*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 10 July 2013

အအေးမိခြင်း နှင့် နားဖာချေး အကြောင်းသိ မှတ်ဖွယ်၇ာများ



အအေးမိရင်..ဘာတွေ လုပ်သင့် သလဲ။..နားဖာချေး အကြောင်း သိကောင်းစရာ...


မေး။ ။ ဒေါက်တာခင်ဗျာ... ကျွန်တော့်ရုံးမှာ အများစုက အအေးမိ နေကြပုံပေါ်ပါတယ်။ ရုံးကလည်း Air Con ရုံးဆိုတော့ တစ်ရုံးလုံး နှပ်တရှုပ်ရှုပ်နဲ့ အလုပ်လုပ်ပေါ့ ဆရာရယ်။

ကျွန်တော်သိလိုတာက အအေးမိတာ အမြန်ဆုံး ပြန်ကောင်းဖို့ ဘာလုပ်သင့်လဲ ဆိုတာပါ။ အအေးမိတယ်ဆိုတဲ့ လက္ခဏာကိုရော ဘယ်လို သိနိုင်မလဲဆရာ။ အအေးမိရင် ဘာတွေ လုပ်သင့်လဲ။ ဆောင်ရန်၊ ရှောင်ရန် ပြောပြပေးပါ။
ကိုတင်ဦး(ဒဂုံ)


ဖြေ။ ။ နှာခေါင်းနှင့် လည်ချောင်းအတွင်း ပိုးဝင် ပျံ့နှံ့တတ်သော အအေးမိ ရောဂါကတော့ ခုလိုကူးစက်ရောဂါ ကူးလွယ်၊ ဖြစ်လွယ်တဲ့ ရာသီမှာ အဖြစ်များကြပါတယ်။ နှာစေး၊ ချောင်းဆိုးသူက တစ်ဆင့် အနီးအနားကလူကို ကူးစက်စေပြီးနှာပိတ် သို့မဟုတ် နှာရည်ယိုခြင်း၊ နှာချေခြင်း၊ နှာပိတ်၍ အနံ့ခံ အာရုံချို့တဲ့ခြင်း၊ ခံတွင်းပျက်ခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်နွေးခြင်း (အနည်းငယ်ဖျားခြင်း) စတဲ့ လက္ခဏာတွေ ပေါ်တတ်ပါတယ်။ အအေးမိရောဂါဟာ တစ်ပတ်အတွင်း အလိုအလျောက် ပြန်လည် ကောင်းမွန်လေ့ရှိတဲ့ ရောဂါပါ။ အအေးမိလာပြီ ဆိုရင်တော့ စွပ်ပြုတ်၊ ကြာဆံပြုတ်တို့လို အရည်ပူပူကို သောက်ပေးပါ။ တစ်နေ့ ရေရှစ်ဖန်ခွက်ခန့် သောက်ရပါမယ်။ အကိုက်အခဲပျောက်ဆေး၊ အအေးမိ၊ နှာစေး၊ ချောင်းဆိုး ပျောက်ဆေးတွေ သောက်သုံးနိုင်ပါတယ်။ နှာပွင့်စေရန် ရေနွေးငွေ့ ရှူနိုင်ပါတယ်။ ပါရာစီတမော သောက်နိုင်ပါတယ်။
