ကပ္ပ-ဟူသော ပါဠိကို ကမ္ဘာ-ဟု မြန်မာပြန်ပါသည်၊
နှစ်ပေါင်းမည်၍ မည်မျှရှိသည်ဟု အတိအကျ မသိနိုင်၊ မရေတွက်နီုင် သဖြင့် ကြံဆ၍သိအပ်သော ကာလ အပိုင်းအခြား တစ်ခုကို ကပ္ပ-ကမ္ဘာ-ဟုခေါ်ပါသည်။
ကြံဆ၍သိအပ်ပုံကား-
အလျားအနံ အမြင့် တစ်ယူဇနာစီရှီသော တိုက်ကြီးတလုံးထဲ၌ အလွန်သေးငယ်သော
မုန်ညင်းဖြူစေ့ ကလေးများ အပြည့်ထည့်ထားပြီး နှစ်ပေါင်း တစ်ရာတစ်ရာ လွန်သောအခါမှ တစ်စေ့တစ်စေ့ သာ ယူပစ်သဖြင့် ထိုမုန်ညင်းစေ့ပုံကြီး ကုန်သွားသော်လည်း
တစ်ကမ္ဘာ-ဟုခေါ်သော အချိန်ကာလကား မကုန်နိုင်သေး-ဟူ၍ ဥပမာ ပြကြပါသည်။
ကမ္ဘာ-ဟုခေါ်သော ထိုကပ် ( ကပ္ပ ) သည်
၁။ မဟာကပ်
၂။ အသင်္ချေယျကပ်
၃။ အန္တရကပ်
၎။ အာယုကပ် ဟူ၍ လေးမျိုးရှိသည်။
မဟာကပ်တခုကို တစ်ကမ္ဘာဟု ခေါ်ခြင်းဖြစ်သည်။
ထိုမဟာကပ် တခုသည် အသင်္ချေယျ ကပ် လေးခုနှင့်ညီမျှသည်။
အသင်္ချေယျကပ် လေးခုကား သံဝဋ္ဋကပ်၊ သံဝဋ္ဋဌာယီကပ်၊ ၀ိဝဋ္ဋကပ်၊ ၀ိဝဋ္ဋဌာယီကပ် တို့ဖြစ်သည်။
ထိုတွင်
၁။ ကမ္ဘာဖျက်မိုး ရွာသည်မှစ၍ မီးဖြင့်ပျက်မည့် ကမ္ဘာဖြစ်လျှင်
မီးလျှံ စပ်သည့်တိုင်အောင်၊ ရေဖြင့် ပျက်မည့်ကမ္ဘာဖြစ်လျှင်
ရေရပ်စဲသည့်တိုင်အောင်၊ လေဖြင့် ပျက်မည့် ကမ္ဘာဖြစ်လျှင် လေရပ် စဲသည့်
တိုင်အောင်သော အချိန် ကာလကို သံဝဋ္ဋကပ်-ပျက်ဆဲ အချိန်ဟု ခေါ်သည်။
၂။ မီး ရေ လေ တခုခုဖြင့် ပျက်စီးသည်မှ စ၍ ကမ္ဘာပြုမိုး ရွာသည့်တိုင်အောင်သော
အချိန်ကာလကို သံဝဋ္ဋဌာယီကပ်-အပျက်အတိုင်းတည်သော အချိန်ဟုခေါ်သည်။
၃။ ကမ္ဘာပြုမိုး ရွာသည်မှစ၍ နေလ နက္ခတ်တာရာတို့ ပေါ်ထွက်လာသည့်တိုင်အောင်သောအချိန်ကာလကို ၀ိဝဋ္ဋကပ်-ဖြစ်ပေါ်တိုးတက်ဆဲ အချိန်ဟု ခ်ါသည်။
၎။ နေလ နက္ခတ်တာရာ တို့ ပေါ်ထွက်လာ သည့် အချိန်မှစ၍ နောက်တစ်ဖန် ကမ္ဘာဖျက်မိုး
ရွာသည့်တိုင် အောင်သော အချိန်ကာလကို
ဝိ၀ဋ္ဋဌာယီကပ်-ဖြစ်ပေါ်တိုးတက် လာပြီးနောက် တည်တံ့နေသော အချိန်ဟု ခေါ်သည်။
အထက်ပါ အသင်္ချေယျကပ် လေးမျိုး တို့တွင် ၀ိဝဋ္ဋဌာယီကပ် အတွင်း၌သာလျှင် လူ့ပြည်၌
လူသတ္တ၀ါများ ဖြစ်ပေါ်လာကြသည်၊ ထိုလူသတ္တ၀ါ တို့သည် ကမ္ဘာဦးအစ တွင်
နှစ်ပေါင်း အသင်္ချေ အသက်ရှည်ကြသည်၊ သို့သော် နောက်ပိုင်းတွင် လောဘ ဒေါသ စသည့်
