*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 8 April 2014

ဒီနှစ် ရန်ကုန်သင်္ကြန် အစည်ဆုံးဖြစ်မှာလား ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ငွေကြေး ကျပ်တည်းမှုများ ကြားမှ သင်္ကြန်ပျော်ဖို့ ပြင်ကြပြီ . . .

 
 
ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် တို့တွင် သင်္ကြန်ကာလ အတွက် မဏ္ဍပ်များ ကြိုတင်ပြင်ဆင် တည်ဆောက်နေ သည်ကို ဧပြီလဆန်းက တွေ့ရစဉ်...
  
ဧပြီ ၁ ရက်နေ့မှ စ၍ လျှပ်စစ်မီတာခ များကို အစိုးရက တိုးမြှင့်ကောက်ခံ မှုကြောင့် ကုန်ဈေးနှုန်းများ ပိုမိုကြီးမြင့် လာခြင်း၊ စီးပွားရေး ကျပ်တည်းမှုကြောင့် အစိုးရသစ် လက်ထက် တွင် ပြည်သူများ အကြား ငွေကြေး အကျပ်အတည်းများ ပိုမိုကြုံတွေ့လာရခြင်း ရှိနေသော်လည်း လူငယ်များအကြားတွင် မကြာမီ ကာလအတွင်း ကျရောက်တော့မည့် သင်္ကြန် ကာလ ပျော်ပွဲများ အတွက် ပြင် ဆင်နေ ကြပြီဖြစ်ကြောင်း သိရသည်။ 


အထူးသဖြင့် ရန်ကုန်မြို့တွင် ယခင်နှစ်များ ကထက် မဏ္ဍပ်အရေ အတွက် ပိုမို ချထားပေးမှုနဲ့ အတူ ကန်တော်ကြီး ပတ်လမ်း၊ ကမ္ဘာအေးဘုရားလမ်းနှင့် ပြည်လမ်း တစ်လျှောက်တွင် မဏ္ဍပ်များ အပြိုင် အဆိုင် ဆောက်လုပ်နေမှု များ ရှိနေပြီး ယခုနှစ် ရန်ကုန်သင်္ကြန်မှာ အစည်ကားဆုံး ဖြစ် လာနိုင်ဖွယ် ရှိကြောင်း သိရသည်။

မကြာမီ ရောက်ရှိတော့မည့် သင်္ကြန်ကာလ အတွက် ပုံစံ အမျိုးမျိုးဖြင့် ဖြတ်သန်းနိုင်ရန် ပြင်ဆင်မှုများ ရှိနေပြီး ယခုနှစ် သင်္ကြန် ကာလတွင် ရန်ကုန်မြို့၌ ရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များ ပိုမိုပြုလုပ် ရန် ပြင်ဆင်လျက်ရှိနေကြောင်း သတင်းရရှိသည်။ 

သင်္ကြန် ကာလတွင် ရေကစား မဏ္ဍပ်များ၌ ရေကစားရင်း အပန်းဖြေခြင်း၊ ရေပက်ခံထွက်ခြင်း ၊ ပြည် တွင်းပြည်ပ ခရီးများထွက်ခြင်း စသည့် ပုံစံများဖြင့် ဖြတ်သန်းရန် စီစဉ်နေကြခြင်းဖြစ်ကြောင်း သိရသည်။ 

၂၀၁၀ ပြည့်နှစ်တွင် ရန်ကုန်မြို့ ကန်တော်ကြီး ကန်ပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ်၌ ဗုံးပေါက်ကွဲ မှု ဖြစ်ပေါ်ပြီးနောက် နောက်ပိုင်းနှစ် များတွင် သင်္ကြန်ကာလ ၌ စည်ကားပျော်ရွှင်မှုများ အတန် ငယ် လျော့ပါး သွားခဲ့သည်။ 

၂၀၁၃ ခုနှစ် သင်္ကြန်ကာလ မတိုင်မီတွင် နယ်မြို့အချို့၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ၂၀၁၃ ခုနှစ် သင်္ကြန် ကာလတွင်လည်း  ရန်ကုန်မြို့ တွင် ရေကစားမဏ္ဍပ် တည်ဆောက်မှု နည်းပါးခဲ့ ကာ ရေကစား မဏ္ဍပ်များ၌ ရေကစားသူ အရေ အတွက်လည်း သိသိသာသာ နည်းပါးခဲ့သည်။ ထို့အပြင် ရေပက်ခံကား အရေအတွက် သည်လည်း ယခင်နှစ်များ ကထက် လျော့ပါးခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင်မူ သင်္ကြန်ရေကစားမဏ္ဍပ် တည်ဆောက်လိုသည့် အရေအတွက်မှာ ယခင်နှစ်များကထက် သိသာစွာ များပြားလျက်ရှိပြီး ရေကစားရန် ပြင်ဆင်နေသူများမှာ လည်း ပိုမိုများပြား လျက်ရှိကြောင်း သိရသည်။ 

