*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday, 1 June 2014

လူငယ်များ အတွက် နေရာ အခက်အခဲ



မြန်မာနိုင်ငံ မှာ လူငယ်ဖြစ်ရတာ အခွင့်အရေး အတော် ဆုံးရှုံးပါတယ်။ ယုံကြည်ရာ ကို ပြောဆို ရဲတဲ့ အခွင့် အရေး မရကြ ရှာပါဘူး။ ကိုယ် မယုံကြည်တာ ကို ငြင်းဆန် ရဲတဲ့ စိတ်အင်အားမျိုး လည်း မရှိကြရှာပါ ဘူး။ မျှော်လင့်ချက်တွေ တလက်လက် တောက်ပနေ တဲ့ အနာဂတ် ကိုလည်း မပိုင်ဆိုင် ရပါဘူး။
 
ကိုယ်ဘယ်လောက် ကြိုးစားကြိုးစား နေရာ တစ်ခုကို ကိုယ်ကျင့် တရားနဲ့ အရည် အချင်းပေါ် မူတည်ပြီး သတ်မှတ် တာ မဟုတ်တဲ့ အတွက် ကိုယ်ကျင့် တရား ပျက်ယွင်းပြီး အရည် အချင်း မရှိတဲ့ လူကြီးတွေ အောက် မှာလည်း နှိပ်ကွပ် ခံကြ ရရှာပါတယ်။ ပညာကောင်းကောင်း ကို လူငယ်တိုင်း မသင်ကြရ ရှာပါဘူး။ 

လက်ညိုးထောင် ခေါင်းညိတ်၊ မေးခွန်း ပြန် မမေးရသော ပညာ ဆိုးဆိုး များကိုသာ သင်ကြားကြရ ရှာ ပါ တယ်။ တစ်ယူသန်သောသူ၊ အစွဲအလမ်းကြီးသောသူ၊ ပြောသမျှ ယုံသောသူ၊ ဘာပြောပြော မယုံသောသူ တို့ ဖြစ်ခဲ့ပြီး စဉ်းစား ချင့်ချိန်နိုင်တဲ့ လွတ်လပ်တဲ့ စိတ်နဲ့ လူငယ်မျိုး ဖြစ်မလာခဲ့ကြပါဘူး။



ဒီလို စနစ်ဆိုး ထဲမှာ ရုန်းကန် လှုပ်ရှားရင်း ကြိုးစားနေ တဲ့ လူငယ်တွေ လည်း တွေ့ရပါတယ်။ ဒီလိုမြင်ရရင် စာရေးသူ ရဲ့စိတ်ထဲ မှာ ကြက်သီး တဖြန်းဖြန်း ထရင်း မျက်ရည်ဝဲ လာတဲ့ အထိ ကျေနပ် အားတက်မိပါ တယ်။ ဒီလို လူငယ်လေးတွေ အတွက် အာမခံချင်တဲ့ စိတ်၊ တာဝန် ယူချင်တဲ့ စိတ်လေး ပေါ်မိပါတယ်။ 


ကြိုးစားစမ်း လူငယ်လေးရေ...မင်းအတွက် ရှေ့အနာဂတ် ဟာ လှပနေတယ်၊ မင်းအတွက် တစ်နေရာ ရှိတယ်၊ မင်းရဲ့ ကြိုးစားမှု ဟာ ငါတို့ တိုင်းပြည် အတွက် အချည်းအနှီး မဖြစ်စေရဘူး။ မင်းရဲ့ စိတ်ကူး ဉာဏ်တွေ အတိုင်း အကောင် အထည် ဖော်နိုင်ဖို့၊ နိုင်ငံတော် တိုးတက် ဖို့ မင်းကို နေရာတစ်ခု ပေးမယ်လို့ ပိုင်ပိုင်ကြီး ပြောချ လိုက်ချင်တဲ့ စိတ်ပေါ်လာမိတယ်။ ဒါပေမဲ့ လူငယ်လေးရယ်၊ ငါ့ကိုယ်ငါ လည်း ရှက်မိ ပါတယ်။ ငါ မင်းကို ဘာမှ လုပ်မပေး နိုင်ဘူး ဆိုတဲ့ သိမ်ငယ်စိတ် လည်း ပြန်ဝင်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဆောင်းပါးလေး ရေးဖြစ်တာပါ။

