အားလုံးနီးပါး ကြားဖူးကြလိမ့်မယ် ထင်ပါတယ်။ စိုင်းထီးဆိုင်က ဘယ်လိုဆိုထားလဲ
“လူဆိုတာတစ်ယောက် စီမနေနိုင်တဲ့ သတ္တ၀ါတွေပဲ”တဲ့။ ဟုတ်တာပေါ့၊ မိသားစု သို့မဟုတ်
ကြင်ဖော်ကြင်ဖက် သို့မဟုတ် သူငယ် ချင်း အပေါင်းအသင်းတွေနဲ့ အတူနေ-နေရတဲ့ လောကကြီးလေ။
လူဟာ တစ်ယောက်နဲ့တစ်ယောက် တစ်ဦး နဲ့တစ်ဦး အကြိုက်တွေ၊ သဘောထားတွေ၊ အမြင်တွေ
မတူညီကြဘူးဆိုတာ အားလုံးရဲ့ အသိ။
မွေး တုန်းက ပါလာတဲ့ ကွဲပြားတဲ့စရိုက်ကြောင့်လည်း
ဖြစ်နိုင်တယ်။ တစ်ချို့က ရာဂစရိုက်အားကြီး တယ်။ တစ်ချို့ က
ဒေါသ စရိုက်အားကြီးတယ်စသည်ဖြင့် အမျိုးမျိုးပေါ့လေ။ “မုဆိုးနားနီး မုဆိုး၊ တံငါနားနီးတော့
တံငါ”ဆို တဲ့ စကားအတိုင်းပဲ ကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင်ကြောင့်လည်းစရိုက်တွေ အမျိုးမျိုးပြောင်းလဲ သွားနိုင် ပါတယ်။
မစိုးရိမ်တိုက်သစ်ကြီးများ၏ ပဓာနမဟာနာယကချုပ် ဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ
ဘာမိန့်လဲဆိုတော့ "ဘုန်းကြီးတို့ မြန်မာလူမျိုးတွေ ကမ္ဘာအရပ်ရပ်
နေရာအရပ်ရပ်မှာ နေကြတာရှိတယ်။ များသောအားဖြင့် မြန်မာတွေက မတည့်တာများတယ်။ အဲဒါ
အတော်စိတ်ပျက်စရာ ကောင်းတယ်။ တစ်နိုင်ငံမှာ တစ်ယောက်တည်းရှိရင်တော့ တည့်မှာပေါ့။
နှစ်ယောက်လောက်ရှိရင် မတည့်တော့ ဘူး။ နောင်ဆိုရင် တစ်ယောက်တည်းကိုပဲ ကိုယ့်အရိပ်နဲ့ကိုယ်
ရန်ဖြစ်ကြမလားမသိဘူး။ မြန်မာတွေမှာ အဲဒီအကျင့် လေးတွေရှိနေတယ်။ အဲဒါကို
ဖျောက်ဘို့လိုတယ်"တဲ့။ (မူရင်း ဖဘက)
ဒေါသဆိုလို့ ဒေါသတအားကြီးတဲ့ ဒကာကြီးတစ်ယောက် တွေ့ဖူးတယ်။ သူက ဒေါသကြီးရုံ
တင်မ ဟုတ်သေးဘူး။ အငြိုးအတေးလည်း မဟာ့မဟာပဲ။ ရှင်းပြမခံဘူး၊ စကားပြောရင် “ဒီမှာ
တပည့်တော်ပြော ဦးမယ်၊ တပည့်တော်ပြောဦးမယ်”ဆိုတာချည်းရယ်။ သူနဲ့တစ်နေရာရာမှာ
အတူသွားရင် လမ်းကလူတွေနဲ့ မကြာခဏအော်ဟစ်ဆဲဆိုကြတယ်။ မကျေနပ်စရာလေးတွေဟာ
ဒိုင်ယာရီစာအုပ်ထဲ မှတ်မထားပေမယ့် ရေး မှတ်ထားတာထက် ပိုပြီးတိကျတယ်လို့တောင်
ယူဆရတယ်။ ဘယ်သူနဲ့ဘယ်တုန်းက အဲဒီလူက အဲဒီ ဘုန်းကြီးက ဘယ်လိုပြောတယ် ဘယ်လို
အခြေအနေမျိုးမှာ ရှိတယ်ဆိုတာတွေ ကြုံရင်ကြုံသလို သူ့ဆီက နားထောင်ပေးရတယ်။ ဒါပေမယ့်
တစ်ဖက်သားကို အရမ်းကူညီတတ်တယ်။ ကူညီတတ်တယ်ဆိုပေမယ့် ချိန်ခွင်နဲ့ချိန်လိုက်ရင်