သင်္ကြန်မဏ္ဍပ် လက်မှတ်များ ကိုလည်း မတ်လ အတွင်းကပင် ကြိုတင်ရောင်းချ လျက်ရှိကာ စိတ်ဝင် စားဝယ် ယူမှု များပြားလျက်ရှိကြောင်း သိရသည်။ ထို့အပြင် ယခုနှစ် သင်္ကြန်ကာလ တွင် ရေပက်ခံ ထွက်ရန် အတွက် ကားငှားရမ်းမှု များလည်း များပြားလျက်ရှိကြောင်း သိရသည်။ 

ယခုနှစ် သင်္ကြန်ကာလတွင် ရန်ကုန်မြို့၌ ဖျော်ဖြေရေး မဏ္ဍပ်များလည်း ယခင်နှစ်များကထက် ပိုမို များပြား မည်ဖြစ်ပြီး အနုပညာရှင် အများအပြား သည်လည်း သင်္ကြန်ကာလ အတွင်း၌ ရန်ကုန်မြို့တွင် ဖျော်ဖြေမှု များ ပြုလုပ်ရန် စီစဉ်နေကြောင်း သိရသည်။

များပြားလာသည့် သင်္ကြန်မဏ္ဍပ်များ
ယခုနှစ် သင်္ကြန်ကာလ အတွက် ရန်ကုန်မြို့၌ ရေကစားမဏ္ဍပ် အများအပြား တည်ဆောက်လျက် ရှိပြီး ကန်တော်ကြီး ပတ်လမ်း၊ ကမ္ဘာအေးဘုရားလမ်းနှင့် ပြည်လမ်းတို့တွင် မဏ္ဍပ်အရေအတွက် အများအပြား ရှိမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတည်ဆောက်လျက် ရှိသော မဏ္ဍပ်အရေအတွက် များမှာ ကန်တော်ကြီး ပတ်လမ်းတွင် အများဆုံးဖြစ်ပြီး ကမ္ဘာအေး ဘုရားလမ်းတွင် ဒုတိယအများဆုံး တည်ဆောက် လျက်ရှိကြောင်း သိရသည်။

 ရေကစားမဏ္ဍပ် လက်မှတ်ဈေးနှုန်း များ အနေဖြင့် အနိမ့် ဆုံး ငွေကျပ် သုံးသောင်းခွဲမှ အမြင့်ဆုံး ငွေ ကျပ်တစ်သိန်း အထိ ရှိနေကာ ကွာခြားသည့် ဈေးနှုန်း အနေအထား အလိုက် ရေကစား မဏ္ဍပ်မှ ပြန် လည်ပေးအပ် မည့် ၀န်ဆောင်မှုများသည် လည်း ကွဲပြားသွားမည် ဖြစ်သည်။

“အခုနှစ် သင်္ကြန် ကတော့ ရန်ကုန် သင်္ကြန် ဖြစ်နိုင်ပါတယ်။ ရန်ကုန်မှာ ရေကစားမဏ္ဍပ် အရေ အတွက် တော်တော်လေးများတယ်။ မဏ္ဍပ်ဆောက်တာ အရင်နှစ်တွေထက် ကို ပိုများသလို မဏ္ဍပ် မှာ ရေလာ ကစားဖို့ စိတ်ဝင်စားတဲ့ သူလည်း များတယ်။ 

မတ်လအတွင်းမှာ ကို မဏ္ဍပ်လက်မှတ် ၀ယ်ဖို့ စုံစမ်းသူတွေ များတယ်။ မဏ္ဍပ် စဆောက်နေတဲ့ အချိန်မှာ လက်မှတ် လာဝယ်တဲ့ သူတွေလည်း များတယ်။ ဒီနှစ် ရန်ကုန်သင်္ကြန်က အရင်နှစ်တွေထက် ပိုစည် ကားမယ်လို့ ထင်ပါတယ်” ဟု ကန်တော်ကြီး ကန်ပတ်လမ်းတွင် မဏ္ဍပ်တည်ဆောက်သူ organizer တစ်ဦး က ရှင်းပြသည်။
၂၀၁၃ ခုနှစ် သင်္ကြန်ကာလ မတိုင်မီတွင် နယ်မြို့အချို့၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ၂၀၁၃ ခုနှစ် သင်္ကြန်ကာလတွင်လည်း  ရန်ကုန်မြို့တွင် ရေကစားမဏ္ဍပ် တည်ဆောက်မှု နည်းပါးခဲ့ကာ ရေကစားမဏ္ဍပ်များ၌ ရေကစားသူ အရေအတွက်လည်း သိသိသာသာ နည်းပါးခဲ့သည် . . . . .
ထို့အပြင် ရေကစားရန် ပြင်ဆင်လျက် ရှိသည့် ဒုတိယနှစ် အင်္ဂလိပ်စာကျောင်းသူ တစ်ဦးကလည်း “သမီးကတော့ ဒီနှစ်မဏ္ဍပ်ပဲ ထိုင်မယ်လို့ စိတ်ကူး ထားတယ်။ မနှစ်ကတုန်း က နယ်မြို့တွေမှာ ပဋိပက္ခ တချို့ ရှိတာကြောင့် သင်္ကြန်မှာ လည်း မဏ္ဍပ်မထိုင် ရဘူးလို့ အိမ်ကပြောတာနဲ့ အိမ်မှာပဲ နေလိုက်ရတာ။ 

