အားလုံးသိတဲ့အတိုင်းပဲ ကျနော်တို့အားလုံး အာဏာရှင်စနစ်အောက်မှာ ရာစုနှစ်ဝက်လောက်နေလာ ခဲ့တော့ ကျနော်တို့ရဲ့မသိစိတ်ရဲ့ တစ်နေရာမဟုတ်၊ တစ်နေရာမှာ အာဏာရှင်စိတ်မျိုး ကိန်းအောင်းနေတတ် တယ် ။ ပြန်စဉ်းစားကြည့်ရင်ပေါ်တယ်။ ကျနော်တို့ ငယ်ငယ်ကတည်းက မိဘနဲ့ ဆရာသမားတွေရဲ့ အုပ်ထိန်း ကွပ် ညှပ်မှုနဲ့ ကြီးပြင်းလာတယ်။
ကျနော်တို့ မိဘ၊ ဆရာတွေကလည်း အာဏာရှင်စနစ်အောက်မှာ အလုပ်လုပ် ခဲ့ကြရတယ်။ အဲတော့ သူတို့ လည်းပဲ အမိန့်၊ အာဏာ၊ တင်းကြပ်မှုနဲ့ ဖိအားတွေအောက်မှာ ရှိ တယ်။ သူတို့ အလုပ်ခွင်မှာလည်း အထက်အောက် အဆင့်အလိုက် အမိန့်အာဏာနဲ့ အုပ်ချုပ်တာကို တစ်နည်းမဟုတ် တစ် နည်း ခံရတယ်။
ဒါပေမဲ့ သူတို့ခံနေရတာကို အထက်ကိုပြန် တုံ့ပြန်ဖို့ကျ မလွယ်ဘူး။ စိတ်ထဲမှာပဲ မြိုသိပ်ထား ရတယ်။ အဲတော့ သူ့ပတ်ဝန်းကျင်မှာ သူနိုင်တယ်လို့ ထင်ရတဲ့သူ၊ နယ်ပယ်ရောက်တဲ့အခါ စိတ်ထဲ မှာ အောင်းထားတဲ့ မကြေနပ် စိတ်က ပွင့်ထွက်လာတတ်တယ်။
အဲဒီမှာ တွေ့တဲ့လူကို ကိုယ့်စိတ်ထဲရှိတဲ့ ဒေါသဖွင့်ထုတ်မိရော။ ဆိုးတာက တချို့ဆို ကိုယ်ငေါက် လို့ရ တဲ့နေရာမှန်သမျှ လူမှန်သမျှကို စွပ်ငေါက်၊ စွပ်ဟောက်၊ စွပ်ဖိနှိပ်လုပ်တော့တာပဲ။ အဲလိုလုပ်ရင်းနဲ့ သူခံခဲ့ ရတာကို ဖြေဖျောက်နေတာလေ။ ကြာလာတော့ အဲဒီအကျင့်ဆိုးက စွဲသွားရော။
ကျနော်တို့ကိုယ်တိုင်လည်း ကျနော်တို့ ခံခဲ့ရတာကို တစ်နေနေရာမှာ ပြန်နှံချင်စိတ် အလိုအလျောက်ဖြစ် မိတယ်လေ။အဲတော့ ပြောရရင် အာဏာရှင်စနစ်အောက်မှာ နေရတဲ့ ကျနော်တို့အားလုံးမှာ အာဏာရှင်စိတ် ကိုယ်စီ ရှိနေတယ်ဆိုတာပေါ့။
ဒီမိုကရေစီစနစ်မှာလည်း အဲလိုပုံစံမျိုး လုံးဝကြီးပျောက်မသွားဘူး။ ရှိသေးတယ်။ အမေရိကန်ပြည်ထောင် စုလို ဒီမိုကရေစီစနစ် ကျင့်သုံးလာတာ နှစ်၂၀၀ကျော် သက်တမ်းရှိတဲ့ နိုင်ငံမျိုးမှာတောင် အဲဒီလို အမိန့် အာဏာနဲ့ ရာထူးနဲ့ လုပ်ပိုင်ခွင့်နဲ့ ပြောဆိုဆက်ဆံမှုတွေ ရှိနေသေးတယ်။
