ဘဝ အောင်မြင်ရေးအတွက် လုံ့လ ဝီရိယနှင့် ဥာဏ်အမြော်အမြင်
လောက ဓမ္မတာ တိုးတက်ခြင်းနှင့်
ဆုတ်ယုတ်ခြင်း ဟူ၍ နှစ်မျိုးရှိရာ ဤလောက၌ ရှိရှိသမျှ လူအပေါင်းတို့သည်
တိုးတက်ခြင်းကိုသာ လိုလား နှစ်သက်ကြပြီး ဆုတ်ယုတ်ခြင်းကို မည်သူ
တစ်ဦးတစ်ယောက်မျှ မလိုလား ကြချေ။ တိုးတက် ကြီးပွားလိုသော် လုံ့လ ဝီရိယ
စိုက်ထုတ်၍ ဥာဏ် အမြော်အမြင် ရှိရပေမည်။လုံ့လ ဝီရိယ၏ ဆန့်ကျင်ဘက်မှာ
ပျင်းရိခြင်း ဖြစ်၏။ ပျင်းရိခြင်း ခြောက်မျိုး ရှိကြောင်း ပညာရှိတို့
ပြဆိုခဲ့ရာ ချမ်းလှသေးသည် ဟူသော အကြောင်းဖြင့် ပျင်းရိခြင်း၊ ပူလှသေးသည်
ဟူသော အကြောင်းဖြင့် ပျင်းရိခြင်း၊ စောလွန်းသေးသည် ဟူသော အကြောင်းဖြင့်
ပျင်းရိခြင်း၊ မိုးချုပ်လှပြီဟူသော အကြောင်းဖြင့် ပျင်းရိခြင်း၊
ဆာလောင်လှသေးသည် ဟူသောအကြောင်းဖြင့် ပျင်းရိခြင်း၊ ဝမ်းဝလှသေးသည် ဟူသော
အကြောင်းဖြင့် ပျင်းရိခြင်းတို့ဖြစ်သည်။
၂၁ ရာစုခေတ်သည် သိပ္ပံနှင့် နည်းပညာတို့
အရှိန်အဟုန်ဖြင့် တိုးတက် လာသည်နှင့် အမျှ အရာ အားလုံးတို့သည်လည်း
အပြောင်းအလဲ မြန်ဆန်လှသည်။ တိုးတက် ကြီးပွားလိုသူ ဟူသရွေ့တို့သည် မိမိတို့၏
အချိန်ကို အကျိုးရှိစွာ အသုံးချ တတ်ကြရမည် ဖြစ်သည်။ လောကတွင် ရှိသမျှသော
အဖိုးတန် ဆိုသည်တို့ထက် အဆပေါင်း မြောက်မြားစွာ တန်ဖိုးရှိသော အချိန်ကို
ကောင်းစွာ အသုံး ချတတ်မှသာ အောင်မြင် တိုးတက် ကြီးပွားချမ်းသာမှု
ရရှိနိုင်မည်ဖြစ်သည်။
လုံ့လ ဝီရိယ စိုက်ထုတ်၍ ကြိုတင်
ပြင်ဆင်ခြင်းဖြင့် အောင်ပွဲ ဆင်နိုင်ကြောင်း ဥပမာ အဖြစ် ရှင်နာဂ
သေနမထေရ်နှင့် မိလိန္ဒ မင်းကြီးတို့ အမေးအဖြေ သာဓက ရှိခဲ့သည်။
မိလိန္ဒမင်းကြီး၏ လုံ့လ ဝီရိယနှင့် သက်ဆိုင်သော မေးခွန်းကို အရှင် နာဂသေနက
ပြန်လည် ဖြေကြားရာ၌ ''မင်းကြီး အမှုကိစ္စ ပေါ်ပေါက်မှ ပြုအပ်သော လုံ့လ
ဝီရိယတို့သည် အမှုကိစ္စတို့ကို ပြီးစီးတတ်သည် မဖြစ်။ အမှုကိစ္စ မရောက်မီ