ဒီနှစ် သင်္ကြန်ကိုတော့ မဏ္ဍပ်ထိုင်ဖြစ်မှာပါ။ ဒီနှစ်က မဏ္ဍပ်ဆောက်တာတွေ အရင်နှစ်ထက်လည်း များတယ်။ ဒါကြောင့် ဒီနှစ်သင်္ကြန်ကတော့ စည်ကားမယ်လို့ ထင်ပါတယ်။ ထိုင်မယ့်မဏ္ဍပ် ကိုတော့ ဈေးနှုန်း နဲ့ ပြန်ပေးမယ့် ၀န်ဆောင်မှုအပေါ်ကြည့်ပြီး ရွေးချယ်ဖြစ်မှာပါ” ဟု ဆိုပါသည်။

ဆွဲဆောင်မှု အမျိုးမျိုး၊ ဈေးနှုန်းအဖုံဖုံနှင့် သင်္ကြန်မဏ္ဍပ်များ
သင်္ကြန်ရေကစားမဏ္ဍပ် များကို စတင်တည်ဆောက်လျက် ရှိသည့်အပြင် မဏ္ဍပ် လက်မှတ် ရောင်းချရန် အတွက်လည်း ဆွဲဆောင်မှု အမျိုးမျိုးနှင့် ကြေညာမှုများ ပြုလုပ်လျက် ရှိသည်ကို တွေ့မြင်ရသည်။ ထို့အပြင် လူငယ်များ အသုံးပြုမှု များပြားသည့် လူမှုကွန်ရက် ၀က်ဘ်ဆိုက်များ မှ တစ်ဆင့်လည်း ရေကစားမဏ္ဍပ် လက်မှတ်များကို ကြေညာလျက် ရှိကာ ရေကစားမဏ္ဍပ်မှ ပေးအပ်မည့် ၀န်ဆောင်မှုအလိုက် လက်မှတ်ဈေးနှုန်း များမှာလည်း ကွဲပြားလျက်ရှိကြောင်း သိရသည်။ 

မဏ္ဍပ်များတွင် နေ့စဉ် ကံစမ်းမဲ အစီအစဉ်များ၊ ထူးခြားသည့် စင်တည်ဆောက်မှုများ၊ Swimming Pool၊ Club၊ Car Parking၊ နာမည်ကြီး ဒီဂျေများ၏ တီးခတ်မှု၊ အနုပညာရှင်များ ပါဝင်ဖျော်ဖြေမှု၊ အစား အသောက် များ စသည့် ဆွဲဆောင်မှု ပုံစံ အမျိုးမျိုးဖြင့် ထည့်သွင်း ဆွဲဆောင်နေကာ သင်္ကြန်မဏ္ဍပ်တိုင်း လက်မှတ် ၀ယ်ယူသူများအတွက် လျှော့ဈေး သတ်မှတ်မှုများ၊ ကလပ်များတွင် ပါတီပွဲ ကျင်းပပေးမှုများ ကိုလည်း ထည့်သွင်းကြေညာလျက်ရှိကြောင်း သိရသည်။

သင်္ကြန်ရေပက်ခံ ထွက်ရန် ပြင်ဆင်မှု အခြေအနေ
ယခုနှစ် သင်္ကြန်ကာလ တွင် ကားများ ငှားရမ်းကာ ရေပက်ခံ ထွက်ရန် ပြင်ဆင်နေမှုများ ရှိနေသော်လည်း ကားငှားရမ်းခ ဈေးနှုန်းမြင့်မားမှု၊ ယာဉ်ကြော ပိတ်ဆို့မှု စသည့်အခြေအနေ များကြောင့် စိတ်ဝင်စားမှု အခြေအနေမှာ မူ အတန်ငယ် လျော့နည်းနေကြောင်း သိရသည်။ 

ကားငှားရမ်း ရာတွင် Light Truck၊ ဆူဇူကီးနှင့် ဂျစ်ကားများ ကိုသာ ငှားရမ်း လိုမှုများရှိကာ မိမိတို့ ကိုယ်ပိုင် ကားများကို သင်္ကြန်ကာလတွင် ရေပက်ခံ ထွက်နိုင်ရန် ပြင်ဆင်နေမှုများလည်း ရှိကြောင်း သိရသည်။ သင်္ကြန်ကာလ ရေပက်ခံထွက်ရန် ပြင်ဆင်နေသူများတွင် မိသားစုလိုက် ရေပက်ခံ ထွက်ရန် ပြင်ဆင်မှုများ၊ သူငယ်ချင်းအဖွဲ့လိုက်စုကာ ရေကစားရန် ပြင်ဆင်နေမှုများရှိကြောင်း သိရသည်။

