*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday, 30 November 2013

ခင်မောင်တိုး (၁) နှစ်ပြည့် အမှတ်တရ ချစ်သူသိလေ/စေ



 

ခင်မောင်တိုး (၁) နှစ်ပြည့် အမှတ်တရ ချစ်သူသိလေ/စေ

(၁၅-နိုဝင်ဘာ-၂၀၁၃ တွင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့်သည့် ဂီတပညာရှင် ခင်မောင်တိုး အမှတ်တရ မိုးမခ အစီအစဉ် – ၂)


ခင်မောင်တိုး (၁၉၅၀-၂၀၁၂)
ခင်မောင်တိုး ရဲ့ ဂီတ ဘဝ အစ ပထမ ဆယ်စုနှစ် က အောင်မြင်ခဲ့တဲ့ ကဗျာသီချင်း “မျက်သွယ်” နဲ့ ဂီတပညာရှင် ခင်မောင်တိုး ကို လွမ်းဆွတ် ဂုဏ်ပြု အပြီးမှာ ဒုတိယ အစီအစဉ် အနေနဲ့ ခင်မောင်တိုး ရဲ့ ဂီတ ဘဝ နောက်ဆုံး ဆယ်စုနှစ်လို့ ဆိုနိုင်တဲ့ သက္ကရာဇ် ၂၀၀၀ မှာ ထွက်လာခဲ့တဲ့ “တိတ်တခိုး” တေးစု ပါ “ချစ်သူသိလေ” နဲ့ မိုးမခ ရဲ့ “ခင်မောင်တိုး ရက်သီတင်းပတ်” အမှတ်တရ အစီအစဉ် ကို ဆက်လက် ချီတက် ချင်ပါတယ်။


သက္ကရာဇ် ၂၀၀၀ ဝန်းကျင် ဗမာ့ စတီရီယို ဂီတ ရပ်ဝန်း ကို အကြမ်းဖျင်း ကြည့်မယ် ဆိုရင် ပြန် ဆိုတေးတွေ၊ နိုင်ငံခြားသံစဉ်မှီး အပြင်းစား သီချင်းတွေ ကြီးစိုး ဈေးကွက်ဝင်နေတာကို တွေ့ရပါမယ်။ ကိုယ်ပိုင် ဂီတ၊ ကိုယ်ပိုင်ဟန် နဲ့ သီးခြား ရပ်တည် တည်ရှိနေတဲ့ ဂီတပညာရှင်များ နဲ့ တေးစုများ လည်း အနည်းစု ရှိပါတယ်။ အဲဒီ ထဲမှာ “ခင်မောင်တိုး” နဲ့ “တိတ်တခိုး” တေးစု ဟာ ထူးခြား ပေါ်လွင်နေခဲ့ပြီး လူကြီး၊ လူငယ် မရွေး နှစ်ခြိုက် သဘောကျ ခဲ့ကြသလို ခင်မောင်တိုး အမာခံ ပရိသတ် များရဲ့ သဲသဲလှုပ် အားပေးခြင်းကို ခံခဲ့ရပါတယ်။

“တိတ်တခိုး” တေးစု ဟာ ခင်မောင်တိုး ရဲ့ ငယ်သူငယ်ချင်း လို့ ဆိုနိုင်တဲ့ တက္ကသိုလ်ကျောင်းသား ဘဝ ရောင်းရင်း မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ ကဗျာ တွေကို ဂီတ ညီငယ် မဇ္ဈိမလှိုင်း ဝိုင်းတော်သား တေးရေးဆရာ နိုင်မင်း က သံစဉ်ထည့် တေးဖွဲ့ခဲ့တဲ့ တေးစု ဖြစ်ပါတယ်။

တေးစု ပါ သီချင်းများ အားလုံး လူကြိုက်များခဲ့ပြီး ခေါင်းကြီးတေး “တိတ်တခိုး” နဲ့ ယခု တင်ဆက် မယ့် “ချစ်သူသိလေ” နှစ်ပုဒ် ဟာ အထူး ကျော်ကြားလှတဲ့ “ပေါက်” သီချင်းများဖြစ်ခဲ့ကာ လူငယ်တိုင်းလိုလို ရဲ့ ပါးစပ်ဖျား မှာ၊ ဂစ်တာဝိုင်းမှာ နေရာယူခဲ့ပါတယ်။ အဆောင်ညတွေမှာ “ချစ်သူသိလေ” အရင်းပြု ကဗျာ ရွတ်လိုက်၊ သီချင်း ဆိုလိုက် နဲ့ ရွှေနားတော်သွင်းရင်း အချစ်ဇယားခင်း ခဲ့ဖူးကြတဲ့ လူငယ်များ နိုင်ငံတဝှမ်း မနည်း ရှိခဲ့ပါတယ်။

တေးစု တခုလုံး အနေနဲ့ ဆိုရရင်လည်း “တိတ်တခိုး” တေးစု ဟာ ခင်မောင်တိုး ရဲ့ သီချင်းအသစ် အဓိက အားပြု ထွက်ရှိနိုင်ခဲ့တဲ့ နောက်ဆုံး တေးစုဖြစ်တဲ့ အတွက် ခင်မောင်တိုး ဂီတ ဘဝ မှတ်တမ်း မှာ အရေးပါလှပါတယ်။

