ဘူတာဈေးကလေး
ဈေးကလေး ခင်းကျင်းထားပုံမှာ ထူးခြားသည်ဟု ဆိုနိုင်ပါသည်။
ထိုဈေးကလေးမှာ အိုးဘို ဘူတာအနီးတွင်ရှိသော ဘူတာဈေးကလေး ဖြစ်ပါသည်။ ဘူတာဈေးကလေးအလည် တွင် မီးရထားသံလမ်းရှိပြီး ဈေးသည်များသည် မီးရထားသံလမ်းပေါ်မှာ ဈေးဗန်းကလေးများကို ခင်းကာ
ရောင်းချကြပါသည်။ တနိုင်စာ အလွယ်တကူ ရွှေ့ပြောင်းသယ်ယူနိုင်သော ဈေးဗန်းကလေးများသည် သံလမ်းပေါ်မှာ အစီအရီ ရှိပါသည်။
ဂွေးတောက်ရွက်နုနုကလေးများ ထည့်ထားသော ဈေးဗန်းကလေးတွေ၊ အဝေရာရွက်၊ ကင်းပုံသီး၊ ငရုတ်သီး စိမ်းထည့်ထားသော ဈေးဗန်းကလေးတွေ၊ ငါးဇင်စပ်၊ ငါးစင်ရိုင်း၊ ငါးခုံးမစသော ငါးပေါက်စကလေးတွေ ထည့် ထားသော ဈေးဗန်းကလေးတွေ၊ မန်ကျည်းသီး စိမ်းနုနုကလေးတွေ ထည့်ထားသော ဈေးဗန်းကလေးတွေ၊ ဆူးပုပ်ကြီး၊ သရက်သီး၊ နှမ်းဖတ်ချဉ် ထည့်ထားသော ဈေးဗန်းကလေးတွေ၊ အစီအရီရှိပါသည်။ ဈေးသည် ကလေးများသည် တချို့က ဇလီဖါးတုံးများပေါ်တွင် ထိုင်လျက်၊ တချို့က သံလမ်းပေါ်တွင် ထိုင်လျက်
ရောင်းချနေကြပါသည်။ သံလမ်း၏ ဝဲယာဘက်တွင်တော့ နေရာအတည် တကျခင်းကျင်းရောင်းချနေကြသော
ဈေးသည်တွေ ရှိပါသည်။ စဥ့်တီတုံးခုတ်ဓါးနှင့် ငါးများကို အကျအနတင်ကာ ရောင်းချနေသော ဈေးသည်များ၊ ဝက်သား၊ အမဲသားသည်များ၊ ကြက်သားသည်များသည် သံလမ်း၏ အနောက်ဘက်မှာ ရှိနေကြပါသည်။
ငါးကြင်းတစ်ကောင်ကို အကြေးလှန်နေပုံ ခုတ်ဓါးဖြင့် ''ဒုံး''ကနဲ ပိုင်းချလိုက်ပုံ၊ ချိန်ခွင်ထဲသို့ ဆတ်ကနဲထည့် လိုက်ပုံ၊ ''သာတယ်နော်'' ဟုပြောကာ ဈေးဝယ်ကို ထည့်ပေးလိုက်ပုံတို့ကို မြင်နိုင်ပါသည်။ ကြက်သားသည်က အတောင်ပံသပ်သပ်၊ လည်ချောင်းသပ်သပ်၊ ခြေထောက်သပ်သပ်ခွဲကာ သီးသန့်စီ ရောင်းချနေပုံ၊ ရင်အုပ်နှင့်
ပေါင်သားတို့ကို ဈေးကောင်းကောင်းနှင့် ရောင်းချနေပုံတို့ကိုလည်း တွေ့နိုင်ပါသည်။ စဥ့်တီတုံး၊ ဓါးနှင့်သူတို့ လက်မှာ သွေးတွေ ပေကျံနေပါသည်။
သူတို့လက်မှာ တစ်ခါတရံ လက်ကောက်တွေ ဝတ်ထားတတ်တာ တွေ့ရတတ်ပါသည်။ အမဲသားဆိုင်
အောက်မှာ ဈေးခွေးတစ်ကောင်က ငြိမ်ငြိမ်သက်သက်ဝပ်ကာ စဥ့်တီတုံးပေါ်မှ အမဲရွတ်ကို မျှော်နေပါသည်။ ဝက်သားဆိုင်က အမြဲ လူစည်နေလေ့ရှိသည်။ ကျွန်တော်သည် ဘူတာဈေးကလေး၏ မြောက်ဘက်စွန်းစွန်း ''အိုးဘို'' ဘူတာဟူသော ဆိုင်းဘုတ်အနီး ဆိုင်ခန်းခုံနှင့် အကျအန ဝက်သားဆိုင်မှာ မကြာမကြာ ဝယ်ယူလေ့ ရှိပါသည်။ နေမြင့်လျှင် သူ့ဆိုင်မှ ဝက်သား မရတော့ပါ။ တစ်ခါတရံ ဆွမ်းကျွေး၊ ဘုံလောင်းတို့မှ ပိသာချိန် များများ ဝယ်ယူသွားပြန်လျှင်လည်း ကျွန်တော်တို့ဖို့ မကျန်တော့ပါ။ ဘူတာဈေးကလေးထဲမှာ ဝယ်ယူလို့ အကောင်းဆုံးကတော့ သံလမ်းပေါ်မှ ငါးသည်ကလေးများ ဖြစ်ပါသည်။