“သင်္ကြန်က နည်းနည်း လိုသေးတော့ ကားတွေ သိပ်မငှားရသေးဘူး။ ဒါပေမဲ့ မနှစ်က ဒီအချိန်ဆိုရင် ငှားနေရပြီ။ ဒီနှစ်တော့ ရေပက်ခံကား ငှားတာ နည်းတယ်။ တော်တော်များများက ကိုယ်ပိုင်ကားတွေလည်း ရှိတော့ ကိုယ်ပိုင်ကားတွေနဲ့ပဲ လည်ကြတာများတယ်” ဟု ရှိန်းကားအငှားလုပ်ငန်းမှ ကိုရှိန်းက သင်္ကြန် တွင်း ကားငှားရမ်းမှု အခြေအနေနှင့် ပတ်သက်၍ ဆိုပါသည်။



ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ လက်ရှိတည်ဆောက်နေဆဲ ရေကစားမဏ္ဍပ်များကို ဧပြီ ၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

 “ဒီနှစ် သင်္ကြန်က ငှားခ ကတော့ တစ်ရက်ကို တစ်သိန်းနှစ်သောင်း ကျပ်လောက် ရှိမယ်။ ဈေးကတော့ အတိအကျ မထွက်သေးဘူး။ အဲဒီလောက်ပဲ ဖြစ်ဖို့များတယ်။ မနှစ်ကလည်း ဒီလောက်ပါပဲ။ မနှစ်ကတော့ ငှားမယ့်သူများတယ်။ ဒီနှစ်တော့ မသိသေးဘူး။ မဏ္ဍပ်ကလည်း တဖြည်းဖြည်း နည်းလာတယ်။ သင်္ကြန်နား နီးလာရင်တော့ ငှားကြမယ်ထင်ပါတယ်” သင်္ကြန်တွင်း ကားအငှားလိုက်သူတစ်ဦးက ပြောကြားခဲ့သည်။

လုံခြုံရေး အစီအစဉ်များနှင့် သင်္ကြန်
ယခုနှစ် သင်္ကြန် ကာလတွင် ရန်ကုန်မြို့ ၌ လုံခြုံရေးဆိုင်ရာ ကွပ်ကဲမှုရုံး သုံးရုံး ထားရှိသွားမည်ဖြစ်ပြီး မဏ္ဍပ်တစ်ခုချင်း အလိုက် ထားရှိမည့် လုံခြုံရေး အစီအစဉ်များ ကိုလည်း စိစစ်တင်း ကျပ်သွား မည်ဖြစ်ကြောင်း သိရသည်။ 

သင်္ကြန်မဏ္ဍပ် အကြီးများတွင် လည်း CCTV ကင်မရာ အကြီး တစ်လုံး၊ Fix ကင်မရာလေးလုံး၊ မဏ္ဍပ်အလတ်မှာ ကင်မရာ အကြီးတစ်လုံး၊ Fix ကင်မရာသုံးလုံး တပ်ဆင်ပေးရန် တောင်းဆိုထားပြီး မဏ္ဍပ်အလိုက် လုံခြုံ ရေးဝန်ထမ်း အနေဖြင့် မဏ္ဍပ်အကြီးတွင် ၁၅ ဦး၊ အသေးတွင် ၁၀ ဦး ထားရှိစေမည်ဟု သိရသည်။

“သင်္ကြန်မှာ ကွပ်ကဲမှုရုံး ကို သုံးနေရာဖွင့်ပေးမယ်။ သိမ်ဖြူ ကန်တော်ကြီးပတ်လမ်းမှာ (သိမ်ဖြူမိုးလုံလေလုံ အားကစားရုံ) ကွပ်ကဲမှုရုံးထားမယ်။ လုံခြုံရေးနဲ့ ကယ်ဆယ်ရေး အတွက် လိုအပ်တာ အဲဒီမှာရှိမယ်။ အလားတူ မြို့တော်စည်ပင် ကလည်း အင်းလျား ကန်ပေါင်မှာ အပျော်လွန်ပြီး ရေဆင်းမကူးအောင်၊ အန္တရာယ် မရှိအောင် လှေတွေ ထားပေးမယ်။ မိုင်းရှင်းလင်းရေး လုပ်ငန်း ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ 