အထူးသဖြင့် ဗြူရိုကရေစီ ယန္တရား မှာ အတွေ့ရများတယ်။ ကျနော်တို့နိုင်ငံကတော့ ပြော မနေနဲ့။ ဆေးရုံ တံခါးစောင့်ကတောင် မအူ မလည် တောကတက်လာတဲ့ သူတွေကို မထင်ရင် မထင်သလို ငေါက်နေတာ။ ကျန်တဲ့နေရာတော့ ပြော မနေနဲ့။ သံရုံးတွေမှာလည်း ဒီလိုပဲ။
မြန်မာဝန်ထမ်းတွေ က နိုင်ငံခြားသားဝန်ထမ်းထက် ပိုပြီး ဆက်ဆံရခက်တယ်။ ငေါက်ချင်တယ်။ ဗီဇာဌာနတွေ ဆိုတော့ လူအများနဲ့ အမြဲဆက်ဆံနေရတော့ စိတ်တိုတာလည်း ပါမှာပေါ့။ ဒါပေမဲ့ သူတို့ကိုယ် စားပြုနေတဲ့ သံရုံးရဲ့ ဥပဓိကို ထိခိုက်သွားနိုင်တယ်ဆိုတာ မစဉ်းစားဘူး။ မြန်မာဖြစ်နေတာကိုး။ အဲလိုပြောလို့ ကျနော်တို့မြန်မာတွေကို အထင်သေးအမြင်သေးသဘော မဟုတ်ဘူး။ ကျနော်တို့ရဲ့ မကောင်းတဲ့ ညဉ်စရိုက် ကို သတိထားမိအောင် ထောက်ပြတဲ့သဘော။
ကျနော်ဆို ပြီးခဲ့တဲ့ ၂နှစ်က အကြောင်းကိစ္စတစ်ခုနဲ့ တရုတ်ပြည်သွားဖို့ အကြောင်းဖန်တယ်။ သက်ဆိုင်ရာ သံရုံး ယဉ်ကျေးမှုဌာနက တစ်ဆင့် ဖိတ်တာ။ သံရုံးကို ဗီဇာသွားလုပ်တော့ ဗီဇာကောင်တာမှာထိုင် တဲ့ မြန်မာ စကားပြော တရုတ်မက ဗီဇာလာလုပ်တဲ့ ၇ ရက်သားသမီးအားလုံးကို အပေါ်စီးကနေ မယဉ်မကျေး၊ မချေမငံ လုပ်နေတာနဲ့ ကျနော်နဲ့ တွေ့တော့တာပေါ့။ ကျနော့်ရှေ့က လူအားလုံးကို အဲလိုပြုမူ ဆက်ဆံနေတာမြင်နေ ရတော့ ကျနော် နည်းနည်း တင်းနေပြီ။ ကျနော်အလှည့်မှာလည်း အဲဒီအတိုင်းလုပ်တာပဲ။
ဖြည့်ထား တဲ့ဖောင် ကို တစ်မျက်နှာချင်းလှန်ကြည့်ပြီး တစ်မျက်နှာချင်း ပြန်ပြင်ခိုင်းတယ်။ ၂ကြိမ်ပြန်ပြင်ပေးပြီး ဒီတစ်ခါ စာမျက်နှာအားလုံး သေချာကြည့်ပြီး တစ်ခါတည်းပြော၊ နောက် တစ်ခါဆို ပြင် မပေးတော့ဘူးလို့ ကျနော် ခပ်မှန်မှန်ပြောတော့ ကျနော့်ကို မျက်လုံးတစ်ချက်လှန်ကြည့်ပြီး ဖောင်ကို ပစ်ချ လိုက်တယ်။ ပြီးတော့ ခဏ ထိုင်စောင့်နေအုံးလို့ မာမာတင်းတင်းပြောလိုက်တယ်။
