ဆာသည်ဖြစ်စေ၊ မဆာသည်ဖြစ်စေ၊ သာမန် အစားအသောက် တစ်ခုကို စားချင်သည် ဖြစ်စေ၊ မစားချင် သည်ဖြစ်စေ သမ္မတ တစ်ယောက်ရဲ့
လုပ်ဆောင်ချက်ကတော့ ဒီတစ်ပတ် သတင်းတွေထဲမှာ ထင်းခ နဲ မြင်သာတဲ့
စည်းရုံးလုပ်ဆောင်မှု တစ်ခု ဖြစ်သွားခဲ့ ပါတော့တယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင် ဟာ ဘေဂျင်းက သာမန်စားသောက်ဆိုင်လေး တစ်ဆိုင်မှာ
အများနည်းတူ တန်းဝင် စီပြီး ဝက်သားပေါက်စီရယ်၊ ဝက်အသည်းနဲ့ အသီးအရွက်
ရောကျော်ထားတဲ့ ဟင်းကို ဝယ်ယူ စားသောက်ခဲ့ တယ်။ ပိုပြီးလေးစားစရာ ကောင်းတာက
အဲဒီအစား အသောက်ဖိုး ကျသင့်ငွေ ၂၁ ယွမ်ကို သူ့အိတ် ကတ်ထဲက ပိုက်ဆံနဲ့သူ
ထုတ်ရှင်းသွားတာ ဖြစ်ပါတယ်။
ဒီဇင်ဘာလ ၂၈ ရက်နေ့က ဘေဂျင်းမြို့လယ်မှာ ဒီအဖြစ်အပျက်လေးဟာ
တကယ်ဖြစ်သွားခဲ့တာပါ။ ဒါဟာ နိုင်ငံရေး မဟုတ်ဘူးလို့ ဘယ်သူ ပြောနိုင်သလဲ။
အချို့က နိုင်ငံရေးလုပ်မှန်း မသိဘဲ နိုင်ငံရေး လုပ်သွား ခဲ့ကြတာ။ မထင်မှတ်ပဲ
နိုင်ငံရေး လုပ်ပြသွား ခဲ့ကြတာတွေ အများကြီး ရှိတယ်။
ကျွန်တော် ၁၀ တန်းလောက်တုန်းက ကျွန်တော်တို့ကို ဘောဂဗေဒသင်တဲ့ ဆရာကြီးက
ဗိုလ်ချုပ်အောင်ဆန်းရဲ့ မရိုးနိုင်တဲ့ ဆန်းပြားသော ဇာတ်လမ်းလေးတွေကို
ပြောပြတတ်တယ်။
ဗိုလ်ချုပ်စည်းရုံးရေး ဆင်းပြီး နယ်တကာလှည့် လည် တရားဟော
နေစဉ်က ပဲခူးကိုဖြတ်ပြီး ပျဉ်းမနား ဘက် ကို ခရီးစဉ်တစ်ခု ထွက်လာခဲ့ပါတယ်။
ထုံးစံအတိုင်းရိုးသားစွာသွားလာ နေထိုင်တတ်တဲ့ဗိုလ်ချုပ်အောင်ဆန်း ဟာ
ပဲခူးမြို့အဝင် မီးရထားခုံးကျော် တံတားနား အရောက်မှာ သူစီးလာတဲ့ကားက ဆီပြတ်
သွားပါသတဲ့။ ဆီဝယ်ဖို့ပိုက်ဆံ ဗိုလ်ချုပ်ဆီမှာလည်း မပါ၊ သူနဲ့ပါလာတဲ့
ရဲဘော် ဆီမှာလည်းမပါ၊ ကားမောင်းတဲ့ ဒရိုင်ဘာ ဆီမှာလည်း ပိုက်ဆံတစ်ပြားမှ
မပါကြဘူး။
အဲဒီအချိန်မှာ ဗိုလ်ချုပ်ဆိုတဲ့ မျက်နှာကို ကားထဲ ကထွက်ပြီး ပြလိုက် တာနဲ့
ရွှေဆိုရွှေ၊ ငွေဆိုငွေဖြစ်နေချိန်မှာ ဗိုလ်ချုပ်က သူနဲ့ ပါလာတဲ့ ရဲဘော်ကို
မြို့ထဲသွားပြီး ဓာတ်ဆီ ရှာခိုင်းလိုက်ပါတယ်။ ရဲဘော်လေးကလည်း ကြံရာမရ
ဓာတ်ဆီပုံး လေးဆွဲပြီး မြို့ထဲက သခင်တွေ၊ သခင်မတွေ ကို မေးရင်းနဲ့