တုတ်ဓား လက်နက် ကိုင်ဆောင်မှု မရှိရဘူး ဆိုတာလည်း ကြိုတင်ကြေညာထားပြီး ဖြစ်ပါတယ်။ အထူးသဖြင့် ခါးပိုက်နှိုက် တာတွေလည်း ရှိတတ်ပါတယ်။ သင်္ကြန်တွင်း မှာ ရုံးပိတ်ရက် များတဲ့အတွက် အထူး တရားရုံးတွေ ဖွင့်ပေးမယ်။ ပြစ်မှုဖြစ်လာ ရင် ချက်ချင်း တရားစွဲ တင်ပို့သွားမယ်။ မြို့နယ်အလိုက် ဖွင့်ပေးမယ်။ ဆေးရုံတွေမှာ လည်း အရေးပေါ်ကုသနိုင်အောင် ၀န်ထမ်းတွေ အလှည့်ကျ ထားပေးမယ်” ဟု ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးနှင့် လုံခြုံရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ဆိုသည်။

နေပြည်တော်သင်္ကြန်
ယခုနှစ် နေပြည်တော် သင်္ကြန်တွင်မှု ပုံမှန်အတိုင်း ဟိုတယ်ဇုန်များ တွင်သာ ပြင်ဆင်မှု များ ပြုလုပ်လျက် ရှိပြီး ယခင်ထက် ထူးခြားစွာ စည်ကားနိုင်ဖွယ် မရှိကြောင်း ဒေသခံများအကြား သုံးသပ်မှုများ ရှိနေပါသည်။
နေပြည်တော်ဟိုတယ်ဇုန်တွင် သင်္ဂဟ၊ ရွှေသံလွင်၊ ရိုင်ရယ်ကုမုဒြာ၊ ရတနာသိင်္ဃ၊ အေစီအီးဟိုတယ်များမှ သင်္ကြန်မဏ္ဍပ်များ၊ နေပြည်တော်မြို့တော်ဝန် မဏ္ဍပ်များ တည်ဆောက်ထားပြီး ပျဉ်းမနားမြို့ပေါ်တွင် တည်ဆောက်မှု မရှိသေးကြောင်း သိရသည်။ 

ယမန်နှစ်က ရွှေသံလွင်၊ ရိုင်ရယ်ကုမုဒြာ၊ နေပြည်တော် စုပေါင်းမဏ္ဍပ် ၁၊ ၂၊ နေပြည်တော်အက်ဖ်စီ၊ ဂျန်းရှင်း၊ နေပြည်တော် မြို့တော်ဝန်မဏ္ဍပ်၊ ပျဉ်းမနားမြို့ တွင် ရေကစား မဏ္ဍပ်နှစ်ခုဖြင့် ရေ ကစား ခဲ့ကြခြင်းလည်း ဖြစ်သည်။   

 နေပြည်တော်တွင် ရေကစားမဏ္ဍပ် တည်ဆောက်မှုသည် အစိုးရသစ် မတက်ခင် တပ်မတော်အစိုးရ လက်ထက်တွင်သာ မဏ္ဍပ် တည်ဆောက်မှု များပြားခဲ့ကြောင်း၊ ဟိုတယ်တစ်ခုတွင် မဏ္ဍပ်တစ်ခု တည်ဆောက်ပြီး ရေကစားခဲ့ကြကြောင်း သိရပြီး နေပြည်တော်ရှိ လူငယ်အများစု မှာ မော်တော်ဆိုင်ကယ် များဖြင့်သာ သင်္ကြန်တွင်း လှည့်လည်ရေကစားလေ့ ရှိသည်။

မန္တလေးသင်္ကြန်
မန္တလေးသင်္ကြန် မှာ အယ်လ်ပိုင်း မဏ္ဍပ်ကြောင့် ကျုံးတောင်ခြမ်းတွင် သာ နှစ်စဉ် တိုးမပေါက်အောင် စည်ကားလေ့ ရှိသော်လည်း ယခုနှစ် တွင် ကျုံးမြောက်ဘက်ခြမ်း တွင် SIR အဖွဲ့မှ ဖျော်ဖြေ မည်ဖြစ်သောကြောင့် ဒေသခံ လူငယ်များ အကြား စိတ်ဝင်တစား ပြောဆိုမှုများ ရှိနေပါသည်။ 

နာမည်ကျော် အဆိုတော်၊ သရုပ်ဆောင် အများစု ဖျော်ဖြေလေ့ရှိသည့် နှစ်စဉ်ကျုံးတောင်ဘက်ခြမ်းတွင် တည်ဆောက်သည့် အယ်လ်ပိုင်း မဏ္ဍပ်မှာ ရေကစားလက်မှတ် ရောင်းချခြင်း မရှိဘဲ ရေကစားရန် သတ်မှတ် စံနှုန်းများနှင့် အမျိုးသမီးငယ်များ ကို ခေါ်လေ့ရှိသည်။ 

ယခုနှစ်တွင် အယ်လ်ပိုင်း နည်းတူ ကျုံးမြောက်ခြမ်း တွင် တည်ဆောက်ထားသည့် လူငယ်များအကြိုက် SIR အဖွဲ့ဖျော်ဖြေမည့် မဏ္ဍပ်မှ လည်း ရေကစားလက်မှတ် မရောင်းချဘဲ အသက်အရွယ် ကန့်သတ် ချက်ဖြင့် အမျိုးသမီးငယ်များကို ရေကစားစေမည်ဖြစ်သည်။