သူတို့သည် ငါးပေါက်စကလေးများကို အပုံကလေးတွေ ပုံထားတတ်သည်။ တစ်ပုံကို ဘယ်၍ဘယ်မျှနှင့်
ရောင်းချတတ်သလို အလေးချိန်ခွင်နှင့်လည်း ချိန်တွယ် ရောင်းချတတ်ကြပါသေးသည်။ သူတို့သည် ဝယ်လို့
ကောင်းသော ငါးသည်ကလေးများဖြစ်သဖြင့် ကျွန်တော် ရံဖန်ရံခါ ဝယ်ယူလေ့ ရှိပါသည်။ သံလမ်းပေါ်သို့ တက်လိုက်သည်နှင့် ရောင်းချနေသော သူတို့ မျက်နှာကလေးများကို တွေ့ရပါတော့သည်။ ''ဝယ်ပါ ဦးအစ်ကိုကြီးရဲ့'' ဟုလည်း ပြောတတ်ကြသေးသည်။
နေအတန်မြင့်၍ ဈေးကွဲစပြုချိန်ရောက်ပြီဆိုလျှင် သူတို့အသံစာစာ ကလေးများက ပို၍ ညံလာလေ့ရှိပါသည်။ မည်သို့ဖြစ်ပါစေ ဒီကနေ့ ရောင်းမကုန်ခဲ့သော ငါးဇင်ရိုင်းများသည် နောက်တစ်ရက် နှစ်ရက်တွင် ငါးကလေး
ခြောက်များအဖြစ် သူတို့ဈေးဗန်းထက်သို့ ပြန်လည်၍ ရောက်ရှိလာလေ့ ရှိပါသည်။ ကျွန်တော်သည် ငါးသည် ကလေးများထံမှ ငါးဇင်ရိုင်းခြောက် ကလေးများကို ဝယ်ယူခဲ့ဖူးပါသည်။
ထို့အတူ ဂွေးတောက်ရွက်နုနုကလေးများ၊ မန်ကျည်းရွက် နုနုကလေးများကိုလည်း သံလမ်းပေါ်မှ ဈေးသည် ကလေးများထံမှ ဝယ်ခဲ့ဖူးပါသည်။
၁ဝ နာရီထိုးပြီးချိန်လောက်တွင် ဘူတာ ဈေးကလေးထဲမှ သံလမ်းအတိုင်း မြောက်ဘက်ထဲမှ မတ္တရာရထား ဝင်လာပေပြီ။ ရထားသည် ဥသြသံရှည်ကိုဆွဲကာ မှန်မှန်ကြီး ခုတ်မောင်းဝင်လာခြင်း ဖြစ်သည်။ ရထား ခုတ်မောင်းဝင်လာသံကို ကြားလိုက်ရပြီဆိုလျှင် သံလမ်းပေါ်မှ ဈေးသည်ကလေးများသည် သူတို့၏ ဈေး ဗန်းများကို မယူကာ သံလမ်းပေါ်မှ ဆင်းကြ ရှောင်ကြတိမ်းကြပါသည်။
ဘူတာဈေးကလေးထဲမှာ ကျွန်တော် ဈေးဝယ်နေချိန်ရထား ခုတ်မောင်းဝင်းလာသည်ကို ကြုံခဲ့ဖူးပါသည်။ ကျွန်တော်သည် ဈေးကလေး အလယ်သံလမ်းအတိုင်း ခုတ်မောင်းဝင်လာသောရထားကို ကြည့်နေမိပါသည်။
