြင့် သင်တို့အား အကျိုးပြုရန် ကျွန်ုပ် ကိုယ်ထင်ပြရခြင်းဖြစ်သည် အမောင်တို့´ဟုပြောသည်။ 

ကုန်သည်ညီနောင်က `အသင်က မည်သို့ အကျိုးပြုဖို့ လာသနည်း´ဟု ရုက္ခစိုးနတ် ကို မေး၏။ ထိုအခါ ရုက္ခစိုးနတ် က`နားထောင်လော့ အမောင်တို့ ကျွန်ုပ် သင်တို့အား အကျိုးပြုသည် ဆိုသည်မှာ အခြား မဟုတ်ပါ။ ပြောရလျှင် အမောင်တို့ ယခု ရောက်ရှိနေသည့် မဇ္ဈိမဒေသတွင် သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရား ပွင့်တော်မူပြီး လင်းလွန်းပင်ခြေရင်း တွင် သီတင်းသုံး စံတော်မူနေတာ မို့ အမောင်တို့ သွားရောက် ပူဇော်လော့ အမောင်တို့'ဟု ရုက္ခစိုးနတ်မင်းက တိုက်တွန်း လမ်းညွှန် လိုက်တယ်။ 

 ထိုစကား ကိုကြားလျှင်ဖြင့် တဖုဿနှင့် ဘလ်္လိက ကုန်သည် ညီနောင်တို့ သည် အလွန်တရာ ၀မ်းမြောက်ကြည်နူးသွားကြ၏။ ချက်ခြင်းပင် “ဒါဆိုလျှင် ကျွန်ုပ်တို့အား လမ်းညွှန်ပြသပေးပါ ရုက္ခစိုးနတ်မင်း” ဟုပြော၏။ “ကောင်းပြီ ၊ အမောင်တို့၊”ထို့နောက် ရုက္ခစိုးနတ်သည် တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့အား ဘုရားရှင် သီတင်း သုံးရာ လင်းလွန်း ပင်အား လမ်းညွှန်ပြခဲ့၏။ ထိုအခါ ကုန်သည် ညီနောင်တို့သည် သဒ္ဒါပီတိ အပြည့်အ၀နှင့် ဘုရားရှင် သီတင်းသုံးရာ လင်းလွန်းပင်ရင်းသို့ သွားကြ၏။ မြတ်စွာဘုရားရှင်အား မုန့်ကြွပ်ကြော်၊ ပျားမုန့်ထုပ် တို့နှင့် ဘုရားရှင်အား လှူဒါန်းပူဇော်ခြင်းပြုကြ၏။

ပထမဆုံး သရဏဂုံ တည်သူ
************************

ကုန်သည် ညီနောင်တို့သည်  မြတ်စွာ ဘုရားရှင် အား မုန့်ကြွပ် ကြော်၊ ပျားမုန့်ထုပ် တို့နှင့်  လှူဒါန်း ပူဇော်ခဲ့ကြသည်။ ဘုရားရှင်မှ ဤသို့ လှူဒါန်းပူဇော်ခဲ့သည့် အတွက် ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏ ဂစ္ဆာမိ ဟူသည့် “ဒွေးဝါဓိက” သရဏံဂုံ တည်ခဲ့ကုန်၏။ ထိုစဉ်က “ဘုရားရတနာ၊ တရားရတနာ” တည်းဟူသည့် “ရတနာနှစ်ပါး”သည်သာ ပေါ်ထွန်းခဲ့ပြီး၊ သံဃာရတနာသည် ပေါ်ပေါက်ခဲ့ခြင်း မရှိသေးပေ။ 

ထို့ကြောင့် လူသူ အများသည် ရတနာနှစ်ပါး အားသာ ဆည်းကပ် ပူဇော်နေကြကုန်၏။ ဗုဒ္ဓ၀င် သမိုင်းကို ပြန်ကြည့်လျှင် ဂေါတမ ဘုရားရှင် လက်ထက်၌ တဖုဿနှင့် ဘလ်္လိက ကုန်သည် ညီနောင် တို့သည် ထူးခြားစွာ ဘုရားရှင် အား ပထမဦးဆုံး ဆွမ်းကပ် ပူဇော်ခွင့် ရသူနှင့် ပထမဦးဆုံး သရဏဂုံ တည်သူများ ဖြစ်ကြ၏။

