*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday, 11 August 2014

ဖုန်း ယဉ်ကျေးမှု

http://img.clubic.com/04963554-photo-google-brevet-voice-unlock.jpg


ဆက်သွယ်ရေး ဝန်ကြီးဌာန ၏ အစီအမံကြောင့် မြန်မာပြည်သူ များ လူတန်းစား မရွေး၊ လူမျိုးမရွေး၊ အချိန် မရွေးနေရာတိုင်း တွင် တယ်လီဖုန်း များကို တွင်တွင် ကျယ်ကျယ် အသုံးပြုနေကြပါပြီ။ လူမှုရေး ကိစ္စ၊ စီးပွားရေး ကိစ္စများ ကို လွယ်ကူ လျင်မြန်စွာ ဆောင်ရွက်နိုင်ကြပါပြီ။ 

ယခု လက်ရှိ အနေ အထားအရ မြန်မာ့ ဆက်သွယ်ရေး ဖုန်းများသည် မည်သည့် နေရာ ကပြောနေ သည် ။ ပြောသူ ၏ ဥပဓိရုပ်ပုံ သည် မည်သို့ ရှိသည် ကို တိတိ ကျကျ ပုံဖော်နိုင်စွမ်း မရှိသေးပါ။ အသံဖြင့် အလုပ် လုပ်နေရသော အခါတွင် ပြောဆို သူတို့၏ စကားအရာ ပါးနပ်မှု၊ ယဉ်ကျေးချိုသာမှုသည် အထူး အရေးကြီး လှပါသည်။

တစ်ယောက် စကား တစ်ယောက် နားမှာ
မခါး ရအောင် သတိဆောင်၍ျ
မောင်တို့ ဆိုလေ ပျားသကာ သို့
ချိုလှစေ။ 
(ရှင်မဟာရဋ္ဌသာရ)

ကိုယ်တွေ့ အဖြစ် အပျက် တို့ကို တင်ပြ လိုပါသည်။ ၂၀၀၆ ခုနှစ်၊ ကျွန်တော် ကျောင်းအုပ်ကြီး ဘဝဖြင့် နယ်မြို့ကြီး ၌ တာဝန် ထမ်းဆောင်နေစဉ် မကွေးတိုင်း ပညာရေးမှူးရုံး မှ ဖုန်း ဝင်လာရာ ဖုန်း လက်ခံသူ ဝန်ထမ်း ငယ်၏ အပြော အဆို မယဉ်ကျေးမှုကြောင့် ဆရာကြီး ခမျာ တော်တော် မျက်နှာပူခဲ့ရပါသည်။

နောက် အဖြစ်အပျက် တစ်ခုမှာ ကျောင်းရုံးခန်းနှင့် ဆရာကြီး အိမ်ခန်း ကို လိုင်းခွဲဖြင့် ဆက်သွယ် ထားပါ သည်။ တစ်ခုသော ညနေ ၆ နာရီ ခန့်တွင် Phone Duty ဝန်ထမ်း အား ပြန်နားစေ ၍ ဖုန်းဝင် လာပါက ဆရာကြီး လက်ခံပါသည်။ 

ထိုစဉ် ဝင်လာသော ဖုန်းမှာ . . . . . . “ဟုတ်ကဲ့ အမိန့်ရှိပါ။ ဟုတ်ကဲ့ပါ အ.ထ.က (၂) ကပါ။ အခု ဖုန်းကိုင် တာ ဘယ်သူလဲ။ ဟုတ်ကဲ့ ဘာ အတွက်ပါလဲ ခင်ဗျာ၊ အေး ငါက ဘယ် သူကွ၊ သင်္ဃန်းကျွန်း ကဆက်နေ တာ ကျောင်းစောင့်အိမ် က တစ်ပေတက် နဲ့ စကားပြောချင်လို့ အခုခေါ် ပေးပါ။

” အသံက အပေါ်စီး က မာရေကျောရော နဲ့ ကျွန်တော်လည်း တော်တော် တင်းသွားတယ်။ “ဟုတ် ကဲ့ အခု ဖုန်းကိုင်တာ ကျောင်းအုပ်ကြီး ပါ။ ရုံးချိန် မဟုတ်တဲ့ အတွက် အနားမှာ ခိုင်းစရာလူလည်း မရှိပါဘူး ။ နောက်ဒီ အချိန် ဆက်လည်း ခေါ်မပေးပါဘူး။ ရုံးချိန် ဆက်ရင်တော့ ဝန်ထမ်းတွေခေါ်ပေးကောင်းခေါ်
 ပေးပါ လိမ့်မယ်”ဆိုပြီး ဖုန်းချ လိုက်တော့တယ်။ ကျောင်းစောင့် ကိုလည်း ခေါ်ပြီး သတိပေးလိုက် ရပါ တယ်။