ကျွန်တော့နံဘေးတွင် ခြေထောက်သုံးချောင်းနှင့် ဈေးခွေးသည် သိမှုတစ်ခုဖြင့် ငေးစိုက်ကြည့်နေပါသည်။ ရထားသည် သံလမ်းအတိုင်း တဂျုံးဂျုံးတဂျက်ဂျက် ခုတ်မောင်းကာ ဟိုတစ်ဖက်သို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်သွားပါသည်။ ရထားက ဈေးကလေးကို လွန်သွားပြီဆိုသည်နှင့် သံလမ်းပေါ်မှာ ဈေးဗန်း ကလေးများ ဈေးသည်ကလေးများ ပြန်လည် ရောက်ရှိလာပြန်ပါသည်။ သံလမ်းပေါ်မှ ဈေးသည် ကလေးများသည် သူတို့ပြော လက်စစကားကို ဆက်ပြောကြသည်။ သူတို့ လုပ်လက်စအလုပ်ကို ဆက်လုပ်ကြသည်။
(ငါးသည်ကလေးများက ငါးဇင်းရိုင်းပေါက် ကလေးများ၏ ဆူးတက်ကို ဖဲ့နေကြသည်။) စွန်တာနီပဲသည် ကလေးက ပဲအခွံညှစ်လက်စကို ဆက်ညှစ်နေကြသည်။ သည်ဈေးကလေး အလယ်ခေါင်လောက်တွင် သံလမ်းမောင်း ခုလုပ်ခုံဟောင်းတစ်ခုရှိပြီး ယင်းသံလမ်း မောင်းခုလုပ်ခုံအနီးတွင် နို့ထမင်းသည် တစ်သည် ရှိပါသည်။ နို့ထမင်းသည် အတော်ပင် ကြီးမားသော ဒန်အိုးကြီးတစ်လုံးဖြင့် နို့ထမင်းများကိုထည့်ကာ ကျိုလာပါသည်။ သူ့နို့ထမင်းမှာ နို့စိမ်းရောင်လဲ့လဲ့ သမ်းနေပြီး အလွန်ဆိမ့်ပါသည်။ နို့ထမင်းဝယ်သူကို ထန်းလျှက်ရည် ထုပ်ကလေးများ ထည့်ကာပေးတတ်ပါသည်။ ထန်းလျှက်ရည် မကြိုက်လျှင် သကြားထုပ် ကလေးများ ထည့်ပေးပါသည်။
ကျွန်တော်သည် ဘူတာ ဈေးကလေးထဲသို့ နို့ထမင်းဝယ်ရန်သက်သက်ဖြင့်လည်း မကြာမကြာ ရောက်ခဲ့ဖူး ပါသည်။ နို့ထမင်းသည်သည် သံလမ်းမောင်းခလုတ် ခုံဟောင်းအောက် အနောက်ဘက်ဘေးတွင်ရှိပြီး သူနှင့်မျက်နှာချင်းဆိုင်တွင် ပန်းသည် ရှိပါသည်။ ပန်းသည်သည် သူ့ပန်းများကို စိမ်းစို လန်းဆန်းနေစေရန်
ပြင်ဆင်၍ ခင်းကျင်းထားပါသည်။ ဆောင်းတွင်းပိုင်းဆိုလျင် သူ့ဆိုင်မှ ဂန္ဒမာပွင့်ဖြူ လှလှကြီးများကို ကျွန်တော်ဝယ်ယူလေ့ရှိပါသည်။ သည်ပန်းဆိုင်နှင့် မျက်စောင်းထိုးလောက်တွင် ဒန်အိုး ဒန်ခွက်ပန်းကန်၊ ဇလုံ၊ ရေခွက်စသော သတ္တုနှင့် စတီးပစ္စည်းရောင်းသောဆိုင် ရှိပါသည်။ ဆိုင်ရှင်မှာ ကုလားလင်မယားဖြစ်ပြီး သူတို့ဆိုင်မှ ဒန်အိုးဒန်ခွက်များကို ဝယ်ချင်လာအောင် ပြောဆိုကာ ရောင်းချလေ့ရှိပါသည်။ ကျွန်တော်သည် သူတို့ဆိုင်မှ သတ္တုရေဖလားနှစ်လုံး ဝယ်ယူ အသုံးပြုခဲ့ဖူးပါသည်။
ဒန်အိုးဒန်ခွက်နှင့် ကပ်လျက်တွင် မိုးကာစကလေးခင်းကာ မြေပဲဆံ၊ မြေထောက်ပဲ၊ ပဲနီကျား၊ ပဲရာဇာ စသည် တို့ရောင်းသော ဈေးသည်တစ်ဦး ရှိပါသည်။ ဈေးသည်မှာ အတော်ပင် အသက်အရွယ်ရနေပြီဖြစ်သော အမေကြီးတစ်ယောက် ဖြစ်ပါသည်။ ထိုအမေကြီးမှာ မွန်မွန်ရည်ရည်နှင့် သန့်သန့်ပြန့်ပြန့် ရှိသည်။ ဆင်းရဲ