ဆံတော်ရှစ်ဆူ
*****************
 ဘုရားရှင်အား ပူဇော်ခွင့်၊ ဆွမ်းကပ်ခွင့် ရခဲ့သည့် အတွက် ကုန်သည် ညီနောင်တို့ ၀မ်းမြောက် ပီတိဖြစ် ခဲ့ရသည်။ တဖုဿနှင့် ဘလ်္လိက ကုန်သည် ညီနောင်တို့သည် ဆွမ်းကပ်လှူ ပူဇော်ပြီးလျှင် “အရှင်ဘုရား၊ တပည့်တော် တို့ အရှင်မြတ်ဘုရားအား ထာဝရ ကိုးကွယ်ဆည်းကပ် ပူဇော်နိုင်ရန် ဘုရားရှင်ကိုယ်စား ပူဇော်ရာ တစ်ခုခုအား ပေးသနားတော် မူပါဘုရား” ဟုလျှောက်ထား လေ၏။

 “ကောင်းပြီးချစ်သားတို့” ဟု မိန့်တော်မူပြီး သကာလ ဦးခေါင်းတော်အား သုံးသပ်ပြီး ဆံတော်မြတ် (၈)ဆူအား ကုန်သည်ညီနောင်တို့ အား ပေးသနားတော်မူရာ တဖုဿနှင့် ဘလ်္လိက ကုန်သည် ညီနောင်တို့သည် ၀မ်းမြောက်ပီတိ အပြည့်နှင့် ဗုဒ္ဓဘုရားရှင်၏ ဆံတော်(၈)ဆူအား သင်္ဘောနှင့် ပင့်ဆောင်ကာ ဥက္ကလာပ တိုင်းပြည် သို့ ပြန်ခဲ့ကြ၏ ။ တဖုဿနှင့် ဘလိ္လက  ဘုရားရှင်၏ ဆံတော်(၈)ဆူအား ပင့်ဆောင်ကာ ဥက္ကလာပတိုင်းပြည် သို့ ပြန်လာလျှင် ဥက္ကလာပတိုင်း ၏ ပြည့်ရှင် မင်းမြတ် ဥက္ကလာပမင်းကြီး နှင့်တကွ ပြည်သူ အပေါင်းတို့က သောင်းသောင်း ဖျဖျကြိုဆိုကာ ဆံတော်(၈) ဆူအား ဖူးမျှော် ကြည်ညိုကြ၏။

နောင်တော်ကြီးစေတီ
*********************
 ထို့အတူ ဆံတော်(၈) ဆူအား စေတီတော် အဖြစ် တည်ထား ကိုးကွယ်ရန် ဆုံးဖြတ် ခဲ့ကြ၏။ စေတီတော်အား “သိင်္ဂုတ္တရ ကုန်းတော်” ၌ တည်ထား ကိုးကွယ်ရန် မင်းနှင့်ပြည်သူတို့က ဆုံးဖြတ်ပြီး သိင်္ဂုတ္တရ ကုန်းတော်သို့ ပင့်ဆောင်ခဲ့ကြ၏။ သိဂုင်္တ္တရ ကုန်းတော် သို့ရောက်လျှင် ဗုဒ္ဓဘုရားရှင် ၏ ဆံတော်(၈) ဆူ အား ကြီးကျယ် ခမ်းနားသည့် စံကျောင်း၊ မဏ္ဍာပ်ကြီး ဆောက်လုပ်၍ပူဇော်ခဲ့ကြသည်။ ယင်းစံကျောင်း မဏ္ဍာပ်နေရာ၌ အထိမ်း အမှတ်စေတီ တစ်ဆူ တည်ထား ကိုးကွယ်ခဲ့ကြ၏။ ထိုစေတီကို “နောင်တော်ကြီးစေတီ”ဟု အမည်ခေါ်ဆိုခဲ့ကြ၏။

