*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday, 7 September 2013

လိင်အကြမ်းဖက်မှုကို ကာကွယ်လိုစိတ်ရှိလျှင်...




ကလေးတွေဆိုတာ မိဘတွေရဲ့ အနာဂတ်ဖြစ်သလို၊ တိုင်းပြည်ရဲ့ အနာဂတ်တွေလည်းဖြစ်ပါတယ်။ စိတ်မကောင်း စရာ ကောင်းတာကတော့ တိုင်းပြည်ရဲ့အနာဂတ်ကလေးတွေကို မုဒိမ်းကောင်တွေက သားကောင်အဖြစ် သတ်မှတ် ပြီး သက်ငယ်မုဒိမ်းမှုတွေ ကျူးလွန်နေကြခြင်းပါ။
၂၀၁၂ ခုနှစ်တုန်းကလည်း လိင်အကြမ်းဖက်မှုပေါင်း ၁၃၅ မှုဖြစ်ပွားခဲ့ပြီး၂၀၁၃ ခုနှစ်မှာတော့ ဇူလိုင်လကုန်ထိ စုစုပေါင်း ၈၀ ၀န်းကျင်ထိဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရဲ့ သတင်း ထုတ်ပြန်ချက်အရသိရပါတယ်။
 ၂၀၁၃ ခုနှစ်တွင်းမှာ အရွယ်မရောက်သေးတဲ့ အသက် ၁၈ နှစ်အောက်မိန်းကလေးတွေ လိင်အကြမ်းဖက်ခံရမှု ၃၃ မှုနဲ့ အသက် ၁၀ နှစ်အောက်ကလေးလိင်အကြမ်းဖက်ခံရမှု ၁၀ မှု ရှိတယ်လို့ ကြားသိရပါတယ်။

မြန်မာပြည်မှာ ဘယ်တုန်းကမှ မကြားဘူးခဲ့တဲ့ အသက် ၃ နှစ်အရွယ် အသက် ၅နှစ်အရွယ် လူမမည်အရွယ် ကလေးငယ်တွေ လိင်အကြမ်းဖက်ခံနေရတဲ့ ကိစ္စဟာ ၂၀၁၃နှစ်မှာတော့ မကြာခဏကြားနေရတဲ့ သတင်းဆိုးတွေ ဖြစ်နေပါပြီ။

 
ဒီလို အကြမ်းဖက်မှုမျိုးကို ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်အချို့မှာ ဖြစ်ပွားလေ့ရှိတတ်တာ ကိုလည်း သိရပါတယ်။ ဘာကြောင့်များ ဒီလို ဥမမယ် စာမမြောက် လူမမည် အရွယ်ကလေးငယ်တွေကို ကျူးလွန်ကြသလဲဆိုတဲ့ အဖြေရဲ့ပုစ္ဆာကို ရှာဖွေဖော် ထုတ်ပြီး ထိထိရောက်ရောက် အပြစ်ပေးအရေးယူသင့်နေပါပြီ။ တိုင်းပြည်ရဲ့ အနာဂတ်ကလေးတွေ မုဒိမ်းကောင်တွေရဲ့အောက်မှာ မွမွကြေရတဲ့အဖြစ်ဆိုးတွေ ဆက်လျက် မဖြစ်ပွားစေဖို့အတွက် အစိုးရမှာ အဓိကတာဝန်ရှိပါတယ်၊ ဒါ့အပြင်မိဘမှာလည်း တာဝန်ရှိတယ်၊ လူ့အသိုင်းအ၀ိုင်း တစ်ခုလုံး အနေနဲ့လည်း တာဝန်ရှိပါတယ်။

အစိုးရအနေနဲ့လည်း ဒီလိုဖြစ်ပွားရခြင်းရဲ့ အကြောင်းရင်းတွေကို သေသေချာချာဖော်ထုတ်ဖို့ လိုအပ်သလို၊ ကျူးလွန်သူတွေကိုလည်း ထိထိရောက်ရောက် အနေနဲ့ သေဒဏ်ပေးတဲ့အထိ အရေးယူသင့်ပါတယ်။ မီဒီယာတွေအနေနဲ့ မုဒိမ်းမှုတွေဖြစ်နေတယ် ဆိုတာလောက် ဖော်ပြပေးနေရုံနဲ့တာဝန်မကျေနိုင်ပါဘူး။ ဒီလိုလိင် အကြမ်းဖက်မှုသတင်းတွေ ကို  ဖော်ပြရာ မှာလည်းပြစ်ဒဏ် ချခဲ့ရတဲ့ကိစ္စတွေကိုပါ ဖော်ပြပေး  သင့်တယ်၊ ရေးသားရာမှာ လည်း သတင်းစာ ကျင့်ဝတ် အတိုင်းရေးသား ကြပြီး ဒီလိုလိင် အကြမ်းဖက်မှုတွေ  ဖြစ်ပွား လာရခြင်းရဲ့ နောက်ကွယ်က အကြောင်းရင်းတွေကို အဓိကဖော်ထုတ်ရေးသားစေချင် ကြပါတယ်။ ဒါမှသာ ရှေ့ဆက် မဖြစ်ပွားစေရေး အတွက် ကာကွယ် တားဆီးရာ ရောက်ပါမယ်။