မန္တလေးမြို့ ကျုံးဘေး ပတ်ပတ်လည်ရှိ ရေကစား သီးသန့် မဏ္ဍပ်များ၏ ဈေးနှုန်းမှာ လက်မှတ် တစ်စောင် လျှင်ကျပ် ၂၅၀၀၀ မှ ကျပ် ၃၅၀၀၀ အထိ ဈေးရှိပြီး တစ်ရက်ချင်းဈေးနှုန်းမှာ ကျပ် ၈၀၀၀၊ ၁၀၀၀၀၊ ၁၅၀၀၀ စသည့် ရက် အလိုက်ဖြစ်ကာ အကြိုနေ့အတွက် အခမဲ့ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ မဏ္ဍပ်များမှာ တစ်နေ့ တစ်ကြိမ်ခန့် အဆိုတော် တစ်ဦး ဖျော်ဖြေပေးမည်ဖြစ်ကာ အကအဖွဲ့၊ ဒီဂျေများ ပါဝင်မည်ဖြစ်သည်။ လူငယ်အများစုအနေဖြင့် ရေပက်ခံ ကားများဖြင့် လည်ပတ်ရန်စီစဉ်မှု များပြားနေပြီး ကားခဈေးနှုန်းများမှာ တစ်ရက်လျှင် ဂျစ်ကားကျပ်တစ်သိန်း၊ လိုက်ထရက်ကားမှာ ရှစ်သောင်း၊ ဟိုင်းလပ်ကားမှာ ခုနစ်သောင်း၊ တစ်ဦးလျှင် ဂျစ်ကားမှာ ကျပ် ၇၀၀၀၊ ဟိုင်းလပ်နှင့် လိုက်ထရပ်ကားမှာ ကျပ် ၅၀၀၀ ဈေးရှိကြောင်း စုံစမ်းသိရပါသည်။

ငွေကြေး ကျပ်တည်းမှု၊ ကုန်ဈေးနှုန်းမြင့်မားမှုနှင့် အခက်အခဲများ    
အစိုးရသစ် သက်တမ်း သုံးနှစ်ကျော်ကာလတွင် ငွေကြေးကျပ်တည်းမှု၊ ကုန်ဈေးနှုန်းမြင့်မား မှု၊ မြေယာများ အသိမ်းခံရမှု စသည့် အခက်အခဲများစွာ ကြုံတွေ့နေရဆဲဖြစ်ပြီး ဧပြီ ၁ ရက်မှ စတင်ကာ လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံခြင်း၊ ၀န်ထမ်းများ ၏ လစာများ တိုးမြှင့်ပေးခြင်းတို့ကြောင့် ကုန်ဈေးနှုန်းများ ပိုမိုမြင့်တက် လာခဲ့ကာ ငွေကြေး ကျပ်တည်းမှုများလည်း ပိုမိုကြုံတွေ့လာ ရခြင်း အပေါ် ပြည်သူများ အကြား ဝေ ဖန်ပြော ဆိုမှုများ ရှိနေပါသည်။

သို့သော်လည်း ယင်းအခက်အခဲ များကြားမှပင် သင်္ကြန်ကာလ ကို ငွေကုန်ကြေးကျ ခံကာ ပျော်ရွှင်မှု များဖြင့် ဖြတ်သန်းနိုင်ရန် ပြင်ဆင်နေကြခြင်းဖြစ်ကြောင်း သိရသည်။

“ကုန်ဈေးနှုန်း ကြီးတာတွေ၊ အဘက်ဘက်က အခက်အခဲတွေကြောင့် အမြဲတမ်းလိုလို စိတ်ညစ်နေရတာ များတယ်။ အခု ဧပြီလဆန်း ကိုပဲ မီတာခ ဈေးတက်တာနဲ့ ၀န်ထမ်း လစာ တိုးတာတွေကြောင့် ကုန်ဈေးနှုန်း က ၆၀ ရာခိုင်နှုန်းလောက် တက်သွားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒါတွေအားလုံးကို ဘယ်လို အကောင်းတွေ ဖြစ်လာမလဲဆိုပြီး မျှော်လင့်နေရအောင်လည်း အစိုးရဘက်က ပြည်သူတွေအတွက် တိကျသေချာတဲ့ ဘယ်လို အကြောင်းအချက်ကိုမှ မကြားရဘူး။ 

ဒီတော့ ကိုယ်တိုင်ပဲကြိုးစား၊ ကိုယ်တိုင်ပဲရုန်းကန်၊ ကိုယ်တိုင်ပဲ ရအောင်ဖြတ်သန်းရမယ့် အခြေအနေ မျိုး ဖြစ်နေတယ်။ ဒီလိုဖြစ်နေမယ့် အတူတူတော့ တစ်နှစ်တစ်ခါပဲ ကြုံရတဲ့ သင်္ကြန်အချိန်လေးကို စိတ်ဖိစီးမှုတွေ ဖြေလျှော့သွားအောင်၊ ပျော်စရာ အစီအစဉ်တွေနဲ့ ဖြတ်သန်းမယ်လို့ စိတ်ကူးထားတယ်” ဟု အသက် ၂၈ နှစ်အရွယ် ကုမ္ပဏီဝန်ထမ်း တစ်ဦးဖြစ်သည့် ကိုစိုးကျော်သူက ဆိုပါသည်။

