*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 9 November 2013

တစ်ခဏတာ ...




အဝေးသင် တက္ကသိုလ် စာမေးပွဲကြီး ဖြေချိန်ရောက်မှပဲ တက္ကသိုလ် ကျောင်းတော်ကြီး ကို ပြန်လည် အခြေ ချမိ ခဲ့ပါတယ်။ ဘ၀ရှေ့ရေးအတွက် အသက်မွေးဝမ်းကျောင်း အတတ်ပညာတွေကို သင်ယူရသလို တိုး တက်အောင်မြင်ရေး အတွက်လည်း အသိပညာကို သင်ယူရပါတယ်။

ပြင်ပ အတတ် ပညာတွေက လူတိုင်းရဲ့ အတွေးအခေါ် စွမ်းရည် ကိုသာမက လုပ်ရည်ကိုင်ရည် ကိုပါ ရင့်ကျက် ခိုင်မာ စေပါတယ်။ ဒါ့ကြောင့်မို့လား မသိ ရင့်ကျက် သလိုရှိပြီး အသား ကျနေတတ်တဲ့ ကျွန်မ ကျောင်းသူ တစ်ယောက်ရဲ့ ဘ၀ကို ပြန်လည် ပိုင်ဆိုင် လိုက်ရတဲ့ အတွက် ကလေးတစ်ယောက် ခံစားချက် အလား နှစ်သက်ပျော်ရွှင် နေမိပြန်ပါတယ်။




အထက်တန်းကျောင်းတုန်းက သူငယ်ချင်းတွေနဲ့လည်း ပြန်တွေ့၊ ရှေးဟောင်းနှောင်းဖြစ် အချဉ်၊ အချို ရောသမမွှေ ဖြစ်ရပ်လေးများကို တစ်ယောက်မျက်နှာ တစ်ယောက်ကြည့် ရေပက်မ၀င် ပြောကြ၊ ရယ်ကြ၊ မောကြ၊ စာကျက်ရင်းနဲ့ တက္ကသိုလ် ကျောင်းသူဘ၀ အရသာကို အပြည့်အ၀ ခံစားကျေ နပ် နေ မိပါတယ်။


အထက်တန်း ကျောင်းသူဘ၀နဲ့ တက္ကသိုလ် ကျောင်းသူဘ၀ နှစ်ခုက ပညာသင်ကြားရတာခြင်း တူပေမယ့် တက္ကသိုလ်ကျောင်းသူဘ၀က ပိုပြီးပွင့်လင်းမြင်သာ လွတ်လပ်မှု ရှိကြပါတယ်။ စည်းကမ်းတွေ တင်းကျပ် ထားပေမယ့်လည်း ဆရာ၊ ဆရာမတွေက စဉ်းစားဆုံးဖြတ်နိုင်တဲ့ အရွယ်၊ တုတ်ပြခြိမ်းခြောက်စရာ မလိုတော့ တဲ့အရွယ်တွေ ဖြစ်နေပြီလို့ သတ်မှတ်ထားတဲ့အတွက် မလွန်ကဲအောင်ဘဲ ထိန်းပြီး ပြောဆိုကြ ပါတယ်။ ဆေးလိပ် တကိုင်ကိုင်နဲ့ ကျောင်းတစ်ပတ် ပတ်ရင်လည်း အကြီးအကျယ် ပြောဆိုမယ့်သူမျိုး မရှိတော့ပါဘူး။


ကျွန်မထင်တဲ့ တက္ကသိုလ် ကျောင်းကြီးကလည်း ငယ်ဘ၀ ကျောင်းထက်ပိုပြီး ကျယ်ပြန့်ပြီး အတွေ့ အကြုံတွေ၊ ကိုယ်ပိုင်စဉ်းစား ဆင်ခြင်ဥာဏ်တွေ အများကြီး ရနိုင်မယ်လို့လည်း မျှော်လင့်ထားခဲ့ပါတယ်။

တစ်နေ့ မေဂျာဖြေမယ့်ရက်မှာ ကျွန်မနဲ့ ကျွန်မသူငယ်ချင်းတစ်စု ဖယ်ရီကားပေါ်မှာ စာကျက်နေတုန်း ဟိုဘက်ကားပေါ်က ကျောင်းသားအုပ်စုကို အမှတ်မထင်ဘဲ ကြည့်ခဲ့မိပါတယ်။


ယောက်ျားလေး လေး၊ ငါးယောက်အပြင် မိန်းကလေး သုံးလေးယောက်လောက် ကောင်လေးတစ်ယောက် ဦးဆောင်ပြီး လုပ်နေတဲ့ အလုပ်တစ်ခုကို စာအုပ်ကိုတောင် ဘေးမှာအသာချပြီး စိတ်ဝင်တစ်စား ၀ိုင်းကြည့်နေကြပါတယ်။