အကုသိုလ် တရားများ ထူပြောလာ၍သက်တမ်းတစ်ဖြည်းဖြည်းဆုတ်ယုတ်သွားရာ
ဆယ်နှစ် တမ်း အထိ ရောက် သွား သည်၊ ထို့နောက် လူတို့က ကုသိုလ် တရားများကို
ကျင့်သုံးကြပြန် သဖြင့် ဆယ်နှစ်တမ်းမှ အနှစ် ၂၀၊ အနှစ် ၄၀-စသည်ဖြင့် တစ်ဆထက် တစ်ဆ
တိုးတက်ကာ အသက်အသင်္ချေ ယျတမ်းသို့ ရောက်သွားကြပြန်သည်၊ ဤသို့ လူတို့သက်တမ်း
အသင်္ချေယျမှ ဆယ်နှစ် တမ်းအထိ ဆုတ်သွားပြီး၊ တဖန် ဆယ်နှစ်တန်းမှ အသင်္ချေယျအထိ
ပြန်တက်သွားသည့် အချိန်ကာလ (ဆုတ်ကပ် တက်ကပ် တစုံ) ကို အန္တရကပ်
တစ်ခုဟုခေါ်ပါသည်။
လူတို့ သက်တမ်း ဆုတ်ယုတ်ရာတွင် လောဘလွန်ကဲမှုကြောင့် ဆုတ်ယုတ်ခြင်းဖြစ်လျှင်
နောက်ဆုံး၌ လူတို့ သည် ငတ်မွတ်ခြင်းဘေး-ဒုဗ္ဘိက္ခန္တရကပ် ကျရောက်၍
သေကြေ ပျက်စီးကြရသည်။
ဒေါသ လွန်ကဲမှုကြောင့် ဆုတ်ယုတ်ခြင်းဖြစ်လျှင် အချင်းချင်း လက်နက်ဖြင့် သတ်ဖြတ်ခြင်း-သတ္ထန္တရ ကပ် ကျရောက်၍ သေကြေပျက်စီးကြရသည်။
မောဟလွန်ကဲ မှုကြောင့် ဆုတ်ယုတ်ခြင်းဖြစ်လျှင် ရောဂါဆိုး ကျရောက်ခြင်း-ရောဂန္တရကပ်ဖြင့် သေကြေ ပျက်စီးကြရသည် ဟု ဆိုပါသည်။
ဝိ၀ဋ္ဋဌာယီကပ် တစ်ခု၌ အန္တရကပ်ပေါင်း (၆၄)ခု ရှိသည်၊
သံဝဋ္ဋကပ် စသည့် ကျန်အသင်္ချေယျ ကပ် သုံးခုတို့သည်လည်း အန္တရကပ်ပေါင်း
(၆၄)ခုနှင့် အသီးသီး ညီမျှကြသည်။ ထို့ကြောင့် တစ်ကမ္ဘာဟုခေါ်သော မဟာကပ်တခု၌
အသင်္ချေင်္ယျ ကပ်ပေါင်း လေးခုရှိသည်။ အန္တရကပ်ပေါင်း ကား ( ၆၄-၄=၂၅၆ )
ကပ်ရှိသည်ဟု အချုပ်အားဖြင့် မှတ်ယူနိုင်ပါသည်။
ထိုထို အချိန်ကာလ အားလျော်စွာ တည်ရှိသော လူတို့၏ သက်တမ်းကို
အာယုကပ် ဟုခေါ်ပါသည်။ လူတို့ သက်တမ်း တစ်ရာဖြစ်လျှင် နှစ်ပေါင်းတစ်ရာသည် အာယုကပ်
တခု ဖြစ်သည်။
သက်တမ်း တစ်ထောင်ဖြစ်လျှင် နှစ်ပေါင်းတစ်ထောင်သည် အာယုကပ် တစ်ခု ဖြစ်သည်။
သက်တမ်း ရှည်လွန်းသောခေတ်၌ လူတို့အား အနိစ္စ ဒုက္ခ တရားများ ထင်မြင်ရန် ခဲယဉ်းသည်၊
သက်တမ်း တိုလွန်းသောခေတ်၌ လူများသည် လည်း လောဘ ဒေါသ ထူပြောလွန်းသောကြောင့်
ထိုတရား များကို မြင်ရန် မလွယ်ကြ၊ ထို့ကြောင့်မြတ်စွာဘုရားတို့သည်
သက်တမ်း တစ်သိန်းအထက် ၌၄င်း၊ သက်တမ်း တစ်ရာအောက်၌၄င်း၊ မပွင့်ကြပဲ