အဲဒီမှာ ကျနော်ပေါက် ကွဲတော့တာပဲ။ “ဘာလို့ ထိုင်စောင့်ရမှာလဲ။ မစောင့်ဘူး။ စစ်မပေးဘူးလား ပေးမှာ လားပဲပြော။ နင်တို့ နိုင်ငံ ကို ငါက သွားချင်လွန်းလို့များလာပြီး ခခယယ ဗီဇာလာလုပ်တယ် ထင်လို့လား။ နင်တို့ သံရုံးက ဖိတ်လို့ သွားမှာ။ နင်ငါ့ကိုတင်မကဘူး ဗီဇာလာတင်တဲ့လူတိုင်းကို မချေမငံပြောနေတာ ငါကြည့်နေတာကြာပြီ။ တရုတ်မက ဘာလူပါးဝတာလဲ။
ဒါမြန်မာပြည်။ ဒီတိုင်းပြည်ကိုလာပြီး ငါတို့နိုင်ငံသားတွေကို မစော်ကားနဲ့ ။ ပေး.. ငါ့ပတ်စ်ပို့စာအုပ် နဲ့ ဖောင်ပြန်ပေး။ နင်တို့နိုင်ငံလည်း ငါမသွားဘူး။ နောက်လည်း ဒီဗီဇာဌာနကို တစ်သက်လုံးမလာဘူးမှတ်” လို့ ပြောပြီး စာအုပ်ကို ပြန်ယူပြီး ထွက်လာခဲ့တယ်။ ကျနော်တို့ ရွှေမြန်မာအားလုံးကတော့ ဒီတရုတ်မ အဟိန်းအဟောက်ခံပြီး မျက်နှာငယ်လေးတွေ နဲ့ ဗီဇာဆက်စောင့်နေကြလေရဲ့။
ကျနော် ချက်ချင်းပဲ တရုတ်ယဉ်ကျေးမှု ကောင်စစ်ရုံးက ဒုကောင်စစ်ဝန်ကို ဖုန်းဆက်တယ်။ “ခင်ဗျားတို့ ဗီဇာဌာနက ကျနော်တို့နိုင်ငံသားအားလုံးကို ဒီလိုဆက်ဆံနေတာ ဘာသဘောလဲ။ ဒါ နိုင်ငံတစ်ခုရဲ့ ပထမဦး ဆုံး ဝင်ပေါက်။ အဲဒီဝင်ပေါက်မှာ ဒီလိုဆက်ဆံနေတာ ကျနော်တို့ကို ဘယ်လိုသဘောထားလို့လဲ။ ကျနော် တစ်ယောက်ထဲကို အခုလိုဆက်ဆံတာမဟုတ်ဘူး။ လာသမျှ မြန်မာအားလုံးကို အဲလိုဆက်ဆံနေတာ။
ဒါကို သိသိချည်းနဲ့ ခင်ဗျားတို့ သံရုံးမှာ ဒီလိုဝန်ထမ်းမျိုးကို ခန့်ထားတာ ဘာ့ကြောင့်လဲ။ ခင်ဗျားတို့ ဒီလိုဝန် ထမ်းကို ဒီလိုနေရာမှာ ခန့်ထားတာ ခင်ဗျားတို့ တိုင်းပြည် သိက္ခာကျမယ်ဆိုတာ မသိဘူးလား”လို့ ပြော လိုက် တယ်။ ဒုကောင်စစ်ဝန်က လက်အောက်ဝန်ထမ်းတွေဖြစ်တဲ့အတွက် သီးခံဖို့ ပြောတယ်။ ဗီဇာရအောင် သူ လုပ်ပေးပါ့မယ်။ ကျနော်သွားစရာမလိုပါဘူး။ သူလာယူပြီး လုပ်ပေးပါ့မယ်ပြောတယ်။
ကျနော်ကတော့ “ခင်ဗျားလည်း လာလုပ်ပေး မနေတော့နဲ့ ကျနော် မသွားတော့ဘူးလို့ ဆုံးဖြတ်ပြီးပြီ။ ကျနော်မသွားရလို့ လည်း ဘာမှဖြစ်မသွားဘူး။ ခင်ဗျားတို့ သံရုံး၊ ဗီဇာဋ္ဌာနကို ကျနော် မကျေနပ်ဖူး။ အဲဒီဝန်ထမ်းထက် အဲဒီ ဝန်ထမ်းကို ဒီလိုနေရာမျိုးမှာ ခန့်ထားတဲ့သူက ပိုတာဝန်ရှိတယ်။ ကျနော့်စိတ်ထဲမှာ တမင်သက် သက် မြန်မာတွေကို ဦးချိုးတယ်လို့ ခံစားရတယ်” လို့ တောက်လျှောက် ပြောပစ်လိုက်တယ်။
