“ အမေ သား မိန်းမ ယူတော့မယ် သားကို မိန်းမ ပေးစားပါ”
“ ဟဲ့ နင် ကလေးပဲရှိသေးတာ ဘာလို့ယူမှာတုန်း”
“ ငင် အမေ သားအသက် မနက်ဖန် သန်ဘက်ခါပဲ သုံးဆယ် တောင်ပြည့်တော့မယ်လေ အခုထိ လူကြီး မဖြစ်သေးဘူးလား”
“ အေး နင်က ငါ့မျက်စိ ထဲမှာတော့ ကလေးပဲ”
“ တိန်”
သို့နှင့် မွေးသဖခင် ဆီ ခြေဦးလှည့်ရသည်။
“ အဖေ သား မိန်းမ
ယူတော့မယ် သားကို မိန်းမ ပေးစားပါ”
“ အေး ယူလေကွာ”
“ ဟာ အဖေ တကယ်ပြောတာလား ဟေးဟေး”
“ အေး ဒါနဲ့ မင်း မီးချောင်းချုပ် တပ်တာ ဖြုတ်တာ လုပ်တတ်ပြီလား”
“ ငင် အိမ်မှာ ချုပ် မကောင်းတော့လို့လား”
“ မဟုတ်ဘူးလေ ငါမေးတာ ဖြေစမ်းပါ လုပ်တတ်ပြီလားလို့”
“ စမ်းတ၀ါးဝါးပဲ အဖေ လုပ်ကြည့်ရမှာပဲ”
“ ဒါဆို မင်းဘာလုပ်တတ်လဲ ပြောစမ်း”
“ ကျွန်တော်လား ပိုက်ဆံရှာတတ်ပြီလေ “
“ အေး ဟုတ်ပြီကွာ နောက်ရော”
“ အဲ အီး ကားမောင်းတတ်တယ်”
“ ပြီးတော့ရော”
ခေါင်းခြောက်အောင် စဉ်းစားလိုက်သည်။ ငါ ဘာတွေ လုပ်တတ်သေးလဲ။ ထိုစဉ် အဖေက တူနှင့် သံတစ်ချောင်းယူလာကာ
“ ရော့ကွာ ဒီသံကို ဟိုနံရံမှာ ရိုက်ကြည့်စမ်း”
အာ ဒီလောက်လွယ်တာကို ခိုင်းရတယ်။ ဘာများလဲလို့။ သို့နှင့် တူ နှင့် သံကို ယူကာ အုတ်နံရံ တွင်ရိုက်လိုက်သည်။ သံသာကွေးကောက်သွားသည်။ တစ်ခါတစ်လေ ထုနေတာက ချော်ပြီး လက်မ ကို သွားထိသေးပြန်သည်။ အီး ထင်သလောက်မလွယ်ပါလား။
“ အေး အဲ့ဒါပဲကွ ဒါ အုတ်ရိုက်သံ မဟုတ်ဘူးဆိုတာ တောင် မင်းမခွဲတတ်သေးဘူး အိမ်ထောင်ပြုပြီဆို မင်းက တစ်အိမ်လုံးမှာ အိမ်ထောင်ဦးစီး မင်းမရိုက်လို့ ဘယ်သူရိုက်မှာလဲ”
“ မိန်းမ ရိုက်တတ်တယ်ထင်တယ် နေအုံး ကျွန်တော် ဖုန်းဆက်မေးကြည့်အုံးမယ်”
“ ခွီးးးးး သံရိုက်တာတောင် မိန်းမ အားကိုးနေရသေးရင်တော့ မိန်းမ မယူပါနဲ့အုံးကွာ စောပါသေးတယ်”
“ တိန်”
သို့နှင့် သုံးရက်လောက် သံရိုက်ကျင့်လိုက်တာ အတော်ကျွမ်းကျင်သွားလေသည်။
“ အဖေ သား သံရိုက်တတ်ပြီ မိန်းမ ယူတော့မယ်”
“ အေး ယူလေကွာ နေအုံး မင်း ဖျူ့စ်ပြတ်ရင်ရော လဲ တတ်လား”