လူတစ်ဦး တစ်ယောက်က လုပ်ပေးနေ မှ လူငယ်များ နေရာ ရမှာလား၊ အဲဒီလူ သေသွားရင် ဘယ်လို လုပ် မလဲ။ လုပ်ပေးနိုင်တဲ့ နေရာ ကို ရောက်နေတဲ့ သူကရော လူငယ် များကို နေရာပေးရ မှန်း မသိရင် ဘယ်လို လုပ်ကြမလဲ။ ဒီလို အတွေးတွေ ဝင်လာ မိတယ်။ 


စနစ် တစ်ခု ကောင်းကောင်း မွန်မွန် ပီပီပြင်ပြင် ဖော်ဆောင်နိုင် ရင် ဘယ်သူသေသေ၊ ဘယ်သူနေနေ လူငယ် များ သူ့ အခွင့် အရေးသူ ရကြ ပါလိမ့်မယ်။ ဘယ်လို စနစ်ကောင်း ဖြစ်မလဲ။ အတွေးပြောင်း လိုက်ရုံပါပဲ။ ရာထူးနဲ့ ငွေကြေးကို ဦးညွတ်နေတဲ့ စိတ်ဓာတ်တွေ ကို ပြောင်းလိုက်ကြရမှာ ဖြစ်ပါတယ်။ လူငယ်များ ကိုယ်တိုင် ပြောင်းကြပါ။ 

ရာထူးကို ဦးစားပေးတော့ ရာထူး ရပြီးရော နည်းလမ်းပေါင်းစုံ သုံး၊ ကိုယ့်ထက် အရည်အချင်း ရှိသူများ ကို ကျော်ခွနင်း၊ ကိုယ့်ကို ရာထူးပေးနိုင်သော လူကြီးကို အတင်းဖား၊ ဒီလိုနဲ့ ရာထူးရတော့ ငွေကြေးကို မဟုတ် တရုတ် နည်းလမ်းနဲ့ ရှာ၊ ကိုယ်ကျင့် တရားပျက်၊ ငွေရပြီးရော လုပ်။ ဒီလိုနဲ့ လူကြီး ဖြစ်လာကြတော့ ကိုယ်လုပ်သည် များကို ပြန်လည် ထောက်ပြမည့် သူ မရှိအောင် လက်ညှိုးထောင် ခေါင်းညိတ် Complain မရှိသူ ခိုင်းရာ လုပ်သူများ ကို နေရာပေး။ ဒီလိုနဲ့ လူတော်လေးတွေ အတွက် နေရာပျောက် လာခဲ့တာပေါ့။

ဒီတော့ ကျွန်တော် တို့ လူငယ်တွေ ရာထူး (အာဏာ) နဲ့ ငွေကြေး ကို ဦးမညွတ်ကြပါနဲ့၊  ကိုယ်ကျင့် တရား နဲ့ အရည်အချင်း ကိုသာ ဦးညွတ်လိုက်ပါ။ မြန်မာပြည် ရဲ့ ဌာနဆိုင်ရာပေါင်းစုံ ရာထူးပေးရေး စနစ်မှာ မူတွေ အများကြီး ထားပါတယ်။ ဒီလို မူတွေ အများကြီး ထားတော့ စည်းစနစ် ကျသွားပြီလား၊ ဒီလို မဟုတ်ပါဘူး ကိုယ်ပေးချင် တဲ့ သူကို ပေးလို့ ရသွားတာပဲ ဖြစ်ပါတယ်။ 