ဒီလိုကျူးလွန်ခဲ့တဲ့ အမှုတွေမှာ သတိပြုစရာကောင်းတာကတော့ ဒီလို မုဒိမ်းမှုဖြစ်ပွားတဲ့ တရားခံတွေကို လေ့လာ ကြည့်တဲ့အခါမှာ အားလုံးနီးပါးကအရက်မူးပြီး ကျူးလွန်ကြတယ်ဆိုတာကို တွေ့ရပါတယ်။ အရက်သောက် တတ်တဲ့သူတိုင်း မုဒိမ်းမှု မကျူးလွန်တတ်ပေမဲ့၊မုဒိန်းမှုကျူးလွန်တဲ့ သူတိုင်းမှာတော့ အရက်သောက်ထားတာ ကို တွေ့ရှိရတာပါပဲ။ အရက်ဆိုတဲ့ မူးယစ်စေတဲ့ အရာကို အသိဥာဏ်ရှိတဲ့ သူ သောက်သုံးတာနဲ့အသိဥာဏ်နည်းပါးတဲ့ သူ သောက်သုံး တာခြင်း မတူပါဘူး၊ ပညာတတ်၊ အသိဥာဏ်ရှိသူတွေတောင်မှ သောက်ပြီးရင် မှားစေနိုင်တဲ့ အရက်ဆိုတာကို ပညာအသိ ဥာဏ်နည်းသူတွေ သောက်သုံးရင် မုဒိမ်းမှု၊ လူသတ်မှု၊ ခိုးမှုစတဲ့ ဘာမဆိုဖြစ်နိုင်ပါတယ်။

မြန်မာပြည်မှာ အရက် ထုတ်လုပ်သူတွေ ပေါများလှပြီး အရက်ဈေးနှုန်းက ငွေ ကျပ်၅၀ ၊ ငွေကျပ် ၁၀၀ နှုန်းနဲ့ ရနေ တာ၊ မြို့လယ်ခေါင် မှာသာမက ဆင်ခြေဖုံး အိမ်ကြိုအိမ်ကြားထိ လွယ်လွယ်ကူကူနဲ့ ၀ယ်ယူရရှိနေတာကလည်း လူတွေ လူငယ်တွေကို မကောင်းမှုကျူးလွန် မိအောင်များ စွဲဆောင်နေသလား ဆိုတာလည်း စဉ်းစားစရာပါပဲ။ အဲဒီလို ဈေးပေါပြီး နေရာတကာမှာ လွယ်လွယ်ကူကူ ၀ယ်ယူရရှိနိုင်တဲ့အရက်တွေကို အစိုးရအနေနဲ့ ထိန်းချုပ် သင့်ပါပြီ၊ အခွန်အခတွေမြှင့်သင့်သလို၊ အရက်ဈေးနှုန်း ကိုလည်း ခုထက် မကမြှင့်ပေး လိုက်ခြင်းအားဖြင့် ထိန်းချုပ်လို့ ရနိုင်ပါတယ်။

နောက် စဉ်းစားသင့်တဲ့ အချက်ကတော့ အပြာကားလို့ ခေါ်ကြတဲ့ လိင်ဆက်ဆံမှုဆိုင်ရာ ဇာတ်ကားတွေ မြန်မာပြည်တွင်းက မြို့ကြီးပြကြီးတွေမှာ သာမကကျေးရွာတွေ အဆုံးဒီလို လိင်ဆက်ဆံမှုကို အသားပေး ရိုက်ပြကြတဲ့ဗီဒီယို ဇာတ်ကားတွေကို အလွယ်တကူ ရရှိနေတာကလည်း အချက်တစ်ခု ဖြစ်ပါတယ်။ အထူး သဖြင့်   အရက်သောက် (သို့မဟုတ်) မူးယစ်ဆေးတစ်ခုခု သုံးထားတဲ့လူတစ်ယောက်ဟာ ဒီလို အခွေမျိုးတွေကို ကြည့်ပြီး စိတ်ထကြွနေချိန် ၊ဒီလိုအခွေမျိုးတွေ စိတ်ထဲ ရှိနေချိန်မှာ ကိုယ့်ပတ်ဝန်းကျင် အနီးအနားမှာရှိတဲ့ မိန်းကလေးတွေ အပေါ်မှာသော်လည်းကောင်း၊ ကလေးတွေ အပေါ်မှာသော် လည်းကောင်း  သွားရောက်ပေါက်ကွဲပြီး ကျူးလွန်တတ်ကြတာ တွေ့မြင်ရပါတယ်။