ကျွန်တော့်ဆရာကြီး ထံ ရောက်လာပါတော့တယ်။ ဒီတော့မှ ဗိုလ်ချုပ်ပါလာကြောင်း
သိရပြီး မြို့ပေါ်မှာ ရုတ်ရုတ်သဲသဲ ဖြစ် သွားတော့တယ်။ ဘီအိုစီ
ဓာတ်ဆီအရောင်းဆိုင် ကလည်း ဓာတ်ဆီ တစ်ဂါလန်တစ်ပုံး အပြည့် ထည့်ပေး လိုက် တယ်။
ဗိုလ်ချုပ် ကားရပ်ထားတဲ့ နေရာကို ကျွန်တော့်ဆရာကြီးလည်း အပြေးလေး
ရောက်ခဲ့ပါတယ်။
ကားဆီရောက်တော့ ဗိုလ်ချုပ်က အေးအေးဆေးဆေးပဲ။ “ဟေ့ ငါအဲဒီ ဓာတ်ဆီဖိုးကို
ပြန်လာရင်ပေးမယ်” လို့ ပြောလိုက် ပါသတဲ့။ ပြီးတော့မှ ကျွန်တော့် ဆရာကြီးကို
“ဒါနဲ့ ငါဗိုက်ဆာလို့ ဘယာကျော် ဝယ်ကျွေးစမ်း ကွာ” လို့ ပြောလိုက်တဲ့
စကားသံဟာ ဆရာကြီးနားထဲက မထွက်ရုံ သာမက ကျွန်တော်တို့ တစ်ဆင့်ပြန်ကြား
ရတဲ့သူတွေရဲ့ နားထဲကတောင် ဘယ်တော့မှ ထွက်တော့မယ် မထင်ပါဘူး။
ဗိုလ်ချုပ်ရိုးသားမှုကို နောက်တစ်ခု ပြောချင်သေးတယ်။ ကျွန်တော်တို့
ပဲခူးမြို့က ရွှေသာလျောင်း ဘုရားကြီး ကို ဗိုလ်ချုပ်အောင်ဆန်း လာဖူးမယ်၊
ပြီးရင် ဘုရားရှေ့မှာ တရားဟောမယ်ဆိုလို့ တစ်မြို့လုံး အုန်းအုန်း ကျွက် ကျွက်
ဖြစ်ပြီး ဗိုလ်ချုပ်ကို ကြိုဖို့ပြင် ဆင်နေကြတယ်။ ကျွန်တော့် အမေက ငယ်ငယ်က
ဆေးလိပ်သမ ဆိုတော့ သူတို့ ဆေးလိပ်ခုံကနေ ဗိုလ်ချုပ်ကိုကြိုဖို့ တန်းစီပြီး
စောင့်ကြတယ်။ သပြေပန်းတွေ၊ စံပယ်ပန်းတွေ ကမ်းဖို့လည်း ပြင်ဆင်ထား ကြတယ်။
ဗိုလ်ချုပ်က ရောက်လာချိန်မှာ လူတန်းကြီးကို မြင်တာနဲ့ အဝေးမှာ
ကားကိုရပ်ခိုင်းပြီး ဒီအ တိုင်း ဆင်းလျှောက် သွား ပါတယ်။ ပြီးတော့
သူ့နောက်ကလည်း တစ်ယောက်မှ လိုက်မလာဖို့ မာန်သွားသေး တယ်။ ဒီလိုနဲ့
ဗိုလ်ချုပ်ဟာ လူတွေကြားကနေတိုးဝှေ့ပြီးဘုရားပေါ်ကိုရောက်၊ဘုရားရှေ့ကတရားဟော ဖို့ ပြင် ထားတဲ့ စင်ပေါ်ကို ရောက်တော့မှ မြို့ကလူတွေလည်း
အံ့အားသင့်ပြီး ဝရုန်းသုန်းကား ဖြစ်သွားကြ ရပါတော့တယ်။
ကျွန်တော့်မိခင် ပြန်ပြောပြတာက “ဘောင်းဘီပွပွ စုတ်ပြတ်ပြတ်နဲ့ အနားက
ဖြတ်သွား တာတော့ မြင် လိုက် သား ပဲ။ အမေတို့က ဘယ်က တရုတ်ဘိန်းစားလေးလဲ ထင်ပြီး
ဒီအတိုင်းကြည့်နေမိတာ” ဆိုတဲ့ စကားဟာ ဗိုလ်ချုပ်ကို စော်ကားချင်လို့
ပြောတဲ့စကားမဟုတ်ပေမယ့်ဗိုလ်ချုပ်ကိုချစ်စရာအကောင်းဆုံးအသွင်ဖော် ဆောင် လိုက်နိုင်တဲ့ ချီးကျူးဂုဏ်ပြုမှု တစ်ခုလို့ ကျွန်တော်