ကိုယ်ပေးချင်တဲ့ သူကို မူဝါဒ တစ်ခုနဲ့ ကိုက်ရင် ပေးလိုက် ပါတယ်၊ ဒီလို ပဲ မပေးချင်တဲ့ သူကိုတော့ မူဝါဒ တစ်ခုနဲ့ မကိုက်ညီ လို့ မပေးတော့ပါဘူး။ တကယ် လိုအပ်တာက ကိုယ်ကျင့် တရားနဲ့ အရည်အချင်းပါပဲ။ ဒါကြောင့် ကိုယ့်ထက် ရာထူးကြီးတဲ့ သူ ကိုယ်ကျင့် တရား မကောင်းရင် မလေးစား ပါနဲ့၊ အရည်အချင်း မရှိရင် မလေးစား ပါနဲ့။ 

တကယ်လို့ လူငယ်များ က ကိုယ်ကျင့် တရားနဲ့ အရည် အချင်းကို သာ လေးစားနိုင်မယ် လို့ ကြွေးကြော် လိုက်ပြီ ဆို ပါစို့၊ ကိုယ်ကျင့် တရား မကောင်းတဲ့ သူတွေ ကောင်းလာပါ လိမ့်မယ်၊ အရည်အချင်း မရှိတဲ့ သူတွေ ရှိအောင် ကြိုးစားလာပါလိမ့်မယ်။ လူ ဆိုတာ သြဇာ ရှိချင်တဲ့ သူတွေချည်းပဲလေ။ အလေးစား ခံချင်တဲ့ သူတွေ ချည်းပဲလေ။ ဒီတော့ အခန့်သား ဘာမှ မလုပ်ရဘဲတော့ အလေးစား မခံချင်ပါနဲ့။ ထို့အပြင် ကိုယ့်ထက် ငယ်သူများ ကလည်း အလေးစား ခံရဖို့ အတွက် ကိုယ်ကျင့် တရား ကောင်းအောင် ကြိုးစား ကြတော့မည်၊ အရည်အချင်း ရှိအောင် ကြိုးစားကြတော့မည်။ 


အရည်အချင်းနဲ့ ကိုယ်ကျင့် တရားသာ ကောင်းပါစေ၊ ဘယ်လောက် ငယ်ငယ် လေးစားလိုက်ပါ။ ဗိုလ်ချုပ်အောင်ဆန်း လည်း ငယ်ငယ် နဲ့ ဗိုလ်ချုပ် ဖြစ်တာပဲလေ။ ဘုရား လည်း ၃၆ နှစ် ဘုရား ဖြစ်ခဲ့ တာပဲ။ ဒီလိုပြောင်းလိုက် ရုံနဲ့ စနစ် တစ်ခု ပြောင်းသွား မလားဆိုပြီး သံသယ ရှိနိုင် ပါတယ်။ ပြောင်းသွား မယ် လို့ ရဲရဲကြီး အာမခံ ပါတယ်။ ဒါကလည်း အကြောင်း ရှိလို့ပါ။ အချိန်တော့ အနည်းငယ် လိုအပ်ပါတယ်။

လူငယ် များကို Knowledge Management ဆိုသော အတွေး အခေါ်နှင့် ဥပမာပေး တင်ပြချင်ပါတယ်။ အရင်တုန်း ကတော့ Time Management နဲ့ Man Management ဆိုတာ ခေတ်စား ပါတယ်။ အခု ကတော့ Knowledge Management က ပိုခေတ်စားလာပါတယ်။ 


Knowledge Management က ဘာလဲ ဆိုတော့ Sharing your knowledge ပါ။ ဟိုအရင် နည်း ပညာခေတ် လူ တစ်ယောက် အလုပ် မှာ သြဇာ ရှိဖို့၊ နေရာ ရဖို့ဆိုရင် သူဘယ်လောက် သိသလဲ ဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ ဒါကြောင့် လူတွေဟာ သိဖို့ ကြိုးစားကြပါတယ်။ ပြီးရင် ကိုယ်သိတဲ့ ဟာကို သူများ ကို မပြောပြကြပါဘူး၊ ပြောလိုက်လို့ သူများ သိသွားရင် ကိုယ်နေရာ မရမှာကို ပူပန်ပါတယ်။ ကိုယ့်သြဇာ ကျသွားမှာ ကို စိုးရိမ်ပါတယ်။ ဒါကြောင့် လူတွေဟာ ကိုယ်သိ သမျှကို မပြောပြချင် ကြပါဘူး။ 