အဲလိုအချိန်မျိုးမှာ သူတို့အတွက် အလွယ်ကူဆုံး ပေါက်ကွဲလို့ရတာကတော့မသိနားမလည် ရှာသေးတဲ့ လူမမယ် အရွယ် ကလေးငယ်တွေ ဖြစ်နေတာကတော့စိတ်ထိခိုက်စရာ အကောင်းဆုံးပါပဲ။ မြန်မာပြည်မှာ မိသားစုဝင်တိုင်း အလုပ်လုပ်မှ ထမင်းနပ် မှန်တဲ့အခြေအနေမှာ မိခင်တွေဟာ ကိုယ့်ရဲ့ လူမမယ် အရွယ်ကလေးတွေရဲ့ အနားကနေ ခွာပြီးလုပ်ငန်းခွင်တွေ ဆီကို သွားရောက်ကြရပါတယ်။ အခြေအနေတွေကြောင့်မိခင်ရင်ခွင်နဲ့ ဝေးနေရရှာတဲ့ကလေးတွေအဖို့ အကာအကွယ်မဲ့လှပါတယ်။ ဒီလို အခြေအနေမျိုးမှာ မူးယစ် နေသူ၊ လိင်စိတ် ထကြွနေသူ တစ်ယောက်ယောက်ရဲ့သားကောင် ဖြစ်သွားကြ ရတာ အင်မတန်မှ စိတ်ထိခိုက်ဖို့ ကောင်းပါတယ်။

ဒီလို မိဘ အလုပ်သွားချိန် အိမ်မှာကျန်ခဲ့ရတဲ့ ကလေးငယ်တွေ ကိုလည်း ပတ်ဝန်းကျင်က ကာကွယ်စောင့်ရှောက်ပေးဖို့ အထူး လိုအပ် ပါတယ်။ အချို့ဖြစ်စဉ်တွေ မှာတော့ တာဝန် ရှိတဲ့ ဆွေမျိုးသားချင်းတွေနဲ့ ပတ်ဝန်းကျင် အိမ်နီးချင်းတွေကပဲ ဒီလို ကလေးတွေကို ကျူးလွန်ကြတာတွေ့ရပါတယ်။ မိဘတွေရဲ့ အနာဂတ် ကလေးတွေ၊ တိုင်းပြည်ရဲ့ အနာဂတ် ကလေးတွေ ခုလို အလွယ်တကူ ကြေမွ ဖျက်ဆီးခံနေရတဲ့ အဖြစ်အပျက်တွေကြားကနေ ကာကွယ်ကယ်တင်နိုင်ဖို့အားလုံးမှာတာဝန်ရှိတာပါ။

ခုလိုမကြားချင်မှ အဆုံးကြားနေရတဲ့ သက်ငယ်မုဒိန်းမှုတွေ ကလေးငယ်တွေကို လိင်အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ဖြစ်ပွားရခြင်း အကြောင်းရင်း  ဇာတ်မြစ်ကို ဖော်ထုတ်အရေးယူသင့်သလို၊ ဖြစ်ပွားစေနိုင်တဲ့ အကြောင်းအရင်းတွေကိုလည်း ထိန်းချုပ်ဖို့အတွက် အစိုးရနဲ့ ပြည်သူလူထု အားလုံးမှာ တာဝန်ရှိနေ ပါတယ်။ တိုင်းပြည်ရဲ့ အနာဂတ် ကလေးတွေအတွက် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်တစ်ခုကို တည်ဆောက် ပေးကြဖို့အတွက် အစိုးရသာမက ရပ်ကွပ်အခြေပြု ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းတွေမှာ အားလုံးပါဝင် လုပ်ဆောင်ပေးကြဖို့မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်။ မိတ်ဆွေများ အားလုံးကို လေးစားခင်မင် လျက်ပါ။
 
From:မြစ်မခ

www.mmdailystar.com  မှမျှဝေဖေါ်ပြသည်..။.

No comments:

Post a Comment