
အမေရိကန် အမျိုးသားအာကာသ သိပ္ပံအေဂျင်စီ (နာဆာ) သည် အာကာသတွင်း၌ ရှိသော ဥက္ကာခဲများအား မိုင်းဖြင့် ဖောက်ခွဲကာ တန်ဖိုးကြီးသော ရတနာများ ရှာဖွေနိုင်မည့် နည်းလမ်းအတွက် ဖြစ်နိုင်ချေ ရှိ၊ မရှိကို သိရှိရန် ထောက်လှမ်းရေး ခရီးစဉ် တစ်ရပ်ကို စတင်တော့မည် ဖြစ်ကြောင်း သိရသည်။ အာကာသ သိပ္ပံပညာရှင်များ၏ သုံးသပ်မှုအရ အာကာသအတွင်း၌ ရွေ့လျားနေသော ဥက္ကာခဲ၊ ဥက္ကာပျံ စသည့် အရာများထဲတွင် ရွှေ၊ ငွေ၊ စိန် အစရှိသည့် တန်ဖိုးကြီး သတ္တုများ ရှိနေနိုင်ကြောင်း သိရပြီး ယင်း အရာများအား ဖောက်ခွဲရန် နည်းလမ်းကို စဉ်းစားခဲ့ရာမှ ယခုကဲ့သို့ လက်တွေ့ အကောင်အထည် ဖော်ရန်
စီစဉ် လာခဲ့ခြင်းလည်း ဖြစ်သည်။ နာဆာ၏ထုတ်ပြန်ချက်အရ ၎င်းတို့အနေဖြင့် စုံစမ်းထောက်လှမ်းရေး ခရီးစဉ်ကို ၂၀၁၆ ခုနှစ်တွင် ပြုလုပ်သွားရန် စီစဉ်ထားပြီး ၂၀၁၈ခုနှစ်တွင် ဂြိုဟ်သိမ် ဘန်နူသို့ ရောက်ရှိပြီး လေ့လာနိုင်မည်ဟု သိရသည်။
အဆိုပါ ခရီးစဉ် အောင်မြင်မှုရခဲ့လျှင် ကမ္ဘာပေါ်တွင် ရတနာပစ္စည်း ကြွယ်ဝမှု များစွာ ပိုမိုမြင့်မားလာမည်ဟု ပညာရှင်များက သုံးသပ်ထားကြပြီး တိုးတက်လာသည့် နည်းပညာများကြောင့် ဂြိုဟ်သိမ်များ၊ ဂြိုဟ်မွှားများနှင့် ဥက္ကာခဲ၊ ဥက္ကာပျံများထံမှ အဖိုးတန် ရတနာပစ္စည်းများကို ဖော်ထုတ်နိုင်မည်ဟု ယုံကြည်နေကြသည်။ ၎င်းတို့၏ လေ့လာမှုတွင် သံနှင့် ကြေးကဲ့သို့ အရာများ တည်ရှိပြီး ဖြစ်သော်လည်း ရွှေနှင့် ပလက်တီနမ် စသည့် အရာများလည်း ရှိနိုင်သည် ဟု သိရသည်။ ၁၀ မီတာ ၀န်းကျင် ရှိသည့် ဂြိုဟ်သိမ်တစ်ခုတွင် အလေးချိန် ၁,၄၃၃,၀၀၀ ပေါင်ရှိပြီး ယင်းအထဲတွင် ပေါင် ၁၁၀ မှာ ရွှေနှင့် ပလက်တီနမ်တို့ ဖြစ်ကြောင်း အယ်ရီဇိုးနားတက္ကသိုလ်မှ ပညာရှင် တစ်ဦး ဖြစ်သူ ဒန်တီက ဆိုသည်။ ယခုအစီအစဉ်ကို ငါးနှစ်အတွင်း အကောင်အထည် ဖော်နိုင်ရန် နာဆာက မဟာဗျူဟာ ချမှတ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
Swe Sone Media Group မှမျှဝေဖေါ်ပြသည်
No comments:
Post a Comment