အစက ကျွန်မနဲ့လည်း အလှမ်းနည်းနည်းဝေးတော့ ဘာလုပ်နေလဲဆိုတာ သဲသဲကွဲကွဲ မမြင်ရပါဘူး။ ကျွန်မရဲ့ သိချင်စိတ်ကလည်း အရမ်းဦးဆောင် နေလေတော့ အစအဆုံးပဲ သေချာစိုက်ကြည့် နေမိခဲ့ပါတယ်။


လူ့သဘာဝ ဆိုသည်မှာ မကောင်းမှန်း သိလျက်နဲ့ မလုပ်ပါနဲ့ဟု တားမြစ်ထားသော အလုပ်ကို တားမြစ်ဖန် များလေ ပိုလုပ်ချင်တဲ့ လူစားမျိုးပါ။ သိလိုသော အရာတစ်ခု ကို စူးစမ်းရှာဖွေ လေ့လာခြင်း က ကောင်းသော အကျင့်တစ်ခုဟု ဆိုနိုင်ပေမယ့် ရရှိလာတဲ့ အတွေ့အကြုံအပေါ် အဆိုး၊ အကောင်း ခွဲခြားဆုံးဖြတ်နိုင်ဖို့ အရေးကြီးပါတယ်။ စဉ်းစားဆင်ခြင်နိုင်မှု မရှိဘဲ မိမိပြုမူလိုက်သော အရာတစ်ခု၏ နောက်ကွယ်တွင် လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေး အခန်းကဏ္ဍတို့တွင် နစ်နာဆုံးရှုံးမှု များစွာရှိလာနိုင်ပါတယ် . . . . .


ဦးဆောင်ပြီး လုပ်နေတဲ့ ကောင်လေးက ဒီအလုပ်ကို အသားကျပြီးသား ဖြစ်ပေါ်ပုံသလို ကျွမ်းကျွမ်းကျင် ကျင်ပဲ လုပ်နေတာကို တွေ့ရပါတယ်။ သေချာကြည့်လိုက်တော့မှ သူက ဆေးပြင်းလိပ်ခေါ် ဆေးပေါ့လိပ်နဲ့ စီးကရက်ထဲပါတဲ့ အမှုန့်၊ အခြောက်တွေကိုရောပြီး ရိုးရိုးစက္ကူထဲထည့် ကိုယ်တိုင်လိပ်ပြီး တစ်ရှိုက်၊ နှစ်ရှိုက် စာလောက် စီးကရက် သေးသေးလေး လုပ်နေတာပါပဲ။ ပြီးတော့မှ စီးကရက်သေးသေးလေးကို တစ်ယောက် တစ်လှည့်စီကမ်းပြီး အားရပါးရ ရှူရှိုက်ကြပါတော့တယ်။


ဒီမြင်ကွင်းကို စမြင်လိုက်ရချိန်မှာပဲ ကျွန်မခေါင်းထဲကို စဉ်းစားစရာ မေးခွန်းပေါင်းများစွာ တသီတတန်းကြီး ၀င်ရောက်လာပါတော့တယ်။ စီးကရက်ကို ဒီတိုင်းသောက်လို့ ရသားနဲ့ ဘာလို့များ လူငယ်တွေ သောက်နေ ကျ မဟုတ်တဲ့ ဒီဆေးပြင်းလိပ်နဲ့ရောပြီး သောက်ရတာလဲ။ ဒါကရော မူးယစ်ဆေးဘက်နွယ်နေတဲ့ ကိစ္စ တစ်ခု ဖြစ်နေမလား။


ဒါနဲ့ ကျွန်မရဲ့ သိလောက်တယ်ထင်တဲ့ သူငယ်ချင်းတွေကို မေးကြည့်တော့ အဲဒီလိုသောက်ရတာ ပိုကောင်း တယ်ဆိုပဲ။ ဘယ်လိုကောင်းတာလဲဆိုတော့ ပြောပြလည်း နင်သိမှာ မဟုတ်ပါဘူး။ ဒါမျိုးက လက်တွေ့ လုပ်ကြည့်မှ သိမှာတဲ့။ ဒီလိုမျိုးက စာမေးပွဲ ဖြေခါနီးမျိုးဆို သုံးရင် ခံစားချက်က ပိုပြီးကောင်းတယ် ဆိုလားပဲ။

ကျွန်မလည်း တော်တော်အံ့သြ သွားရတယ်။ ဘာလဲဆိုတော့ စာမေးပွဲဖြေခါနီး စိတ်ကိုလုံးဝ ကြည် ရှင်းနေ အောင် ထားရမယ့် အချိန်မှာ ဘေးနားရှူရင်တောင် မူးဝေေ၀ဖြစ်ရတဲ့ ဒီစီးကရက်ကို ဆေးလိုဝါးလို မှတ်ယူစွဲသုံး နေတာကိုပါ။ သုံးတဲ့သူကလည်း သုံးတယ်။        