မတွေ့မီအခါ ရှေးဦးစွာက ပြုအပ်သော လုံ့လ ဝီရိယသာလျှင် အမှုကိစ္စတို့ကို
ပြီးစီး စေတတ်၏။ မင်းကြီး ဥပမာ သော်ကား မင်းကြီးသည် အကြင်အခါ၌
ရေမွတ်သိပ်သည် ဖြစ်အံ့။ ထိုအခါ ရေသောက်အံ့သောငှာ ရေတွင်း ရေကန်တို့ကို
မတူးချေ။ ရှေးဦးစွာမှသာလျှင် ရေကို သောက်ရချေမည်။ မင်းကြီး
စစ်ထိုးအံ့သောငှာ ရန်သူပေါ်လာအံ့။ ထိုအခါ မင်းကြီးသည် မြို့၊ ကျုံး၊
တံတိုင်း(ပြအိုး)၊ ပစ္စင်ရင်တားတို့ကို ပြုလုပ်အံ့လော။ မျိုးရိက္ခာ
စပါးတို့ကို စုရုံးအံ့လော။ ထိုအခါ ဆင်အတတ်၊ မြင်းအတတ်တို့ကို သင်အံ့လောဟူ၍
ပြန်လည် မေးမြန်းသည်။ မိလိန္ဒ မင်းကြီးက ''အရှင်ဘုရား ထိုသို့ မဟုတ်ပါ။
ရှေးဦးစွာက အမှုတို့ကို ကြိုတင်၍ ပြုရချေသည်''ဟု လျှောက်ထားသော်
ရှင်နာဂသေနက'' မင်းကြီး ထို့အတူ အခါမရောက်မီက စ၍ ပြုအပ်သော လုံ့လ ဝီရိယသည်
သာလျှင် အမှုကိစ္စတို့ကို ပြီးစီး စေနိုင်၏။ ထို့ကြောင့် အမှုကိစ္စ မရှိမီက
ရှေးဦးစွာ လုံ့လ ဝီရိယ ပြုအပ်သည်'' ဟု မိလိန္ဒ မင်းကြီးအား ရှင်းလင်း
ဖော်ပြ ဆုံးမတော်မူခဲ့သည်။
လုံ့လ ဝီရိယ စိုက်ထုတ်ရာ၌ အကြောင်းအကျိုး၊
အကောင်းအဆိုးတို့ကို ပိုင်းခြား ဝေဖန်နိုင်စွမ်း ရှိရပေမည်။ ဆင်ကန်းသည်
လမ်းမှန်းမသိ၊ တောချုံမှန်းမသိ ဇွတ်တိုး၍ သွားသကဲ့သို့ ဥာဏ် အမြော်အမြင်
နည်းပါးသူသည် အမှန်အမှားကို မသိ၊ ထင်ရာမြင်ရာ ပြောဆို ပြုမူတတ်ကြသည်ကို
ရည်ညွှန်း၍ စာဆို ရှင်မဟာ ရဋ္ဌသာရက ''ကျစ်လျစ်မရှိ၊ အငြိငြိတည့်၊
ဟုတ်လိနိုးနိုး၊ ဆင်ကန်းတိုးသို့''ဟူ၍ ဥပမာ ခိုင်းနှိုင်းခဲ့သည်။
သို့ဖြစ်၍ ကြီးပွား တိုးတက်လိုသူတိုင်းသည်
အပျင်းခြောက်ပါးကို ရှောင်၍ လုံ့လဝီရိယ စိုက်ထုတ်ကာ အစား ပြန်မရနိုင်သည့်
တန်ဖိုးရှိသော အချိန်တို့ကို အသုံးချ၍ မိမိ သူတစ်ပါး ကြီးပွား
တိုးတက်ရေးအတွက် အမြော် အမြင် ရှိရှိဖြင့် ဆောင်ရွက် ကြရမည် ဖြစ်ပေသည်။
Written by အာယု
မြ၀တီ မှမျှဝေဖေါ်ပြသည်
No comments:
Post a Comment