နွမ်းပါးပုံ ရသော်လည်း ကြည်ကြည်လင်လင် ရှင်းရှင်းသန့်သန့် ရှိပါသည်။ ကျွန်တော်သည် ထိုဈေးသည် အမေကြီးကို စိတ်ထဲမှ ခင်မင်မိသဖြင့် သူ့ဆိုင်မှ မြေပဲဆံ၊ မြေထောက်ပဲတို့ ဝယ်ယူခဲ့ဖူးပါသည်။
ဘူတာဈေးကလေးသည် မန္တလေးမြို့ အစွန်တွင် တည်ရှိပါသည်။ မန္တလေးမြို့ မြောက်ပြင် အိုးဘိုရပ် သည်
ဈေးကလေး၏ အနီးဝန်းကျင်ရပ်ကွက် ဖြစ်ပါသည်။ ဘူတာ ဈေးကလေးသို့ သွားမည်ဆိုလျှင် ၇၆ လမ်းအတိုင်း ၁ လမ်း ၂ လမ်းကို ဖြတ်သန်းလိုက်လျှင် ရောက်ရှိနိုင်ပေပြီ။ ဤနေရာတွင် ၁ လမ်း ၂ လမ်းဟု သုံးနှုန်းထား
သော်လည်း လမ်းညွှန်အမှတ်အသားပြ မှတ်တိုင် မရှိပါ။ (သို့ရာတွင်) ၂ လမ်း ကျုံးထောင့်မှ ရေတွက်ကြည့် ပါက ဘူတာဈေးကလေး အနီးဝန်းကျင်သည် ၁ လမ်း ၂ လမ်း ဖြစ်သည်မှာ သေချာပါသည်။) သည်ဈေး ကလေး သည် လက်လုပ်လက်စား မိသားစုများ၊ လစာ အသင့်အတင့်ရသော ဝန်ထမ်းမိသားစုများ လာရောက်ဝယ်ယူကြရာ ဈေးကလေး ဖြစ်ပါသည်။
တနင်္ဂနွေ ဥပုသ်နှင့် လကုန်ရက်များဆိုလျင် ဈေးကလေးဟာ ပို၍ စည်ကားလေ့ ရှိပါသည်။ သည်ဈေးကလေး သို့ ပေါ်ဦးပေါ်ဖျား သစ်သီးများ နောက်ကျပြီးမှ ဝင်ရောက်လာလေ့ ရှိပါသည်။ မရမ်းသီး ပေါ်စချိန်ဆိုလျင် သည်ဈေးကလေးထဲမှာ မတွေ့ရ။ အင်ဥပေါ်စဦးအချိန်ဆိုလျှင် သည်ဈေးကလေးထဲမှာ မတွေ့ရ။ သည်ဈေး ကလေးထဲသို့ မရမ်းသီးများ ဝင်ရောက်လာပြီဆိုလျှင် မရမ်းသီးများမှာ ကြီးကြီးရင့်ရင့်ကြီးများ ဖြစ်နေကြပြီ။ သည်ဈေးကလေးထဲသို့ အင်ဥများ ဝင်ရောက်လာပြီဆိုလျှင် အခွံများ မာကျောစပြုနေပေပြီ။ သည်ဈေးကလေး ထဲသို့ ပုရစ်များ ဝင်ရောက်လာပြီဆိုလျှင် ပုရစ်များမှာ ပေါင်းထားသော ရက်လွန်ပုရစ်များ ဖြစ်နေပေပြီ။ သည်ဈေးကလေးထဲမှာ ဝယ်လို့ အကောင်းဆုံးကတော့ ငါးပေါက်စ ကလေးတွေပါပဲ။
ငါးသည်ကလေးတစ်ယောက်ရဲ့ ဈေးဗန်းထဲမှာ မြစ်ငါးတွေ တဖြတ်ဖြတ် ခုန်နေတာကို ကြိမ်ဖန်များစွာ ကျွန်တော် မြင်တွေ့ခဲ့ဖူးပါသည်။ မှန်ပါသည်။ လက်ထဲမှာ ငွေကြေးအသင့်အတင့်ရှိယုံဖြင့် တစ်နေ့စာ ဟင်းချက်စရာကို မြိန်မြိန်ယှက်ယှက် ရနိုင်အောင်ဝယ်ယူနိုင်သည်မှာလည်း သည် ဘူတာဈေးကလေးပင်
ဖြစ်ပါသည်။ ဟော ''အိမ်နောက်ဖေးရထားသံလမ်းမှ ရထား ဝင်ရောက်လာသံကို ကြားရပြီ။ ဘူတာဈေး ကလေးထဲက ငါးသည်ကလေးရေ ဒီနေ့ ရောင်းလို့ ကောင်းပါစ''။
နေမျိုး မဇ္ဈိမ မှမျှဝေဖေါ်ပြသည်...
No comments:
Post a Comment