ဈေးကွက်ထဲမှာရှိတဲ့ အအေးမိတုပ်ကွေး အဖျား ပျောက်ဆေးတွေထဲမှာ အကိုက်အခဲ ပျောက်ဆေး၊ နှာပွင့်ဆေး၊ နှာစေးပျောက်ဆေးတွေ တစ်ပါတည်း ပါဝင်တတ်လို့ ဆေးပမာဏ လွန်ခြင်းမဖြစ်ရန် တခြား အကိုက်အခဲ ပျောက်ဆေးတွေနဲ့ တွဲဖက် မသောက်သုံးသင့်ပါ။ စိတ်ငြိမ်ဆေး သောက်သုံးသူ ဆိုရင်လည်း အဆိုပါ အအေးမိ၊ တုပ်ကွေးပျောက်ဆေးတွေ ကို ရှောင်ရှားသင့်ပါတယ်။ သွေးတိုး၊ နှလုံး၊ ဆီးချိုရှိ သူတွေဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ဆေးသောက် သုံးသင့်ပါတယ်။ ချောင်းဆိုး၊ နှာစေးနေသူ ဖြစ်တာကြောင့် မီးခိုးဖုန်ထူတဲ့ နေရာတွေ ကို ရှောင်ရှားပေးပါ။
အအေးမိသူတွေ အတွက်ကတော့ အရေးကြီးဆုံးက အရည်များများ သောက်ပေးဖို့ပါ။ ဖျားပြီလို့သိတာနဲ့ တစ်ရက်ခန့် ကောင်းမွန်စွာ အနားယူသင့်ပြီး ဓာတ်ဆားရည်များများ သောက်ပေးသင့်ပါ တယ်။ အာဟာရဖြစ်ပြီး အရည်များများပါတဲ့ ကြက်စွပ်ပြုတ်ရည်၊ ကြက်ပေါင်း ရည်တွေသောက်ရင် အားအင်လည်း ပြန်ပြည့် နိုင်သလို ကိုယ်ခံအားလည်း ပြန်တက်တာကြောင့် အဖျားဒဏ်ကို အမြန်ဆုံး ချေမှုန်းနိုင်ကြောင်းပါ။ (နှာခေါင်း အလွန်အမင်းပိတ်ရင်ေ ရနွေးကျိုက်ကျိုက် ဆူနေတဲ့ထဲကို ပရုတ်ဆီ ထည့်ရှူနိုင်ပါတယ်။ လည်ချောင်းအတွက် ပျားရည် သို့မဟုတ် သံပရာရည်ကို ရေနွေး နဲ့ ဖျော်သောက်နိုင်ပါတယ်။)
Air Con ရုံးဖြစ်တာကြောင့် ရောဂါကူးစက်မှု ပိုမိုလွယ်ကူ မြန်ဆန် စေနိုင်သလို အအေးမိသူ အတွက်လည်း ပိုမို အအေးမိစေဖို့ လွယ်ကူစေပါတယ်။ မလိုအပ်တဲ့ နေရာမှာ Air Con မဖွင့်ဘဲ သဘာဝလေဖြင့် နေထိုင်ခြင်းကို ပြုလုပ်ပေးပါ။
သို့မဟုတ် အကင်းမပြတ် အဖျားရှိနေသူများ နေထိုင်ရန် Air Con မရှိတဲ့ ကောင်းမွန်သော နေရာ တစ်နေရာ သတ်မှတ်ပြီး ဖြေလျှော့မှုပေးပါ။