ထိုသက်တမ်းနှစ်ခုကြား၌သာ ပွင့်တော်မူကြသည်။
ဂေါတမမြတ်စွာဘုရား ကား သက်တမ်း တစ်ရာခေတ်၌ ပွင့်တော်မူသည်ဖြစ်၍ သက်တမ်းအတိုဆုံး မြတ်စွာ ဘုရား ဖြစ်လေသည်။
( ကမ္ဘာနှစ်မျိုးနှင့် ကမ္ဘာငါးမျိုး )
သတ္တ၀ါတို့ ဖြစ်ပေါ်ရာ ကမ္ဘာသည်
မြတ်စွာဘုရားတို့ ကင်းဆိတ်သော
(၀ါ) မြတ်စွာဘုရား တစ်ဆူမျှ မပွင့်သော သုညကမ္ဘာနှင့်
မြတ်စွာဘုရားတို့မှ မကင်းဆိတ်သော
(၀ါ) မြတ်စွာဘုရား အနည်းဆုံး တစ်ဆူဖြစ်စေ ပွင့်သော အသုည ကမ္ဘာဟူ၍ နှစ်မျိုးရှိသည်။
တစ်ဖန် ထိုအသုည ကမ္ဘာသည်လည်း-
၁။ ဘုရားတစ်ဆူ သာ ပွင့်သော သာရကမ္ဘာ
၂။ ဘုရားနှစ်ဆူ ပွင့်သော မဏ္ဍကမ္ဘာ
၃။ ဘုရားသုံးဆူ ပွင့်သော ၀ရကမ္ဘာ
၎။ ဘုရားလေးဆူ ပွင့်သော သာရမဏ္ဍကမ္ဘာ
၅။ ဘုရားငါးဆူ ပွင့်သော ဘဒ္ဒကမ္ဘာဟူ၍ ငါးမျိုးရှိသည်။
ယခုရောက်ဆဲ ကမ္ဘာသည် ဘဒ္ဒကမ္ဘာဖြစ်၍ ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမ ဟူသော ဘုရား
လေးဆူ ပွင့်ခဲ့ပြီး နောင်တွင် အရိမေတ္တေယျ ဘုရားတစ်ဆူ ပွင့်ရန်ရှိပါသည်။
ဂေါတမဗုဒ္ဓ အလောင်းတော်သည် လွန်ခဲ့သော လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ထက်တွင် ဒီပင်္ကရာမြတ်စွာ ဘုရားထံ၌ ဘုရားဆုကို ပန်ခဲ့သည်။
ထိုကမ္ဘာ၌ ဘုရားလေးဆူ ပွင့်တော်မူရာ ဒီပင်္ကရာမြတ်စွာဘုရားသည် စတုတ္ထမြောက် ဖြစ်သည်။
ထိုဘုရားလေးဆူနှင့်တစ်ကွ ဂေါတမမြတ်စွာဘုရား ကိုပါ ထည့်သွင်း ရေတွက်ပါမှ
လေးသင်္ချေနှင့် ကမ္ဘာ တစ်သိန်း အတွင်း၌ မြတ်စွာဘုရားပေါင်း ( ၂၄ ) ဆူသာ
ပွင့်ခဲ့သည်။
ဘုရားပွင့်သော ကမ္ဘာကား ( ၁၁ ) ကမ္ဘာမျှသာ ရှိခဲ့သည်။ ကျန်သောကမ္ဘာပေါင်း (
၉၉၉၈၉ ) ကမ္ဘာတို့မှာ ဘုရားမှ ဆိတ်သုဉ်းသော သုည ကမ္ဘာများသာ ဖြစ်ကြသည်။
ထို့ကြောင့်ပင် ဗုဒ္ဓုပ္ပါဒေါ ဒုလ္လဘော-ဘုရားတစ်ဆူ ဖြစ်ပေါ်လာခြင်းကို
ရခဲလှပေ၏-ဟူ၍ ဟောကြားတော်မူခြင်း ဖြစ်ပါသည်။
( ဆောင်ပုဒ် )
တစ်ဆူသာရ ၊ နှစ်မဏ္ဍ ၊ ၀ရ သုံးဆူသာ ။
သာရ မဏ္ဍ ၊ လေးဆူပြ ၊ ဘဒ္ဒငါးဆူပါ ။
တစ်ဆူသော်မျှ ၊ မပွင့်က ၊ သုည ကပ်ကမ္ဘာ ။
မင်္ဂလာသတင်းစဉ်
Today Myanmar မှမျှဝေဖေါ်ပြသည်......
No comments:
Post a Comment