ပြည်သူလူထုကို ကိုယ်စားပြုတဲ့ အစိုးရမဟုတ်တဲ့ သူတွေက ပြည်သူလူထုကို ဘယ်လို ဝန်ဆောင်မှုပေး ရမယ်ဆိုတာ နားမလည်ဘူး။ အာဏာရှင်ခေတ်၊ အာဏာရှင်စရိုက်နဲ့ ပြည်သူကိုဆက်ဆံတာပဲ ကျင့်သားရနေ တယ်။
အဲတော့ ပြည်သူ့ရေးရာဝန်ဆောင်မှုဆိုတာကို နားမလည်ပဲ “ငါက မင်းတို့ကို စေတနာနဲ့ အရှုံးခံ လုပ်ပေးနေတာ ကျေးဇူးတင်ကြ”ဆိုတဲ့ အထက်စီးပုံစံမျိုး ချိုးတာပေါ့။ အစိုးရတစ်ရပ်က ကိုယ့်ပြည်သူ လူထု ကို ပါးစပ်က မိဘပြည်သူတွေလို့ တစ်ဖွဖွပြောပြီး လက်တွေ့မှာ ဖိနှိပ်ရက်စက်နေရင် ပြည်သူကို မလေးစား၊ အလေးမထားတာပဲပေါ့။
ကိုယ့်အစိုးရကိုယ်တိုင်က မလေးစားတဲ့ပြည်သူကို တခြားနိုင်ငံတစ်ခုကလည်း ဘယ်လေးစားတော့မလဲ။ အထူးသဖြင့် အဲဒီအစိုးရက ဆရာတင်ထားတဲ့ နိုင်ငံဆို ပြောမနေတော့နဲ့။ အဲဒီလိုဆက်ဆံတဲ့ နိုင်ငံကလည်း သူ့ပြည်သူကို ဒီလိုဆက်ဆံမှာပဲ။ ဗေဒင်မေးစရာမလိုဘူး။
ကျနော်တို့မြန်မာပြည်သူတွေက ချိုချိုသာသာ ယဉ်ယဉ်ကျေးကျေးပြောရင် အိမ်တိုင်ချွတ်ပြီး ရောင်းကျွေး ရကျွေးရ ဆိုတဲ့ လူမျိုး။ ပြီးရင် တော်ရုံတန် ရုံတော့ အောင့်အီးသီးခံပြီးနေတယ်။ သိပ်လွန်လာမှသာ အသံ ထွက်လာတတ်တဲ့အမျိုး။
ဒီလောက် ပင်ပန်း ဆင်းရဲ ဒုက္ခခံနေရတာတောင် ဒုက္ခကို ဟာသနဲ့ ဖြေဖျောက်တတ်တဲ့ လူမျိုး၊ အတိတ်က ဘယ်လောက် ရက်စက်ခဲ့ ရက်စက်ခဲ့ ဒီနေ့ တောင်းပန်စကားပြော၊ အပြစ်ဝန်ခံရင် ကျေအေးတတ်တဲ့လူမျိုး၊ အရင်က ဘယ်လောက် အမြင်ကပ်ခဲ့ကပ်ခဲ့ ပန်းလေးရောင်းစားပြီး နေရာတာပါတို့၊ ဘုရားတရားပဲလုပ်တော့ မှာ တို့ပြောလိုက်ရင် သြော်.. သူ့ခမျာသနားပါတယ်လို့ လမ်းဘေးမှာ ဈေးရောင်းနေတဲ့သူ ကတောင် ပြောတတ်တဲ့ လူမျိုး။
အဲလို လူမျိုးကို ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး တည်ဆောက်နေပါတယ်လို့ မစားရ ဝခမမ်း ပြောနေတဲ့သူ တချို့ က ပြည်သူ့ရေးရာဝန်ဆောင် မှုနဲ့ ပြည်သူ့ဆက်ဆံရေးလောက် ကိုတောင် မသိပဲ ပြည်သူကို ပြန် ရန်ထောင်နေတာတွေ့တော့ ဘာပြောရမှန်းတောင် မသိတော့ဘူး။
