*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 21 December 2013

“ကြေး 'အစစ်'ဆိုတာ ရွှေ 'အတု'ထက်သာတယ်”

“ကြေး 'အစစ်'ဆိုတာ ရွှေ 'အတု'ထက်သာတယ်”
★★★★★★★★★★★★★★★★★★★★★★★

တို့တွေ ဒါကို
သက်တောင့်သက်သာ ရခဲ့တာ မဟုတ်ဘူး။

ဘုတ်ပေါ်တင်ပြီးတဲ့ ဂိုးကို ပြန်အဖြုတ်ချခံရပြီးမှ
ဒါဏ်ရာများစွာနဲ့ နာကျင်ရင်းနှီးပြီးမှ
အနှိမ်ခံ အိမ်ရှင်ဘ၀ကို အံကြိတ်ခံပြီးမှ
ထိုက်ထိုက်တန်တန်ဆိုတဲ့ စကားလုံးထက် မကအောင်
ရင်းပြီး ရခဲ့တာ။

ဒီဆုကလေးဆီသွားတဲ့ လမ်းမှာ
မျက်နှာကိုလည်း ဖြတ်အရိုက်ခံခဲ့ရတယ်။
မျက်ရည်တွေ တွေတွေကျခဲ့တယ်။
ဒိုင်မပီသတဲ့ အိန္ဒိယသူရဲ့ညစ်ပတ်မှုကြောင့် အသည်းတွေကွဲကြေခဲ့ရတယ်။
ဒါပေမဲ့ ဒို့တွေ အလံမလှဲခဲ့။

ဗိုလ်ချုပ်စိတ်ပူသလို
ပန်းတိုင်မရောက်ခင် တက်, မထောင်ခဲ့တဲ့
မြန်မာ့သမီးကောင်းတွေလေ။

ဒုတိယဆိုတာကို အကောင်းဆုံးရှုံးသူလို့ သမုတ်ရင်
တတိယဆိုတာ ကံအခေဆုံး အောင်မြင်သူ ဖြစ်လိမ့်မယ် ထင်ရဲ့။
ဒါတင်မက အနှိမ်ခံရဆုံး အားထုတ်သူ။

သနပ်ခါးပါးကွက်ကြားလေးတွေဟာ
နိုင်ငံ့ဂုဏ်ဆောင်တွေ ဖြစ်ခဲ့တယ်။
ပုခက်လွှဲသောလက်ဟာ
မြန်မာတစ်မျိုးသားလုံးရဲ့ နိုင်ငံချစ်စိတ်ကို နိုးထစေခဲ့။

တစ်လုံးပြီးတော့ ... နောက်တစ်လုံး
ပြီးတော့ နောက်တစ်လုံး
ဘယ်တော့မှ မရပ်တန့်တော့မယ့်အတိုင်း သွင်းနေတဲ့ဂိုးတွေ
ကျနော်တို့တိုင်းပြည်ရဲ့ အလှပဆုံးသော ဂိုးသွင်းစက်ကလေးတွေ

အောင်မြင်မှုကို ဆာလောင်လွန်းနေခဲ့
တစ်တိုင်းပြည်လုံး ငတ်မွတ်နေတဲ့ မော်ကြွားခွင့်ကို
အားလုံးကိုယ်စား ရယူပေးနေခဲ့ကြတာ။

ဒီခြေကို ရွှေမရနိုင်ဘူးလို့ ဘယ်သူပြောမလဲ
ဒီခြေကို ချန်ပီယံမဖြစ်နိုင်ဘူးလို့ ဘယ်သူပြောမလဲ
အပြည်ပြည်ဆိုင်ရာပြိုင်ပွဲကြီးတစ်ခုမှာ သူတို့သွင်းခဲ့တာ
Double hat-trick

တစ်ဘက်အသင်းသားတွေမှာ ခြေထောက်မပါတော့တဲ့အတိုင်း
တစ်ဘက်အသင်းသားတွေက လက်ပိုက်ရပ်ကြည့်နေကြတဲ့အတိုင်း
ဒီညနေရဲ့ ဘောလုံးကွင်းကြီးတစ်ခုလုံးကို သူတို့အပိုင်စီးသိမ်းပိုက်ခဲ့
ဒို့အားလုံးရဲ့ နှလုံးသားတွေကိုလည်း သူတို့သိမ်းပိုက်နိုင်ခဲ့ပြီ။

ရီရီဦး၊ ခင်မိုးဝေ၊ သန်းသန်းထွေး၊ စန်းစန်းမော်၊ မြင့်မြင့်အေး
ဒီနာမည်တွေဟာ သမိုင်းစဉ်အဆက်ဆက် တို့နှလုံးသွေးတွေထက်
ဆက်လက် စီးဆင်းသွားတော့မှာ

ညီညာတဲ့ တွဲလက်
မခိုမကပ်တဲ့ ကြိုးစားမှု
တစ်ကိုယ်ကောင်းမဆန်တဲ့စိတ်ထားနဲ့
'မြန်မာ' ဟာ ဘယ်လိုအစားတွေဆိုတာ
ကမ္ဘာသိအောင် ပြသခဲ့။

ကိုယ့်မြေကိုယ့်ကွင်းမှာပေမယ့်
အားလုံးက ၀ိုင်းနှိမ်ကြပေမယ့်
ဘာဆိုဘာမှလည်း မပြည့်စုံကြပေမယ့်

သူတို့ဖြစ်အောင် လုပ်နိုင်ခဲ့တယ်။
တကယ့်အရည်အချင်းအစစ်မှန်ကို သူတို့ဒီည 'ပြ' နိုင်ခဲ့တယ်။

ဘယ်လို ညစ်ပတ်မှုမှ မပါ။
ဘယ်လို ဟန်ဆောင်မာယာမှမပါတဲ့ အောင်မြင်မှုအစစ်နဲ့
ဖိနှိပ်မှုပေါင်းများစွာကြားက သီးပွင့်ခဲ့ရတဲ့ အလင်းပေါ့

ဟုတ်ပါတယ်
ဒို့ရလိုက်တာ ကြေးပါပဲ။
ဒါပေမဲ့ သန့်စင်တဲ့ ကြေး၊ ဘက်လိုက်မှုမပါတဲ့ ကြေးမို့
ကြေးစစ်တယ်။

ဒါကြောင့် ....
ကမ္ဘာတုန်လောက်အောင် ကြော်ငြာမောင်းခတ်လိုက်ချင်တာက ...
တကယ်စစ်တဲ့ ကြေးဆိုတာ
ရွှေအတုထက်သာတယ်။

(Writer - Thorn Nay Soe သွန်းနေစိုး)
နှလုံးသားအာဟာရ

From...နှလုံးသားအာဟာရ......FB
 
No comments:

Post a Comment