ဒီလိုနဲ့ ခေတ် က အိုင်တီခေတ် ကို ပြောင်းလာပါတယ်။ လူတွေ ရဲ့ ကိုယ် သိတာကို မပြောချင်တဲ့ စိတ်က အလုပ် မဖြစ်တော့ ပါဘူး။ နိုင်ငံ တစ်ခုအတွက် ကုမ္ပဏီ တစ်ခု အတွက် လူ တစ်ယောက်တည်း သိတာက မလုံလောက်တော့ပါဘူး။ ဒါကြောင့် လူတွေကို အမြင်ပြောင်းအောင် စည်းရုံးကြ ပါတယ်။ 

သိတာ ဟာ သြဇာ မဟုတ်တော့ ဘဲ ကိုယ်သိတာကို သူများ အသုံးချလို့ ရအောင် ပြောပြပေးခြင်းသာလျှင် သြဇာ ကြီးမားတဲ့ သူ ဖြစ်စေတယ် ဆိုတဲ့ အတွေးကို ပြောင်းပေးလိုက်ပါတယ်။ ဒါကြောင့် Knowledge Management မှာ You Should share your knowledge ပါ။ ဒါကြောင့် ဒီဘက်ခေတ်မှာ Share လုပ်နိုင်လေ သြဇာကြီးတဲ့ သူ ဖြစ်လေပါ။

ဒါလေး ကို ဥပမာ ယူပြီး ကျွန်တော်တို့ လူငယ်တွေ ပြောင်းလဲကြရအောင် ပါ။ ကိုယ်ကျင့် တရားနဲ့ အရည် အချင်း ကိုသာလျှင် လေးစားမယ် လို့ ကြွေးကြော် လိုက်ရင် နောင်ငါးနှစ်လောက် မှာ ကိုယ်ကျင့်တရား မကောင်း ဘဲ၊ အရည်အချင်း မရှိဘဲ နေရာ ရလာတဲ့သူ မရှိသလောက် ရှားသွားပါလိမ့်မယ်။ 


၁၀ နှစ်လောက် ကြာရင်တော့ လုံးဝပျောက်ကွယ် သွားပါလိမ့်မယ်။ ဒါပေမဲ့ လူငယ်များ အနေနဲ့ ကိုယ်ကျင့် တရား ဆိုတာ ဘာလဲ၊ အရည်အချင်း ဆိုတာ ဘာလဲ ဆိုတဲ့ သတ်မှတ်ချက် များ ကိုတော့ ဝိုင်း ဝန်း ဆွေးနွေ;ကြဖို့ တင်ပြချင်ပါတယ်။ ဒီနေရာမှာ လူငယ် များ ကျင့်ဝတ်နဲ့ ကိုယ်ကျင့် တရားကို ကွဲပြားဖို့ လိုအပ် ပါတယ်။ 

ဥပမာ - ဗိုလ်ချုပ်အောင်ဆန်း။ သူဟာ ကျင့်ဝတ် များကို လိုက်နာနေသော ယဉ်ကျေးတဲ့ သူ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်ကျင့် တရား အရာမှာ ထောက်ကွက် မရှိလောက်အောင် ပြီးပြည့်စုံ ပါတယ်။ စကားလုံးတွေ ယဉ်ကျေးပြီး အတွေး အခေါ် မိုက်ရိုင်း မနေဖို့ လိုပါတယ်။ ကွန်ဖြူးရှပ် ရဲ့ အဆို အမိန့်လေးကို အလျဉ်း သင့်လို့ လူငယ်များကို တင်ပြချင်ပါတယ်။