သင်္ကြန် ကာလ အစိုးရ ရုံးပိတ်ရက် ရှည်ကြာပြီး စီးပွားရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရ ချိန်ဖြစ် ရာ ပျော်ပွဲရွှင်ပွဲ များပြီးနောက် ကုန်ထုတ်လုပ် မှု ကျဆင်းခြင်း အဘက်ဘက် စရိတ်စားခကြီးမြင့်ခြင်း တို့ကြောင့် နိုင်ငံ၏ စီးပွားရေး အခြေအနေ ပိုမိုဆိုးရွားလာနိုင်မည့် အပေါ်ကိုလည်း စီးပွားရေး လုပ်ကိုင်နေကြ သူများကြားတွင် ပြောဆိုသုံးသပ်မှုများလည်း ရှိနေပါသည်။    

ရန်ကုန်မြို့ရှိ မဏ္ဍပ်အချို့၏ ဈေးနှုန်းများ
■ X2O
All Day   –   45000
အကြို   -   Free
အကျ   -   15000
အကြတ်   -   20000
အတက်   -   25000


■ Project X
All day – 50000
အကြို   –   free      
အကျ   -  18000
အကြတ်   -   22000
အတက်   -   28000


■ Play Boyz
All day   –   50000
အကြို   -   10000  
အကျ    -   15000
အကြတ်   -   20000
အတက်   -   30000


■ Invaders
All day   –   50000
အကြို   -   free
အကျ    -   20000
အကြတ်   -   20000
အတက်   -   20000
(အကြို+အကျ)   -   25000
(အကြတ်+အတက်)   -   35000


■ 14 Club
VIP   –   120000
All Day   –   50000
အကြို   -   free  
အကျ   -   15000
အကြတ်   -   20000
အတက်   -   30000


■ Black Pearl A
All day   –   47000 (ပထမဆုံးဝယ်သူ ၂၀၀ အတွက် 36000)
အကြို   -   10000
အကျ   -   18000
အကြတ်   -   21000
အတက်   -   27000


ယခုရန်ကုန် သင်္ကြန်တွင် ရှိမည့် ရေကစားမဏ္ဍပ် အရေအတွက်
လမ်းအမည် အရေအတွက်
ကမ္ဘာအေးစေတီလမ်း  (ပေ ၁၀၀ နှင့်အထက် မဏ္ဍပ်အကြီး) ၁၀
ကန်တော်ကြီးကန်ပတ်လမ်း (ပေ ၁၀၀ နှင့်အထက် မဏ္ဍပ်အကြီး) ၁၆
ပြည်လမ်း
ပါရမီလမ်း 
ဆရာစံလမ်းတွင် 
ကမ်းနားလမ်း
အထက်ကြည့်မြင်တိုင်လမ်း 
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးအနီး  ၁ ခု  

မှတ်ချက်-မဏ္ဍပ်အရေအတွက် အနည်းငယ် ထပ်တိုးမှုရှိနိုင်ပြီး ယခုစာရင်းမှာ မဏ္ဍပ်အသေးများ မပါဝင်ကြောင်းနှင့် မြို့နယ်အလိုက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မဏ္ဍပ်များလည်း မပါဝင်။

သင်္ကြန် မဏ္ဍပ်များ လိုက်နာရန် ထုတ်ပြန်ထားသည့် စည်းကမ်းချက် အချို့
 

■ မဏ္ဍပ်များ၏ နောက်ခံနှင့် ရှေ့ဗီနိုင်း များတွင် မဏ္ဍပ်တာဝန်ခံ၊ ဒုတာဝန်ခံ၊ မဏ္ဍပ်စည်းကမ်း ထိန်းသိမ်းရေးနှင့် ရေပက်ခံ ယာဉ်များ ထိန်းသိမ်းရေး တာဝန်ခံများ၏ ဓာတ်ပုံ၊ အမည်၊  မိုဘိုင်းဖုန်း နံပါတ်များ ကို Myanmar 3 Font Size 25 ဖြင့် ထည့်သွင်းရိုက်နှိပ် ၍ မြင်သာသောနေရာတွင် ထားရ မည်ဖြစ်ပြီး သတ်မှတ် အရွယ်အတိုင်း တပ်ဆင်ထားခြင်းမရှိပါက ဒဏ်ကြေး ငွေကျပ် ၁၀ သိန်း ပေးဆောင် ရမည်။
 