“ အာ အဖေကလဲ မီးသမား ခေါ်ခိုင်းမှာပေါ့”
“ ညရေး ညတာ ကျရင် ခေါ်ခိုင်းလို့ အဆင်ပြေမလားကွ ပြီးတော့ ၀ါယာကြိုးတွေရော သွယ်တတ်ပြီလား”
“ အဟင့် လုပ်တတ်သေးဘူး”
“ အေး ဒါဆို စောပါသေးတယ်ကွာ မယူပါနဲ့အုံး”
“ ဂျာ”
သို့နှင့် သုံးရက်ခန့် အဖေ့ဆီ ၀ါယာကြိုးသွယ်တန်း ပုံတွေ သင်ကြားပြီးသကာလ အောင်မြင်ကြောင်းလက်မှတ်ရသွားလေတော့သည်။
“ အဖေ သား ဖျူ့စ်လဲတတ်ပြီ ၀ါယာကြိုးလဲ သွယ်တတ်ပြီ သားကို မိန်းမ ပေးစားပါတော့”
“ အေး ယူလေကွာ”
“ ငင် လာပြန်ပြီ ဒီစကားကြီး ဘာတွေ ထပ်လုပ်ခိုင်းအုံးမလို့လဲငင်”
“ ရေပိုက်ခေါင်းလဲတတ်ပြီလား အင်တန်နာ ထောင်တတ်ပြီလား Safeguard ဆင်တတ်ပြီလား Skynet ဆင်တတ်ပြီလား အ၀တ်တန်းရိုက်တတ်ပြီလား မီးချောင်းလဲတတ်ပြီလား ဘထ္ထရီအိုး အက်ဆစ်လဲတတ်ပြီလား အင်ဗာတာ ဆင်တတ်ပြီလား ရေတိုင်ကီဖာတတ်ပြီလား လားလားလားလားလား ရေတစ်ခွက်ပေးကွာ မောထှာ”
“ အဟင့် အဖေ အဲ့ဒါတွေက အားလုံးတတ်ဖို့လိုလို့လားငင်”
“ အေး မလိုချင်လဲ မလိုဘူးပေါ့ကွာ ဒါပေမယ့် မင်းကို အရာရာ အားကိုးပြီး လိုက်နေမယ့်မင်းရဲ့ မိန်းမ စိတ်ထဲမှာ အိမ်မှာတစ်ခုခုဖြစ် ငါ့ယောက်ျားရှိတယ် ဆိုတဲ့ အားကိုးချင်တဲ့စိတ် ပေါ်လာအောင်တော့ ဒါတွေလုပ်တတ်ဖို့လိုလိမ့်မယ် ငါ့သား ပိုက်ဆံရှာတတ်တိုင်း ငါအားကိုးချင်စရာ ယောက်ျား ဖြစ်ပြီလို့ ဘယ်တော့မှ မတွေးမိလေနဲ့ တစ်ခါတစ်လေ ဒီလို အသေးအဖွဲလေးတွေက မိန်းမ တစ်ယောက်ရဲ့ ယုံကြည်ကိုးစား ခြင်းကို ခံရတတ်တယ် ငါ့သား”
“ ဟွတ်”
တကယ်တော့ သူ့အဖေသည် သူမလုပ်ဖူးတာတွေကို ခိုင်းနေခြင်းမဟုတ်။အကုန်သူလုပ်တတ်သည်။ သူဖြတ်သန်းခဲ့ရသော အိမ်ထောင် အတွေ့အကြုံနှင့် ယှဉ်ထိုးကာ ပြောပြနေခြင်းပင်။ တကယ်တော့ အဖေ တွေဆိုတာ တကယ့် ဆရာကြီးတွေပါပဲ။
ကို ပွ
ခေါင်းစဉ်လေးကို မတွေ့မိလို့ ကျွန်တော်ဘဲ တပ်လိုက်ပါတယ်......
Myawady News မှ ကူးယူဖေါ်ပြသည်......
No comments:
Post a Comment