အမည်းရောင်ဘက်က အများကြီးသာနေလို့ အမည်းရောင်လို့ပဲ သတ်မှတ်ခံရတယ်။ တကယ်ဆို
အဖြူနဲ့အမည်းရောရင် မီးခိုးရောင်ထွက်ရမှာလေ။
တစ်အိမ်တည်း၊
တစ်ခန်းတည်း အတူနေရပြီ၊ အတူနေပြီဆိုရင်ဖြင့် ပစ္စည်းပစ္စယ ထားတာ၊
ပြူတင်းပေါက် ဖွင့်တာပိတ်တာ၊ အိုးခွက်ဆေးကြော တာကစလို့ အသေးအဖွဲကိစ္စလေးပဲဖြစ်ဖြစ်
သဘောထား မတိုက်ဆိုင် မှုတွေ၊ အလိုမကျမှုတွေ ဖြစ်တတ်ကြမှာပဲ။ အိုးခွက်ဆေးတာဆိုလို့
စားခါနီး ထမင်းပန်းကန်ကို ဆပ်ပြာနဲ့  တိုက်ပြီး သေသေချာချာဆေးပြီးမှ စားတတ်တာ
နှစ်ယောက်တွေ့ဖူးတယ်။ အခုစာရေးသူရဲ့အယူ အဆတော့ မလိုအပ်ဘူးလားလို့ ယူဆတယ်။
ဘာကြောင့်လဲဆိုရင် စားပြီးကတည်းက ဆပ်ပြာနဲ့ ဆေး ထားပြီးသားလေ။ စားခါနီးကျလို့ရှိရင်
ရေကျင်းလိုက် ရင် အိုကေပြီလို့ ထင်မိလို့ပါ။
ပုထုဇဉ်မှန်ရင် အဲဒါကို ငြင်းလို့ရမှာ မဟုတ်ဘူး။ တစ်ယောက်နဲ့တစ်ယောက်
ချစ်လို့၊ သံယောဇဉ်ကြီး မားလို့ ပေါင်းသင်းနေထိုင်ကြတဲ့ လင်မယားတွေတောင်မှ
အလိုမကျမှုတွေ ဖြစ်ကြသေးတာပဲ။ တစ်နယ်တစ်ကျေးဆီက လာတဲ့ ဘာသာစကားမတူ၊ လူမျိုးခြားလည်းဖြစ်နေပြီး
အကြောင်းအမျိုးမျိုးကြောင့် အတူနေထိုင်ရတဲ့ သူငယ်ချင်းတွေဆိုတာ အထူးပြောစရာတောင်
လိုမယ်မထင်ပါဘူး။ နိုင်ငံခြားမှာ ကျောင်း တက်နေတဲ့လူတွေ၊ နိုင်ငံခြားမှာ
အလုပ်လုပ်တဲ့သူတွေ သူငယ်ချင်းရောင်းရင်းတွေနဲ့ နေရတာ များပါလိမ့် မယ်။
သေးငယ်တဲ့အဖွဲ့အစည်း ပဲဖြစ်ဖြစ်၊ ကြီးမားတဲ့အဖွဲ့အစည်းပဲဖြစ်ဖြစ်
တစ်ယောက်နဲ့တစ်ယောက် ပွင့်လင်းမြင်သာမှုရှိပြီး ဆွေးနွေးနိုင်၊
ညှိုနှိုင်းနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့။ ပွင့်လင်းမြင်သာမှုမရှိဘဲ
တစ်ယောက်နဲ့တစ်ယောက် အထင်တွေလွဲ၊ အဲဒီအထင်လွဲမှုလေးက တဖြေးဖြေးနဲ့ ကြီးထွားလာ
မယ်ရင် အဲဒီအဖွဲ့အစည်း အဲဒီ Group မှာ မငြိမ်းချမ်းတော့ဘူး။
လူတိုင်းမှာ အားသာချက်တွေ အားနည်းချက်တွေ ရှိကြတာချည်းပါပဲ။
ဦးနှောက်တစ်လုံးတည်း နဲ့ နိုင်ငံ အုပ်ချုပ်ဖို့ဆိုတာ မဖြစ်နိုင်သလို
ဦးနှောက်တစ်လုံးတည်းနဲ့ အိမ်မှုကိစ္စအားလုံးကို ပြီးလိမ့်မယ်လို့ မထင်နဲ့။ ထင်ရင်
မှားသွားလိမ့်မယ်။ အလိုမကျတာ၊ မနှစ်သက်တာ၊ သဘောမကျတာတွေ တွေ့နိုင်ပါ တယ်။
တွေ့လို့ ရှိရင်…
No one is perfect.