■ မဏ္ဍပ်များအား သင်္ကြန်အကြိုနေ့ မတိုင်မီ ငါးရက် အလိုတွင် အပြီးဆောက်လုပ်ရမည်။
 

■ မဏ္ဍပ် များအား သတ်မှတ်ရက်ထက် ကျော်လွန်ဆောက်လုပ် ပါက  တစ်ရက်လျှင် ဒဏ်ကြေး သုံးသိန်း ပေးဆောင် ရမည်ဖြစ်ပြီး ငါးရက် ထက်ကျော်လွန် မဖျက်သိမ်းခဲ့ လျှင် ပေးသွင်းထားသည့် စပေါ်ငွေ အားလုံးကို    ဒဏ်ကြေးအဖြစ် ပေးဆောင်ရမည် ဟုလည်း သတ်မှတ်ထားပြီး မဏ္ဍပ်များအနီး ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်စေရန် တာဝန်ယူရမည်။
 

■ ရေကစား မဏ္ဍပ်များ နံနက် ၇ နာရီမှ စတင်ရေကစားနိုင်ပြီး ညနေ ၆ နာရီတွင် ပိတ်သိမ်းရမည်။
 

■ မဏ္ဍပ် စတင်ဆောက်လုပ်ချိန်မှ သင်္ကြန်ကာလ ပြီးဆုံးချိန် အထိ မိမိတာဝန်ယူရသည့် မဏ္ဍပ်၏ ထူးခြားဖြစ်စဉ် များအား သက်ဆိုင်ရာ ဆပ်ကော်မတီများ သို့ သတင်းပေးပို့ရမည်။
 

■ ရေဆိုးရေပုပ် များဖြင့်ပက်ခြင်း၊ ရေခဲထုပ် ရေပူဖောင်းများနှင့် ထိခိုက် အန္တရာယ်ရှိစေသည့် ပစ္စည်း များဖြင့် ရေပက် ကစားခြင်း မပြုရန် လည်း မဏ္ဍပ်စည်းကမ်း ထိမ်းသိမ်းရေးအဖွဲ့မှ ကွပ်ကဲ ထိန်းသိမ်းပေး ရမည်။   
 

■ အင်းလျား ကန်ပေါင်ဘေးတွင် ဆောက်လုပ်ခွင့် ရသော မဏ္ဍပ်များတွင် ယာယီ သန့်စင်ခန်းအား ရန်ကုန်စည်ပင် တွင် ၀န်ဆောင်ခပေးသွင်း၍ ငှားရမ်းအသုံးပြုရမည်။

 သင်္ကြန် အတွက် ရန်ကုန်မြို့တော်စည်ပင် သို့ ပေးသွင်းရမည့် ရေဆက်သွယ်ခ၊ အမှိုက်သိမ်းဆည်းကြေးနှင့် မဏ္ဍပ်အာမခံ စပေါ်ငွေ
 

■ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပိုင် ရေပိုက်လိုင်းများ မှ ရေဆက်သွယ် အသုံးပြုပါက အချင်း တစ်လက်မ ကျပ် ၁၀၀၀၀၀ အချင်း တစ်လက်မခွဲ ပိုက်လိုင်း တစ်လိုင်းလျှင် ကျပ် ၂၀၀၀၀၀ နှင့် အချင်း ၂ လက်မ ပိုက်လိုင်းတစ်လိုင်းလျှင် ကျပ် ၃၀၀၀၀၀။
 

■ အင်းလျားကန်နှင့် ကန်တော်ကြီးတို့မှ ရေဆက်သွယ်ပါက အချင်း ၃ လက်မ ပိုက်လိုင်း တစ်လိုင်းလျှင် ကျပ် ၃၀၀၀၀၀၊ အချင်း ၄ လက်မပိုက်ဖြင့် ဆက်သွယ်ပါက ပိုက်လိုင်း တစ်လိုင်းလျှင် ကျပ် ၅၀၀၀၀၀ နှင့် အချင်း ၆ လက်မပိုက်ဖြင့် ဆက်သွယ်ပါက ပိုက်လိုင်းတစ်လိုင်းလျှင် ကျပ် ၈၀၀၀၀၀။
 

■ မဏ္ဍပ်အကြီး တစ်ခုလျှင် အမှိုက်သိမ်းဆည်းခ ကျပ်တစ်သိန်း၊ မဏ္ဍပ် အလတ်အား ကျပ်လေးသောင်းနှင့် မဏ္ဍပ်အသေး အား ကျပ်နှစ်သောင်း။
 

■ မဏ္ဍပ်အာမခံ စပေါ်ငွေ အဖြစ် ပေ ၁၀၀ နှင့် အထက် မဏ္ဍပ် အကြီးအား ကျပ် ၇၅ သိန်း၊ ပေ ၁၀၀ နှင့် ၅၀ ကြား မဏ္ဍပ် အလတ်အား ကျပ် ၄၅ သိန်း။


Written by: 
သတင်းအယ်ဒီတာအဖွဲ့
 
 From...Search Myanmar
 
 


No comments:

Post a Comment