*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 19 September 2013

မြန်မာနိုင်ငံ အနေဖြင့် နျူကလီးယား စွမ်းအင်ကို လက်နက်ထုတ်လုပ်ရန် အတွက် မဟုတ်ဘဲ ငြိမ်းချမ်းစွာ အသုံးပြုရန်သာ ရည်ရွယ် ထားကြောင်း


မြန်မာနိုင်ငံ အနေဖြင့် နျူကလီးယား စွမ်းအင်ကို လက်နက်ထုတ်လုပ်ရန် အတွက် မဟုတ်ဘဲ ငြိမ်းချမ်းစွာ အသုံးပြုရန်သာ ရည်ရွယ် ထားကြောင်း သြစတြီးယားနိုင်ငံ ဗီယင်နာမြို့ ရှိ နိုင်ငံတကာ အဏုမြူ စွမ်းအား အေဂျင် စီ (IAEA) ရုံးချုပ် တွင် ကျင်းပသည့် အစည်းအဝေးတွင် မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏ မောင်လွင်က ပြောကြား သည်။ 
 
အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မိန့်ခွန်း ပြောကြားရာ၌ အဆိုပါ အချက်ကို ထည့်သွင်း ပြောကြားခြင်းဖြစ်ပြီး ထိုကဲ့သို့ ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရေး အတွက် မြန်မာနိုင်ငံကို အကူအညီ ပေးကြမည်ဟု မျော်လင့်ကြောင်းလည်း ပြောကြား သည်။
 
 ''မြန်မာနိုင်ငံ အနေနဲ့ နျူကလီးယား လက်နက် မပြန့်ပွားရေးနဲ့ နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေးကို ဦးတည်ချက် ထားပါတယ်။ အဲဒီအတွက် အခုလို အကူအညီတွေနဲ့ ပူးပေါင်းဆောင်ရွက် မှုတွေလည်း အနာ ဂတ်မှာ ဆက်လက်ရှိနေ လိမ့်မယ်လို့ ကျွန်တော် အသေအချာ မျှော်လင့်ပါတယ်'' ဟု ဦးဝဏ္ဏမောင်လွင်က မိန့်ခွန်း၌ ထည့်သွင်းပြောကြားသည်။ ထို့ပြင် နိုင်ငံခြားရေး ၀န်ကြီးက မြန်မာနိုင်ငံ အနေဖြင့် နျူကလီးယား စွမ်းအင်ကို လက်နက်အဖြစ် အသုံးပြုခြင်းကို ဆန့်ကျင်ကြောင်းနှင့် နျူကလီးယား လက်နက် ဖျက်သိမ်းရေး၊ နျူကလီးယား လက်နက် မပြန့်ပွားရေး တို့တွင်လည်း မြန်မာနိုင်ငံ အနေဖြင့် တက်ကြွစွာ ပူးပေါင်းဆောင် ရွက်လျက် ရှိကြောင်း ဆက်လက် ပြောကြားသည်။
 
 ''နျူကလီးယား လက်နက်တွေ နဲ့ အဖျက်စွမ်းအား ကြီးမား တဲ့ လက်နက်တွေ ဟာ လူသား မျိုးနွယ် တည်ရှိနိုင် မှုအပေါ် အကြီးမားဆုံး ခြိမ်းခြောက်နေတဲ့ အရာ များ ဖြစ်တယ် လို့ မြန်မာနိုင်ငံ အနေနဲ့ ယူဆပါတယ်။ အဲဒီအတွက် နျူကလီးယား လက်နက် ဖျက်သိမ်းရေးနဲ့ မပြန့်ပွားရေးတို့မှာ မြန်မာနိုင်ငံ က ပူးပေါင်းဆောင်ရွက် လျက် ရှိပါတယ်။ နျူကလီးယား လက်နက် ဖျက်သိမ်း ရေးဟာ မြန်မာနိုင်ငံ အတွက် အဓိက ဦးစားပေးပဲ ဖြစ်ပါတယ်။ 
 
ဒီအတွက် လည်း နျူကလီးယား လက်နက် ဖျက်သိမ်းရေးနဲ့ မပြန့်ပွားရေး အဖွဲ့များ မှာ မြန်မာက တက်ကြွ စွာ ပါဝင် လုပ်ဆောင်လျက် ရှိပါတယ်'' ဟု နျူကလီးယား လက်နက် အသုံးပြုရန် ရည်ရွယ် ချက် မရှိကြောင်းနှင့် ပတ်သက်၍ ၎င်းက ထည့်သွင်း ပြောကြားသည် ။နျူကလီးယား စွမ်းအင်ဆိုင်ရာ လုံခြုံစိတ်ချရမှု လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍လည်း မြန်မာနိုင်ငံနှင့် နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီတို့ သဘောတူညီချက် ရရှိခဲ့ပြီဖြစ်ပြီး မြန်မာနိုင်ငံ အနေဖြင့် လုံခြုံစိတ်ချရမှု လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီအောင် ပြင်ဆင်ဆောင်ရွက်မည် ဖြစ်ကြောင်း လည်း ဦးဝဏ္ဏမောင်လွင်က ထည့်သွင်း ပြောကြားသည်။
 
''ပြင်ဆင်ဆောင်ရွက်မှု တွေထဲမှာ ငြိမ်းချမ်းစွာ အသုံးပြုရေးအတွက် ဥပဒေရေးဆွဲခြင်းနဲ့ နျူကလီးယား ထိန်းသိမ်းကိုင်တွယ်မယ့် အဖွဲ့အစည်းကိုလည်း ဖွဲ့စည်းမှာ ဖြစ်ပါတယ်။ အားလုံးပြင်ဆင်ပြီးပြီဆိုရင် IAEA အဖွဲ့ကို အကြောင်းကြားမှာပါ'' ဟု ပြင်ဆင်မှု များနှင့် ပတ်သက်၍ ပြောကြားသည်။စစ်အစိုးရ လက်ထက်တွင် နျူကလီးယား လက်နက်များ တည် ဆောက်ရန် ကြိုးပမ်းနေသည်ဟု ယူဆရသော သံသယများကို ရှင်းလင်းနိုင်ရန်အတွက် မြန်မာနိုင်ငံ တွင် အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်နိုင်မည့် သဘောတူညီချက်ကို အင်္ဂါနေ့တွင် IAEA ရုံးချုပ်၌ IAEA အကြီးအကဲ Yukiya Amano နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ လက်မှတ်ရေးထိုး ခဲ့ကြ သည်။ 
 
စစ်တပ်က နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သော မြန်မာနိုင်ငံတွင် ယခင်စစ်အစိုးရ လက်ထက်၌ မြောက် ကိုရီးယားနှင့် ပူးပေါင်း၍ နျူကလီးယား လက်နက်များ တည်ဆောက်ရန် ကြိုးပမ်းခဲ့သည်ဟူသော စွပ်စွဲချက် များ ထွက်ပေါ်ခဲ့ဖူးသည်။ ယခုသဘော တူညီချက်အရ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ(IAEA)မှ စစ်ဆေးရေး အရာရှိများသည် မြန်မာနိုင်ငံရှိ နျူကလီးယား ထုတ်လုပ်ရန် ကြိုးစားနေသည်ဟု ယူဆရသော စက်ရုံများအပေါ် စစ်ဆေးကြည့်ရှုခွင့် ရမည်ဖြစ်သည်။
9/19/2013 08:30:00 AM  ပြည်တွင်းသတင်း(ပြည်ပမီဒီယာ)
Eleven Media Group                Today Myanmar မှမျှဝေဖေါ်ပြသည်

No comments:

Post a Comment