မြင်မိပါတယ်။
ခုလည်း တရုတ်သမ္မတ ဟာ စားသောက် ဆိုင် တစ်ခုကိုဝင်၊ သူများတွေနဲ့
ရောပြီးတန်းစီ၊ ပေါက်စီနဲ့ အသီးအရွက် ကျော်ကို ကိုယ့်ပိုက် ဆံ နဲ့ ကိုယ်ဝယ်၊
ပြီးမှ ပြည်သူတွေနဲ့ လက်ရည်တစ်ပြင်တည်း ထိုင်ပြီး ရယ်မောပြောဆို
စားသောက် သွား တယ် ဆိုတာ ဟာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဒါလည်း
သမိုင်းစကားတစ်ခု ဖြစ်သွားနိုင်စေမယ့် လုပ်ရပ်တစ် ခုကို လုပ်ဆောင်
ပြသွားတာလို့ ဆိုရပါလိမ့်မယ်။
ယန်မင်းတက္ကသိုလ် နိုင်ငံရေး သုတေသီ ယန်ဂွမ်ဘင်းကတော့ ရှီကျင့်ဖျင် ရဲ့
လုပ်ဆောင်မှုဟာ နိုင်ငံရေး စတန့် တစ်မျိုးလို့ ဝေဖန်လိုက်ပါတယ်။ ခုတစ်လော
တရုတ်ကွန်မြူပါတီ အတွင်းမှာ အကျင့်ပျက် ခြစားမှုတွေ၊ နာမည်ပျက်မှုတွေ
များနေတော့ ပါတီကို လူတွေ ပြန်ပြီး အာရုံစိုက် လာစေဖို့ လူတွေထဲဆင်းပြီး
ချစ်ကြည် ရင်းနှီးမှု ရအောင် အတင်းလုပ်နေတဲ့ သဘောလို့ ဝေဖန်ပြောသွားပါတယ်။
ဒီနေရာမှာ တရုတ်သမ္မတ ရှီကျင့် ဖျင် နဲ့ ကျွန်တော်တို့
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းတို့ နှိုင်းယှဉ်ပြီး
ပြောသာပြောရတယ်၊ ရည်ရွယ် ချက်ချင်းက တူတာမဟုတ်ဘူး။
ဗိုလ်ချုပ်က မကွယ်လွန်မီအထိ ဖဆပလ အဖွဲ့ကြီးကို ထောက်ခံ ကြ ဖို့ တဖွဖွ
မှာသွားပေမယ့် ပါတီနိုင်ငံရေး အတွက် သူလုပ်ဆောင်သွားခဲ့တာ မဟုတ်ဘူး။
အမျိုးသားစည်းလုံးညီညွတ်ရေး၊ လွတ်လပ် ရေးအတွက် စည်းရုံးရေးတွေ ဆင်းပြီး
သူ့ပကတိ ရိုးသားစိတ် နဲ့ နေထိုင်၊ ပြောဆို၊ လုပ်ဆောင်ချက် လေးတွေဟာ
မထင်မှတ်တဲ့ အဖြစ်အပျက်လေးတွေ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှာ ထင်ပေါ်ချင်စိတ်နဲ့
လုပ်ဆောင်သွားတာတွေ တစ်ခုမှ မရှိပါဘူး။
တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ကလည်း တရုတ်တောင်ပိုင်း
ဂွမ်ဒေါင်းနယ်ကို ခရီးထွက်စဉ် က ဒီလို နိုင်ငံရေးစတန့် တစ်မျိုးကို
လုပ်ပြခဲ့ ပါသေးတယ်။ ထုံးစံအတိုင်း အစိုးရအဖွဲ့တွေ ခရီးထွက်ရင် ရှေ့တွေ၊
ဘေးတွေ ကနေ ရှေ့တော်ပြေး၊ ဘေးတော်ပြေးတွေ တစ်ယောက်မှ မခေါ်ဘဲ၊ အစိုးရအကြီးအကဲ