 ကောက်ညှင်း ကို မုန်းတယ်၊ ဆန် နဲ့ မှားမှာ စိုးလို့။ ခရမ်းရောင် ကို မုန်းတယ်၊ ဟင်္သာပြဒါး နဲ့ မှားမှာ စိုးလို့ (ဟင်္သာပြဒါး ဆိုတာ တော်ဝင် မင်းသမီးတွေ သုံးတဲ့ အရောင်ပါ)။ လူတွေ က ကောင်းတယ်လို့ သတ်မှတ်  ထားတဲ့ ကျင့်ဝတ် ပြည့်စုံ သူကို မုန်းတယ်၊ ကိုယ်ကျင့် တရား တကယ်ကောင်းတဲ့ သူနဲ့ မှားမှာ စိုးလို့တဲ့။ ဒီလို ဆိုရင်တော့ ဘုရား တုတွေ ပေါ်မလာနိုင် ပါဘူး။

တချို့လူငယ်များ ကြည့်လိုက် တာနဲ့ တော်တယ် ဆိုတဲ့ အငွေ့အသက် ရတဲ့လူငယ်တွေ နယ်ပယ် အသီး သီး မှာ ရှိပါတယ်။ ဒီထက် မက  ရိုးသားတယ် ဆိုတဲ့ အငွေ့အသက်ပါ ပေါင်းလိုက် ရင်တော့ လူငယ်များ အတွက် နေရာ မခက်  ခဲနိုင်တော့ပါဘူး။ ရပြီးသား နေရာလည်း မိမိ၏ အနေအထိုင် အပြောအဆို မတတ် မှုကြောင့် နောင်လာ၊ နောက်သား လူငယ်များ လမ်းပိတ် သွားသလိုမျိုး မဖြစ်သင့်ပါဘူး။ 


တခြားသူနဲ့ ယှဉ်ပြိုင် ရင် မိမိ ရိုးသားရင် ရိုးသား သလောက် အနိုင်ရပါတယ်။ မိမိ ကိုယ်ကိုယ် အောင်နိုင် ချင်ရင်တော့ မိမိ သည်းခံနိုင်စွမ်း အပေါ် မူတည်ပါတယ်။  လူငယ်တွေ ရဲ့ အားသာ တဲ့ အရင်းအမြစ် ကတော့ ရိုးသားမှု ပါပဲ။ ဒီ ဂုဏ်ကို အပွန်း မခံကြပါနဲ့။ ဒါပေမဲ့ စနစ်ဆိုး ရဲ့ တိုက်စားမှု ဒဏ်ကို လူငယ်များ ခံစားရတဲ့ အတွက် မရိုးသား တဲ့ လူငယ်လေးတွေ ကိုလည်း စိတ်မကောင်းစွာ တွေ့နေရပါတယ်။ ဒီလို မြင်လိုက် ရရင်လည်း မဆီ မဆိုင် ဝမ်းနည်းမိပြန်ရော။

မြန်မာပြည် မှာ လူငယ်များ နေရာ အရဆုံး နယ်ပယ်တွေ လည်း ရှိပါတယ်။ သရုပ်ဆောင် နယ်ပယ်နဲ့ ဂီတ နယ်ပယ်များ ဖြစ်ပါတယ်။ ဒါတောင် လူငယ်တွေ သရုပ်ဆောင် ပညာ ပိုမိုကောင်းမွန်ပြီး ရုပ်ပိုချော လာကြ လို့ ဖြစ်ပါလိမ့်မယ်။ မဟုတ် ရင် ဒီနေရာမှာ လူငယ်တွေ မတိုးနိုင် ဖြစ်သွားပါမယ်။ သဘာဝ ကပေးတဲ့ ကံကောင်းခြင်း လက်ဆောင်များပါပဲ။ ဂီတနယ်ပယ်မှာလည်း ထိုနည်းတူပါ။ 