ဌာပနာ ထားသော ဓာတ်တော်မြတ် ၄-ပါး
********************************
 ဥက္ကလာပ မင်းကြီး တည်ထား ကိုးကွယ်တော် မူသော ရွှေတိဂုံ စေတီတော်ကြီး ၌ ဘုရား ၄-ဆူ၏ ဓာတ်တော်မြတ်လေးဆူ ကို ဌာပနာထားသည် ဟု အဆို မိန့်ရှိခဲ့သည်။ ဗုဒ္ဓမြတ်စွာ တို့၏ ဆံတော်မြတ်၊ ဓာတ်တော်မြတ် တို့အား ရန်သူတို့ အလွယ်တကူ မဖျက်ဆီးနိုင်ရန်အတွက် နတ်တို့သည် ဌာပနာ တိုက် ထည့်သွင်း တည်ရန် ကြံရွယ်ပြီး သိဂုင်္တ္တရ ကုန်းတော် အလယ်တည့်တည့်၌ “ဇောက် ၄၀၄တောင်၊ အနံ ၄၄ တောင်ရှိ သည့် ဥမင်လိုဏ်ခေါင်း တစ်ခုတူးခဲ့၏။ ထိုဥမင်လိုဏ်ခေါင်းအတွင်း၌....

၁...ဆူးလေနတ်ကြီးထံမှ ရရှိသော ကကုဿန်မြတ်စွာဘုရားရှင် ၏ တောင်ဝှေးတော်
၂..ရောဟဏီ မည်သော ဗိုလ်တထောင် နတ်ကြီးထံမှ ရရှိသည့် ကောဂမန မြတ်စွာဘုရားရှင် ၏ ရေစစ်တော်
၃..ဒက္ခိဏ မည်သော သင်္ကန်းကျွန်း ကျိုက္ကဆံ နတ်ကြီး ထံမှ ရရှိသည့်   ကဿပမြတ်စွာဘုရားရှင် ၏ ရေသနုပ် သင်္ကန်းတော်မြတ်
၎..တဖုဿနှင့် ဘလ္လိက ညီနောင်တို့ ထံမှ ရရှိသော ဂေါတမမြတ်စွာဘုရားရှင် ၏ ဆံတော်မြတ်(၈)ဆူအား မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပေါင်း လပြည့်နေ့၌ ကျောက်ဖျာ အခင်းအကာ များ ပြုလုပ်၍ ဌာပနာတိုက် ထည့်သွင်းတော် မူခဲ့သည်။ 

 ထို ဆံတော်ဓာတ် တို့ကို 'အမြိဿရ' မည်သော မှော်ဘီ နတ်ကြီးက စောင့်ရသည် ဟု မော်ဓော ရာဇာဝင် သမိုင်းနှင့် ရွှေတိဂုံ သမိုင်း၊ အခြား ပညာရှိ တို့ကဆိုကြသည်။ ထို့နောက် ကျောက်ဖျာတိုက် ၏ အထက် ၌ ကျောက်ဖျာတင် ၍ ဌာပနာတိုက် အား ပိတ်ခဲ့၏။.........................

 

ရွှေတိဂုံ (၁)


 

ရွှေတိဂုံ (၂)


 

ရွှေတိဂုံ (၃)


 

ရွှေတိဂုံ (၄)


 

ရွှေတိဂုံ (၅)


 

ရွှေတိဂုံ (၆)


 

ရွှေတိဂုံ (၇)


 

ရွှေတိဂုံ (၈)


 

ရွှေတိဂုံ (၉)


 

ရွှေတိဂုံ (၁၀)





YouTube မှာ Toe Kyaw Kyar တင်ထားတဲ့ ရွှေတိဂုံ သမိုင်း Video ဆယ်တွဲ ကို ဤဆိုဒ် သို့ မြန်မာ
တို့ အတွက် ဗဟုသုတ Website မှစေတနာဖြင့် ပံ့ပိုးပေးထား ပါသည်။

No comments:

Post a Comment