တွေစီးတဲ့ မှန်လုံ ကားကြီး တွေလည်း မစီးဘဲ သာမန် မီနီဘတ်စ်လေး တစ်စီးကို
စီးသွားခဲ့တာလည်း လူမသိအောင် လုပ်ခဲ့သလိုလို မီဒီယာတွေမှာ ကျော်ခဲ့တာပါပဲ။
ဝူဟန်းနယ်မှာ လှည့်လည်စဉ် ကလည်း တရုတ် သမ္မတဟာ မိုးထဲလေထဲ ကိုယ့်ထီးလေး
ကိုယ်ဆောင်းပြီး ဒီအတိုင်း လျှောက်သွားနေတော့ ကိုယ့်နိုင်ငံ ထီးတော်မိုး၊
ဖိနပ်တော်သိမ်း တွေရဲ့ ပြုစုယုယမှု ခံတတ် သူတွေ နဲ့ ကွာခြားမှုကို
ယှဉ်ကြည့်ပြီး ငါတို့နိုင်ငံက အစိုးရတွေ၊ နောက်လာမယ့်
ရွေးကောက် ပွဲမှာဝင် ဖို့ ပြင်ဆင်နေ သူတွေ တရုတ်လို ကွန်မြူနစ်နိုင်ငံက
ခေါင်းဆောင်တွေလောက်တောင် စည်းရုံးရေး မတတ်တာတွေးပြီး သနားသွားမိတယ်။
ဗိုလ်ချုပ်အောင်ဆန်းလို ခေါင်းဆောင်ကောင်း တစ်ယောက် ရထားခဲ့တဲ့
တိုင်းပြည်ဖြစ်လို့ ဂုဏ်ယူပေမယ့် ခေတ်တွေက အများကြီး ကွာခြားသွားပြီ။
ခုခေတ်က နိုင်ငံရေးဆိုတာ လုပ်စားရကောင်းမှန်း သိတဲ့ခေတ်။ ဗိုလ်ချုပ်တို့
နိုင်ငံရေးလုပ်တဲ့ ခေတ်က အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့၊ လွတ်လပ်ရေး အတွက်
လှုပ်ရှားရတဲ့ခေတ်၊ အများကြီး ကွာခြားသွားပြီ။
တစ်ခေတ်က ခေါင်းဆောင်တွေဟာ ကိုယ်ကျိုးမရှိ၊ အများအကျိုးကိုကြည့်ပြီး
လုပ်ကြတယ်။ ဒီခေတ်က လူတွေကတော့ ငါသာသမ္မတဖြစ်ရင် ဆိုတဲ့ ဦးတည်ချက်တွေနဲ့
နိုင်ငံရေး လုပ်ကြတယ်။ တစ်ခေတ်က ဘာမှလည်း မမျှော်လင့်ဘဲ နိုင်ငံရေးကို
အဆင်းရဲ၊ အပင်ပန်းခံ၊ အနစ်နာခံ၊ အသေခံပြီး လုပ်သွားကြတာ ကလည်း မြင့်မြတ်တဲ့
လုပ်ငန်းတစ်ခုကို လုပ်ဆောင်ရသလို ပျော်ပျော်ကြီးလုပ်ပြီး၊ ရဲရဲကြီး
အသက်စွန့် သွားကြတာဖြစ်ပါတယ်။
ဒီခေတ်ကတော့ စတန့်လေးတွေ လည်းလုပ်၊ အဟန့်ကလေးတွေ လည်းထုတ်။
နိုင်ငံရေးမလုပ်ပါ ဘူး ပြော ပြီး ၊ နိုင်ငံရေးထဲ မြုပ်နေကြသူတွေ ကလည်း
များလာတယ်။ စွန့်စားပြီး အနာခံတဲ့ နိုင်ငံရေးကို ဘယ်သူမှ မလုပ်ကြတော့ဘူး။
တွက်ဆပြီး အကွက်ချ လုပ်နေကြသူတွေ များလာတာကြောင့် နိုင်ငံရေးလည်း
ဗယာကြော်တောင် ဝယ်မစားနိုင်တဲ့ ခေတ်ကနေ၊ ကမ္ဘာကျော်အောင် ဝယ်စားပြနိုင်တဲ့
ခေတ် ကို ရောက် လာပြီလို့ ယူဆမိပါတယ်ဗျာ။
Written by ကျော်ဗလ
From... The Voice Weekly
No comments:
Post a Comment