မေး။ ။ ဒေါက်တာရှင့်... နားဖာချေး မထွက်အောင် လုပ်လို့ ရပါသလား။
သမီးက နားဖာချေးထူမှာလည်းကြောက်တယ်..နားမသန့်မှာလည်းကြောက်တယ်။
နားမသန့်စင်လို့ အလှပျက်မှာ ပိုစိုးရိမ်မိပါတယ်။ သမီးသိလိုတာက နားဖာချေးဆိုတာ မထုတ်ရင် ပိတ်သလားဆရာ။ မထုတ်လို့ရော မရဘူးလားဆရာ။ နောက်ပြီး နားဖာချေး အလိုအလျောက် ထွက်လာစေတဲ့ ဆေးရည်တွေကိုရော သုံးသင့်ပါသလား။
မိချော (တောင်ဥက္ကလာ)

ဖြေ။ ။ နားဖာချေး ကြောက်တတ်တဲ့ သမီးမိချောရေ... နားဖာချေးတို့ မည်သည် နားထဲမှာ အလိုအလျောက် ဖြစ်လေ့ရှိပြီး တချို့က အလိုအလျောက် ကွယ်ပျောက် သွားလေ့ရှိပါတယ်။ ဒါပေမဲ့ နားဖာချေးတွေ များလာရင်တော့ စုခဲခြောက်သွေ့ပြီး နားထဲမှာ ပြည့်လာတာကြောင့် နားဖာချေးကြောင့် အကြားအာရုံ မရှင်းလင်းတာတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် နားဖာချေး ပိတ်နေရင် နေရခက်ပြီး ကသိကအောက် ဖြစ်ခြင်း၊ နားယားခြင်း၊ နားပူခြင်း၊ မူးဝေခြင်းတို့ ဖြစ်တတ်တာကြောင့် လူအများစုဟာ ဂွမ်းတုတ် တံလေးများဖြင့် နားဖာကလော်ကြခြင်း ဖြစ်ပါတယ်။
နားဖာချေး ပိတ်လာရင် မိမိဘာသာ ဖယ်ထုတ်ရမှာ ကြောက်သူဆိုလျှင်တော့ နားဆရာဝန်နှင့် တွေ့ပြီး နားသန့်သွားအောင် ဖျော်ချနိုင်ပါတယ်။ ကိုယ်တိုင် နားဖာ ချေးနူးအောင် ဆောင်ရွက် ချင်တယ်ဆိုရင်တော့ ဂွမ်းတုတ် တံမသုံးဘဲ နားဖာချေးနူးစေတဲ့ သံလွင်ဆီ သို့မဟုတ် ဆိုဒီယမ် ဘိုင်ကာဗွန်နိတ် အစက်ချဆေးတို့ကို ထည့်နိုင်ပါတယ်။ ဆရာဝန် ညွှန်ကြားတဲ့ နားဖာချေး ပျော်ဆေး အစက်ချဆေးကိုလည်း ထည့်နိုင်ပါတယ်။ နားဖာချေး ပျောက်ဆေးတွေ အနေနဲ့ Ear Clear (ကာဘာမိုဒ် ပါအောက်ဆိုဒ်) ရှိပါတယ်။ နားဖာချေး နူးပျော့ ဆေးထည့် နည်းကတော့ ခေါင်းကို တစ်ဖက်စောင်းပြီး နားတစ်ဖက် တစ်ချက်စီ ထည့်ရမှာပါ။ နေ့စဉ်ထည့်ဖို့မလိုဘဲ ရက်ခြားထည့်ရပါတယ်။ နားဖာချေးပျော်ဆေးကြောင့် နားထဲမှာ ပလုံစီ ထသလို ခံစားရခြင်း၊ နားထဲ မရိုးမရွဖြစ်ခြင်း ဆိုတဲ့ ဘေးထွက် ဆိုးကျိုးခံစား ရနိုင်ပါတယ်။ နားထဲထည့်မယ့် ပုလင်းကိုလည်း သန့်စင်စွာ ထားသိုပြီး သန့်စင်တဲ့ လက်နဲ့ ထည့်ရမှာပါ။
သတိပြုရမယ့် အရေးကြီးဆုံး အချက်ကတော့ နားတွင်း ရောင်ရမ်း ကိုက်ခဲခြင်း၊ နားစည် မှေးပေါက်ခြင်း၊ နားရောဂါဟောင်း ရှိခြင်းတို့ ဖြစ်ပေါ်ရင်တော့ အဆိုပါ ဆေးတွေကို မသုံးဖို့ပါ။ ဆေးဆိုင်မှာ ဝယ်စဉ်ကတည်းက အစက်ချပြွန်ကို တောင်းယူပါ။ နားဖာချေးခြောက် နူးပျော်လာစတွင် နားပို ပိတ်တတ်ပါတယ်။
ဆိုဒီယမ် ဘိုင်ကာဗွန်နိတ် အစက်ချဆေးက တန်းသုံးနိုင်ပေမဲ့ သံလွင်ဆီကျတော့ ခံနိုင်ရည်ရှိမယ့် အပူချိန်ရောက်အောင် ရေနွေးစိမ်ပြီးမှ သုံးရမှာပါ။ ပိတ်နေတဲ့ နားဘက်ကို ခေါင်းစောင်းပြီး အဆီသုံး၊ လေးစက်ချပါ။ ဆယ်မိနစ်ခန့် ထိုပုံစံအတိုင်း နေပါ။တစ်နေ့ သုံးကြိမ်လောက် ထည့်ရပါတယ်။ နားဖာချေးခြောက် နူးဆေး၊ ပျော်ဆေးတွေမှာ ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ်တွေပါလို့ နားပေါက်ထဲက အနားသားတွေကို လောင်စေလို့ သတိပြုပါသမီးငယ်။
        
                                         မြ၀တီ သတင်း မှ ကူးယူဖေါ်ပြသည်

No comments:

Post a Comment