ခေတ်ကာလတွေ တဖြည်းဖြည်း တိုးတက်ပြောင်းလဲ လာသည်နှင့်အမျှ အမျိုးသမီးများပါ အမျိုးသားများနှင့် ရင်ပေါင်တန်းနိုင်အောင် ကြိုးစားနိုင်ခွင့် ရှိတယ်ဆိုတာကို လက်ခံနိုင်ပေမယ့် ယဉ်ကျေးမှုနဲ့ အကျင့်စာရိတ္တ ဘက်မှာ ယိုယွင်းပျက်စီးစွာ လွဲမှားနေမှုများ တဖြည်းဖြည်း များပြားလာပါတယ်။


ခုနောက်ပိုင်းမှာလည်း ဆေးလိပ်သောက်ခြင်း၊ အရက်၊ ဘီယာသောက်ခြင်း၊ မူးယစ်ဆေးနှင့် ဆက်စပ်ဆေး ၀ါး များ သုံးစွဲခြင်းတို့ကို ယောက်ျား၊ အမျိုးသမီးများပါမကျန် အနည်းနဲ့အများ ပြုလုပ် လာကြပါတယ်။ အချို့ ကလည်း ကျော်ကြားတယ်၊ လူသိများတယ်ဆိုပြီး ဒီလိုလုပ်ရပ်မျိုး ကို နှစ်နှစ် ခြိုက်ခြိုက် ပြုလုပ်နေကြ ဆဲပါ။


ထို့အပြင် လူတန်းစားမရွေး ကြား၌လည်း မူးယစ်ဘက် ဆက်နွှယ်နေသော ကိစ္စတို့ကို စိတ်တစ်ခု၏ လိုချင် တပ်မက် စွဲလမ်းခြင်း ဖြစ်တည်မှုကို အရင်းပြု၍ အလိုလိုက်ကာ မိမိကိုယ်မိမိ ညှိုးနွမ်းပျက်စီးရာကို ကြံဆောင်နေ ကြ ပြန်ပါတယ်။


အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် လူမှုအဖွဲ့အစည်းများက သတင်းနှင့် စာပေ၊ ရေဒီယို၊ ရုပ်မြင်သံကြား များမှ တစ်ဆင့် မြို့၊ ရွာ၊ နေအိမ်၊ ကျောင်းအလိုက် အသိပညာပေး ဆွေးနွေးပေးလျက် ရှိသလို တစ်တပ် တစ်အား ကာကွယ်တားဆီးပေးလျက် ရှိပါတယ်။


ဒါပေမဲ့ လိုအပ်ချက်များ ရှိနေပြီး ကျောင်းအနီး ပတ်ဝန်းကျင်ရှိ အလွယ်တကူ ရနိုင်သော အရက်ဆိုင်၊ ဘီယာ ဆိုင်များကို မိဘ၊ အသိုင်းအ၀ိုင်း လူမှုအဖွဲ့အစည်းများက ပူးပေါင်းပါဝင် ဆောင်ရွက်ရန် လိုအပ်ပါတယ်။

လူ့သဘာဝ ဆိုသည်မှာ မကောင်းမှန်း သိလျက်နဲ့ မလုပ်ပါနဲ့ဟု တားမြစ်ထားသော အလုပ်ကို တားမြစ်ဖန် များလေ ပိုလုပ်ချင်တဲ့ လူစားမျိုးပါ။ သိလိုသော အရာတစ်ခုကို စူးစမ်းရှာဖွေ လေ့လာခြင်း က ကောင်းသော အကျင့်တစ်ခုဟု ဆိုနိုင်ပေမယ့် ရရှိလာတဲ့ အတွေ့အကြုံအပေါ် အဆိုး၊ အကောင်း ခွဲခြားဆုံးဖြတ်နိုင်ဖို့ အရေးကြီးပါတယ်။ 

စဉ်းစားဆင်ခြင်နိုင်မှု မရှိဘဲ မိမိပြုမူလိုက်သော အရာတစ်ခု၏ နောက်ကွယ်တွင် လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေး အခန်းကဏ္ဍတို့တွင် နစ်နာဆုံးရှုံးမှု များစွာရှိလာနိုင်ပါတယ်။

အဖြူရောင် သက်သက် စက္ကူတစ်ချပ် က ဆေးရောင်စုံ ခြယ်သထားသော စက္ကူတစ်ချပ်ထက် ပိုပြီးရိုး ရှင်းပေမယ့် အမည်းစက် စွန်းထင်းသွားရင်တော့ မည်သူတစ်ဦး တစ်ယောက်အတွက်မှ အသုံးမ၀င်နိုင်တော့ ပါဘူး။ ဘ၀ရဲ့ တစ်ခဏတာ သာယာပျော်ရွှင်မှုအတွက် တစ်ရှိုက်စာ အမှောင်အငွေ့အသက် ကြားထဲတွင် လူသားတိုင်း လှောင်ပိတ်နေမိရာမှ ပြန်လည်ရုန်းထွက် နိုင်ကြပါစေလို့သာ။

  

Written by စုလဲ့အောင် 
From...Eleven

No comments:

Post a Comment