ဗမာ့ ကိုယ်ပိုင်သံစဉ် စတီရီယို ဂီတ သမိုင်းမှာ ကဗျာ အများအပြား ကို လူတိုင်း နားစွဲအောင် လှလှ ပပ၊ ခန့်ခန့်ထည်ထည်၊ အရသာမပျက်၊ သီချင်း လုပ်ကာ သီဆိုပြသွားခဲ့တဲ့ ခင်မောင်တိုး အား နှမြော တသ လွမ်းဆွတ် သတိရခြင်း များစွာဖြင့်…


ချစ်သူသိလေ (ကဗျာ)
(၁)
ပန်းပွင့်ရှိမှ ရနံ့ရတာ
မဟုတ်ပါဘူး၊ ဖူးသည့် တစ်ငုံ
ထုံသည့်တစ်ပွင့် နမ်းခွင့် တစ်ရှိုက်
ရသည့်ခိုက်မှ ထာဝရတည်
ကာလရှည်လျား နှလုံးသားမှာ
စွဲမြဲစွာဖြစ် ထုံနံ့ယစ်ဝေ
ပျံ့ဆွတ်စေ၏၊
ချစ်သူသိလေ…။
(၂)
မျက်နှာတွေ့မှ မြင်ခွင့်ရတာ
မဟုတ်ပါကွယ်
ဘယ်ကို သွားသွား
ဘယ်နား ရောက်ရောက်၊ ဘယ်လောက် ဝေးဝေး
အတွေးမှာရှိ၊ အကြည့်မှာမြင်၊
သူပဲထင်တယ်၊ ကောင်းကင်လိုပဲ
မော့ကြည့်ဆဲမှာ၊ တွေ့နိုင်ပါ၏၊
ချစ်သူသိလေ…။
(၃)
အသံကြားမှ နားမှာ ဆတ်ဆတ်
ကြားလာတတ်တာ မဟုတ်ပါလေ၊
စမ်းရေသံကြား သူ့ စကားရှိ
ငှက်၏ တေးမှာ သူ သံသာတွေ
နှုတ်ခြွေ စကား နားမှာတီးတိုး
ဟိုး… အရင်လို ရွှင်ချိုကြည်မြ
ကြားနေရ၏၊
ချစ်သူသိလေ…။
(၄)
ချစ်သူသိလေ…
သတိရလျှင် ဒေသ အကွာ
နေရတာကွဲ၊ ဘယ်လိုခွဲခွာ
ဘယ်လောက် ကွာမလဲ…
ဘယ်မှာဖြစ်ဖြစ်၊ တွယ်တာ ရစ်ငင်
ထာဝရထင်သော ရင်ထဲအရိပ်
စွဲလမ်းစိတ်ဖြင့်…
အိမ်မက် တိုင်းမှာ ရှိနေသူ…။


မောင်စိန်ဝင်း(ပုတီးကုန်း)
ဓာတ်ပုံ မျှဝေသူ – ကိုသားငယ်


ချစ်သူသိလေ / ချစ်သူသိစေ (သီချင်း)
♫♪♫♪…
ပန်းပွင့်ရှိမှ.. ရနံ့.. ရတာ.. မဟုတ်ဘူး..
ဖူးသည့်.. တငုံ.. ထုံသည့်.. တပွင့်..
နမ်းခွင့်.. တရှိုက်.. ရခိုက်မှာ..
ထာဝရ.. အမြဲတည်..
နှလုံးသားမှာ.. စွဲမြဲစွာ.. ထုံယစ်..
ဆွတ်ပျံ့နေ.. ချစ်သူ.. သိစေ..
♫♪♫♪…
တွေ့ခွင့်ရမှ.. မင်း.. မျက်နှာ.. လဝန်း..
ကြည့်ခွင့်.. တခါ.. မြင်ခွင့်.. တလှည့်..
မင်း. .မရှိလည်း.. စွဲမြဲစွာ..
ဘယ်လောက်.. ဝေးနေ..
မော့.. ကြည့်ရင်.. မိုးကောင်းကင်လို.. ရှိ..
တွေ့လို့နေ.. ချစ်သူ.. သိစေ..
♫♪♫♪…
ဘယ်လောက်.. ဝေးဝေး.. ဘယ်မှာ.. ဖြစ်ဖြစ်..
တွယ်နှောင်.. ရစ်ငင်.. အိမ်မက်မှာ.. အစဉ်အမြဲ.. ရှိ..
နေရာချင်း.. လွဲလွဲ.. ဒေသချင်း.. ကွဲကွဲ..
မြင်ယောင်.. စိတ်.. အစဉ်.. အိမ်မက်.. မှာ. ရှိ..
♫♪♫♪…
ဖွင့်ဟ.. ပြောမှ.. ကြားတတ်တာ.. မဟုတ်ဘူး..
စီးဆင်းတဲ့.. စိမ့်.. စမ်းရေ..
ကျေးငှက်တို့.. တီးတိုးသံ..
ချိုစွာ.. ကြားရင်
မင်း.. စကားသံ.. စွဲမြဲစွာ.. ကျန်ရစ်..
ကြားလို့နေ.. ချစ်သူ.. သိစေ..
ချစ်သူသိလေ၊ စာသား – မောင်စိန်ဝင်း (ပုတီးကုန်း) ကဗျာ၊ သံစဉ် – နိုင်မင်း၊ တေးဆို – ခင်မောင်တိုး၊ တေးစု – တိတ်တခိုး (၂၀၀၀)

From... မိုးမခ

No comments:

Post a Comment