“လုံးဝပြီးပြည့်စုံတဲ့လူဆိုတာ ရှိမှမရှိဘဲ”ဆိုတာလေးကို အရင်ဆုံးသတိ ရလိုက်ပါ။
သူ့ကောင်းကွက်လေး၊
သူ့အားသာချက်လေးကို မြင်အောင်ကြည့်လိုက်ပါ။
အရှင်ဆေကိန္ဒဟောသလို “သူမှ
ငါမဟုတ်ဘဲကိုး”ဆိုတာကို အောက်မေ့လိုက် ကိုယ့်ရဲ့အားနည်းချက် ကို ပြန်မြင်ယောင်ကြည့်ပါ။
“အို ငါဒေါသထွက်နေတုန်း
စကားပြောရင် အမှားတွေပဲ ပြောနေမိမယ်။ တစ်နေရာရာကို
ခဏရှောင်ပြေး ဦးမှဖြစ်မယ်”ဆိုပြီး တစ်နေရာရာကို ခဏတဖြုတ်သွားပြီး
အာရုံပြောင်းချင်ပြောင်းနေ လိုက်ပါ။ ဒါဆိုရင် တင်းနေတာလေးတွေ လျော့သွားပါ
လိမ့်မယ်။ သို့မဟုတ် ပျောက်သွားပါ လိမ့်မယ်။
ဒါပေမယ့် အကောင်းဘက်လွန်တဲ့ပုဂ္ဂိုလ်၊
အဆိုးဘက်ချည်းယိုင်နေတဲ့ပုဂ္ဂိုလ်တွေတော့ ရှိတာပေါ့။
အကောင်းဘက်လွန်တဲ့ပုဂ္ဂိုလ်ဆိုတာက ဘယ်သူနဲ့မှ ပြဿနာ မဖြစ်ပဲ အေးဆေးနေ တဲ့ပုဂ္ဂိုလ် အေးဆေးနေ တယ်ဆိုပေမယ့်
လူမှုရေးကိစ္စမှာ စိတ်ပါဝင်စားစွာ တက်တက်ကြွကြွရှိတဲ့ ပုဂ္ဂိုလ်ကို ပြောပါတယ်။
သူများကို ဦးစားပေးတတ်တယ်။ ဥပမာ တစ်နေရာရာကို ခရီးအတူသွားတယ်ဆိုပါစို့ သူက
ထိုင်ခုံကောင်းကို မလုတတ် တဲ့သူ တစ်ဘက်သားက မထိုင်ချင်တဲ့နေရာကို
ထိုင်ပေးတတ်တဲ့သူပေါ့။ ပြီးတော့ တစ်ယောက်ယောက်က သူများအပြစ်တွေကို
သူ့ဆီဖောက်သည်ချရင် အားနာပါးနာနဲ့မို့ တစ်ခွန်းနှစ်ခွန်းလောက်တော့ နားထောင်ပေးတယ်။
ပြောနေတုန်းရှိသေး တခြားအကြောင်းပြချက်နဲ့တစ်နေရာရာ ကို ရှောင်ထွက်သွား တတ်တယ်။
အဲဒီလိုပုဂ္ဂိုလ် ရှားပါးပါတယ်။ သူ့ရဲ့အတ္တသီးတွေကို အရွက်တွေနဲ့ ဖုံးကွယ်ထားတယ်။
အဆိုးဘက်ချည်းယိုင်နေတဲ့ပုဂ္ဂိုလ်ကတော့ ပြောစရာမလိုတော့ပါဘူးနော်။
ဘာပဲဖြစ်ဖြစ် အဆိုး ချည်းမြင်နေ တတ်တဲ့ပုဂ္ဂိုလ်။ အားနည်းချက်ကို မကောင်းမှု၊ အားသာချက်ကို ကောင်းမှုလို့ တင်စားပြောမယ်ဆိုရင်
အားနည်း ချက်နဲ့ အားသာချက်ရောနေတဲ့ ပုဂ္ဂိုလ်တွေက များမယ် ထင်ပါတယ်။
တစ်ချို့ပုဂ္ဂိုလ်တွေဟာ အကောင်းမြင် စိတ်က ၁၀% သာရှိပြီး အဆိုးမြင်စိတ်က ၉၀%
ရှိတတ်တယ်။ အဲဒီလိုပုဂ္ဂိုလ်မျိုးလည်း တွေ့ရတတ်ပါတယ်။ နေရာတိုင်း အကောင်းဘက် ချည်း
မြင်ရမယ်လို့ မဆိုလိုပါ။ အကောင်းကိုတော့ အကောင်းအတိုင်းမြင်ပြီး အဆိုးကိုတော့
အဆိုးတိုင်းပဲ မြင်သင့်ပါတယ်။ အဆိုးကို အကောင်း လို့ မြင်နေရင်တော့ မှားသွားမှာပေါ့။
အလိုမတူတာ၊
အကြိုက်ကွဲပြားနေတာနေတာကစပြီး ပြဿနာဆိုတာ ဖြစ်လာရတာပဲ။ အဆင်ပြေမှုကို
မရှေးရှုဘဲ သူ့မာနကိုယ့်မာန မာနတွေ ပြိုင်မှန်းမသိ ပြိုင်နေမိလို့
ပြဿနာတွေဖြစ်လာတာပါ။ သူရောက်လာရင်
လှပတဲ့ဖြေရှင်းနည်းလေးတွေ၊ တုန့်ပြန်မှုလေးတွေနဲ့ တုံ့ပြန်နိုင်ကြပါစေ...
From...တောက်ပကြယ်စင်
No comments:
Post a Comment