*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 3 January 2014

မလေးရှားတွင် ဓာတ်ဆီနှင့် အခြားသော ကုန်စည်ဈေးနှုန်းများ မြှင့်တင် လိုက်ခြင်းကြောင့် ထောင်ပေါင်းများစွာ ဆန္ဒပြ

မလေးရှားတွင် ဓာတ်ဆီနှင့် အခြားသော ကုန်စည်ဈေးနှုန်းများ မြှင့်တင် လိုက်ခြင်းကြောင့် ထောင်ပေါင်းများစွာ ဆန္ဒပြ 












ဓာတ်ဆီနှင့် အခြားသော ကုန်စည် ဈေးနှုန်းများကို မြှင့်တင် လိုက်ခြင်းကြောင့် မလေးရှားနိုင်ငံ သား ထောင်ပေါင်း များ စွာ မြို့တော် ကွာလာလမ်ပူတွင် အင်္ဂါနေ့ ညနေ ပိုင်းက စုဝေးဆန္ဒပြနေကြောင်း AFP သတင်းတွင် ဖော်ပြ ထားသည်။ 

လူစုလူဝေး မပြုလုပ်ရဟု ရဲတပ်ဖွဲ့ဝင်များက အမိန့်ထုတ်ထားသော်လည်း ဆန္ဒပြသမားများက လိုက်နာခြင်း မရှိဘဲ ကွာလာလမ်ပူ မြို့တော်ရှိ လွတ်လပ်ရေး ရင်ပြင်တွင် စုဝေးဆန္ဒပြခဲ့ကြကာ အင်္ဂါနေ့ ညသန်းခေါင်ယံ အချိန်တွင် ငြိမ်းချမ်းစွာ ပြီးဆုံးသွားသည်။


ဆန္ဒပြပွဲကို လူပေါင်း ၁၅,၀၀၀ ကျော် တက်ရောက်ကြောင်း စည်းရုံးရေးမှူးများက ပြောကြားသော်လည်း ပါဝင်သူပေါင်း ၅၀၀၀ ခန့်သာ ပါဝင်ကြောင်း ရဲတပ်ဖွဲ့ဝင်များက ပြောကြားသည်။ ရှပ်အင်္ကျီ အမည်းများနှင့် Guy Fawk မျက်နှာဖုံးများ ဝတ်ဆင်ထားသည့် ဆန္ဒပြသမားများက ‘ကုန်ဈေးနှုန်းချပေး’ ‘ကျွန်တော်တို့ အခွင့်အရေးကို ကာကွယ်’ ဟု ရေးသားထားသည့် စာတန်းများကို ကိုင်ဆောင် ချီတက်ခဲ့ပြီး ပြည်သူများ အဓွန့်ရှည် တည်တံ့ပါစေဟု ဟစ်ကြွေးခဲ့သည်။ 

“ဒီနေ့က အချက်ပြတဲ့နေ့ပါ။ ပြည်သူတွေ ဒေါသထွက်နေတာကို အစိုးရ သိရှိမယ်လို့ ကျွန်တော်တို့ မျှော်လင့် ပါတယ်။ နေထိုင်မှု ကုန်ကျစရိတ် လျော့ချပေးရေး တောင်းဆိုချက်ကို နားထောင်မယ်လို့ ထင်ပါတယ်” ဟု မလေးရှား ညီညွတ်ရေး လှုပ်ရှားမှုအဖွဲ့ ဥက္ကဋ္ဌ ဆိုဖီယန်က ပြောကြားသည်။

အကျင့်ပျက် လာဘ်စားမှုများ အမြောက်အမြား ပေါ်ပေါက်နေကြောင်း ဆန္ဒပြမှုများ ထပ်မံထွက်ပေါ် လာနိုင်သေးကြောင်း ၎င်းကဆက်လက် ပြောကြားသည်။ အရှေ့တောင်အာရှ နိုင်ငံများအနက် တတိ ယမြောက် စီး ပွားရေးအင်အား အကြီးဆုံးနိုင်ငံဖြစ်သော မလေးရှားနိုင်ငံမှာ ကြွေးမြီများ မြင့် တက်နေခြင်းကြောင့် အကြွေး လျှော့ချနိုင်ရန် အစိုးရအဖွဲ့က အသည်းအသန် ကြိုးပမ်းနေရသည်။ ထို့အပြင် ဝန်ကြီးချုပ် နာဂျစ်ရာဇတ်၏ အာဏာရ အမျိုးသားတပ်ဦး ညွန့်ပေါင်းအဖွဲ့မှာ မေလ ရွေးကောက်ပွဲ တွင် ထောက် ခံမှုများ လျော့နည်း ကျဆင်းလာခဲ့ပြီး ညွန့်ပေါင်းအဖွဲ့ အာဏာရရှိခဲ့သည့် ၅၅ နှစ်တာ သမိုင်း တွင် လူထုထောက်ခံမှု အနိမ့်ဆုံး ရွေးကောက်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ဓာတ်ဆီနှင့် သကြား အပါအဝင် အခြားသော ကုန်စည်များကို အစိုးရအဖွဲ့က ငွေကြေး ထောက် ပံ့ ပေးနေခြင်း ကို ရပ်ဆိုင်းမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် နာဂျစ်က နှစ်သစ်ကူး အမှာစကားတွင် ဖော်ပြ ထားသည်။ ယင်းကဲ့သို့သော ထောက်ပံ့ ပေးနေမှုကြောင့် အစိုးရအဖွဲ့တွင် ဘီလီယံနှင့် ချီသော ဒေါ်လာများ ဆုံးရှုံးနေရပြီး လိုအပ်ပါက အခြားသော ကုန်စည် ဈေးနှုန်းများ ကို မြှင့်တင်သွားမည်ဟု ပြောကြားလိုက် သည်။

 “ဘဏ္ဍာရေးစနစ်ကို ထိန်းချုပ်နိုင်ဖို့ အပြောင်းအလဲ လုပ်ဖို့လိုတာ ကျွန်တော်တို့ လက်ခံရပါမယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။ ကုန်စည်ဈေးနှုန်းများကို တိုးမြှင့်မည် ဖြစ်သော်လည်း ဝင်ငွေနည်းသည့် အခြေခံ လူတန်းစားများမှာ ထောက်ပံ့မှုများ ဆက်လက် ရရှိမည်ဟု မလေးရှားအစိုးရက ကြေညာထားသည်။ မလေးရှား အစိုးရအဖွဲ့က လောင်စာဆီ ဈေးနှုန်း များကို ထောက်ပံ့ပေးနေမှုကို ရပ်ဆိုင်းမည်ဟု ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလအတွင်း ပထမဆုံးအကြိမ် ကြေညာလိုက်ပြီးနောက် ဓာတ်ဆီဈေးနှုန်းမှာ ၁၀ ဒသမ ၅ ရာခိုင်နှုန်း မြှင့်တက်သွားခဲ့ပြီး လျှပ်စစ်ဓာတ်အား နှုန်းထားများမှာ ၁၅ ရာခိုင်နှုန်းထိ မြှင့်တက် သွား ခဲ့သည်။ 


The Voice Journal

No comments:

Post a Comment