အငြိမ်းစား ယူပြီးနောက် ရန်ကုန်မှ အဖြစ်အပျက် တစ်ခုကို တင်ပြလိုပါသည်။ ည ၉ နာရီခန့် မှာ သမီးဖုန်း သို့ ဖုန်း အမှားတစ်ခု ဝင်ပါသည်။ တစ်ဖက် ကပြောသော စကားကို လုံးဝ နားမထောင်၊ မူးနေသော အသံ ဖြင့် သူပြောချင်တာတွေ ဇွတ်ပြောနေသည်။ 

 သမီးက ဖုန်းမှားနေပါတယ် ပြောရလည်း မရပါ။ နှစ်မိနစ်၊ သုံးမိနစ်ခြား တစ်ခါ သုံးကြိမ်လောက် ထပ် ဆက်နေပါသည်။ ကြားသော ဖအေ လုပ်သူ က မကြား ယောင်ပြု ၍ မရတော့။ “ကဲ လူလေး မင်းကို ဖုန်းမှားနေတယ် လို့ပြောနေတာ၊ ဘာကြောင့် ခဏခဏ ထပ် ဆက်နေတာလဲ၊ 

ကဲမင်းကို သတိပေးလိုက် မယ် ဒီဖုန်းပိုင်ရှင် ဘယ်သူလဲ ဆိုတာ ငါနာရီဝက် အတွင်း ရှာနိုင်တယ်။ မင်းဘယ်နေရာက ဆက်နေတယ်ဆိုတာ ၄၅ မိနစ် အတွင်းသိအောင် လုပ်နိုင်တယ်။ ဒီတစ်ခါ သည်း မခံတော့ဘူး” ဟု ပြောလိုက် မှ ဖုန်းသံ တိတ်သွားပါသည်။

“နှုတ်ချို သျှို တစ်ပါး” ဖြစ်ပါသည်။ ယဉ်ကျေးချိုသာ စွာ ပြောဆိုခြင်းဖြင့် မိမိတွင် ဘာမျှ မနစ်နာနိုင်ပါ။ လူချစ် လူခင်ပေါများ ၍ မိမိ ၏ အလုပ်အကိုင် များသာ ချောချောမွေ့မွေ့ ပြီးစီးနိုင်မည် သာ ဖြစ်ပါသည်။
‘နှုတ်ကြောင့် သေ၊ လက်ကြောင့် ကြေ’ ပါသည်။ 

‘အမိယုတ် က နှုတ်သရမ်း ၏’  မိမိ ၏ မယဉ်ကျေးမှု ကြောင့် မွေးမိခင်ပါ အစစ် ပါရတော့သည်။
အချို့ဖုန်းပြောသူတို့ သည် နားထောင်ရသည် မှာ နားဝင် ချိုလှပေစွ။ တောင်းခံသည့် အကူ အညီဖြစ်ပါက ချက်ခြင်းဆောင်ရွက် ပေးချင် စိတ်များပေါ်လာအောင် ‘နှုတ်မှု စွမ်းရည်’ ဖြင့် ပါးပါး နပ်နပ်ပြောဆိုနိုင်ကြ ပါသည်။

ယခုအခါ ဆင်းရဲ ချမ်းသာ မရွေး၊ ရာထူးကြီးငယ် မရွေး တောရောမြို့ပါ Hand Phone များကို တွင်တွင် ကျယ်ကျယ် အသုံးပြုနေကြပါပြီ။ နိုင်ငံကြီးသား ပီပီ တရားတော် ၏ အဆုံးအမ တို့နှင့်အညီ ပီယဝါစာ ပြောဆိုကြမည် ဆိုပါလျှင် . . . .

ကြေးမုံသတင်းစာ
သြဂုတ် (၂) ရက်၊ ၂၀၁၄ ခုနှစ်
From...Search Myanmar
 

No comments:

Post a Comment