ယခုခေတ် လူငယ်တွေ ရေးတာရော၊ ဆိုတာရော တိုးတက် လာကြပါတယ်။ အရင်ကရေးတဲ့ သူက မဆိုနိုင်၊ ဆိုတဲ့သူ က မရေးနိုင်၊ သံစဉ် ကတော့ ကော်ပီကူး၊ ဒီလို မျိုးတွေ ဖြစ်ခဲ့ ဖူးပါတယ်။ အဆိုတော် ကြက်ဖ ရဲ့ တချို့တွေ က ‘မျက်နှာလည်း မသစ် တတ်ပါ’ ဆိုတဲ့ အတွေးအခေါ် စာသားမျိုး၊ ဂျေမီရဲ့ ‘ကဲသာ ကဲ မင်းဂရု မစိုက်နဲ့’ ဆိုတဲ့ လွတ်လပ် လိုတဲ့ လူငယ် စိတ်ခံစားချက် မျိုး၊ မိစန္ဒီ ရဲ့ ရဲတိုက်လို မျက်လုံး နဲ့ ညှို့၊ စိုင်းစိုင်း လို ၅ ပေ ၉၊ နေတိုး လို အသားအရေမျိုး ဆိုတဲ့ ဖွဲ့နွဲ့မှုပုံစံ က ဇင်ယော်တောင် မျက်ခုံးမျိုး သမင်မျက်လုံး ဆိုတာ ထက်တော့ လူနှင့် ပိုတူသည် ဟု ယူဆသည်။

 တေးရေးဆရာ ထူးအိမ်သင် ရေးပြီးတော့ ကိုလေးဖြူ တို့ အုပ်စုလိုက် သီဆို ထားသော ဉာဏ်ပညာရယ်၊ ချစ်ခြင်း တရားရယ် (love and wisdom) ဟူသော ဗုဒ္ဓဘာသာ ကို ထင်ဟပ် ထားသော စာသား ဖန်တီး မှု၊ နောက် တစ်ခု သဘော ကျတာက စိုင်းစိုင်းခမ်းလှိုင် ရဲ့ ‘အတ္တ အရေခွံကို ချွတ်လိုက် မှ အနုပညာ လုပ်ရ တာ ပိုလွတ်လပ် လာတယ်’ ဆိုတဲ့ စာသား၊ တခြား နယ်ပယ်မှာ ကြိုးစားနေ တဲ့ လူငယ်များ ရှိရင် အမှာ ပါးလိုက် ချင် ပါတယ်။ ရိုးသားကြ ပါလို့။ ဒါမှ လူငယ်များ မိမိ ရပြီးသား နေရာ ကို မပျောက်မပျက် ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။

ဘာ ပယောဂမှ မပါဘဲ လူငယ် များ မကြိုးစား၊ မရိုးသား ရင်တော့ လူငယ် များ အပြစ်ပါ။ ရိုးသားကြိုး စား နေပါလျက် နဲ့ အခွင့်အရေးကောင်း၊ အခွင့်အလမ်း ကောင်းတွေ မဖန်တီးပေးနိုင် ရင် လူကြီးများရဲ့ အသိနိမ့်ကျမှု နဲ့ လောဘကြီး မှုပါ။ လူငယ်များကို တင်ပြချင် တာကတော့ လေးစားထိုက် သူကို မလေး စားခြင်းဟာ အသိ တရား ကင်းမဲ့ရာ ရောက်ပါတယ်။ 


လူကြီးများ အတွက် ကတော့ အလွန် အကျူး အထူးအကဲ အရိုသေ အလေးစား ခံချင်ခြင်းသည် ကိုယ်ချင်းစာ တရား မရှိရာ ရောက်ပါတယ်။ ကိုယ်တိုင် ကြိုးစား ရုန်းကန်နေရ တဲ့ ဘဝမို့ ဒီစာလေးလောက် ပဲ ရေးနိုင်တဲ့ အတွက် နေရာ ခက်ခဲနေတဲ့ လူငယ်များ ကို အားနာပါကြောင်း။



 Written by  ကိုမင်းမောင်
Sun, 1st June, 2014

No comments:

Post a comment