ကိုယ့်ဘက်က ဝန်ဆောင်မှု ဒင်းပြည့် ကျပ်ပြည့်မပြောနဲ့ သုံးဆယ့်ငါးပြားလောက်တောင် မရှိပဲ ပြောတဲ့လေ သံက အထက်စီး က ဖြစ်နေ တာ ရုပ်ဆိုးလှတယ်။ နိုင်ငံတကာနဲ့ဖြစ်ဖြစ် အိမ်နီးချင်းနိုင်ငံတွေနဲ့ဖြစ်ဖြစ် တန်းညှိချင်ရင် အဲဒီနိုင်ငံတွေလို ပဲ ပြည်သူတွေကို ဝန်ဆောင်မှုအရင်ပေး။ ပေးပြီးလို့ ပြည်သူက အဲဒီ ဝန်ဆောင် မှုနဲ့ ထိုက်တန်တာ ပြန် မပေးရင် ပြောချင်တိုင်းပြော။ အခုဟာက အဲလိုမှ မဟုတ်တာ။ ပြော တာတွေ ဟိုရောက်ဒီရောက်နဲ့ သိပ်များ သွားပြီ။
အဲဒီ တောင်ရောက်မြောက်ရောက် အတွေးက ဒီခေါင်းကြီး တင်ဖို့လုပ်မှ ပေါ်လာပြီး ရေးဖြစ်တာ။ အဓိကပြောချင်တာက ပြည်သူကိုကိုယ်စားပြုတဲ့ ပြည်သူ့အစိုးရအဖြစ် မြင်ချင်တဲ့ စေတနာနဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ထုတ် သတင်းစာအတွက် ခေါင်းကြီး ရေးမိတယ်။ ဝေဖန်ဖို့၊ လွတ်လပ်စွာ သဘောထားကွဲလွဲဖို့နဲ့ ဆင်ခြင်သတိပြုမိဖို့ မျှဝေပါတယ်။
ပြည်သူ့အစိုးရဆိုသည်မှာ
လက်ရှိမြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထောင်စု လွှတ်တော် (ဝါ) သမ္မတရွေး ချယ်ရေး အဖွဲ့က ရွေးချယ် တင်မြှောက်လိုက်သည့် နိုင်ငံတော်သမ္မတသည် အစိုးရအဖွဲ့တွင် ပါဝင်မည့် ဝန်ကြီးများ၏ အမည်စာရင်းကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းရသည်။
သမ္မတသည် ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက်ဖြင့် အစိုးရအဖွဲ့ကို ဖွဲ့စည်းပြီးသည်နှင့် အုပ်ချုပ်စီမံ ခန့်ခွဲရေးတာဝန်ကို သီးခြား ထမ်းဆောင် သည်။ ဆိုလိုသည်မှာ သမ္မတကို အမေရိကန် ပြည်ထောင်စု ကဲ့သို့ လူထုက တိုက် ရိုက် ရွေး ကောက် တင်မြှောက်ခြင်း မဟုတ်ဘဲ ပြည်သူလူထု ကိုယ်စား လွှတ်တော်တွင် တာဝန်ထမ်းဆောင်ရန် ရွေးချယ် တင်မြှောက်ထားသည့် ပြည်သူ့ကိုယ်စားလှယ် များက ရွေးချယ်ပေးခြင်း ဖြစ်သည်။
တစ်နည်းအားဖြင့် ဆိုရပါက လက်ရှိအုပ်ချုပ်ရေး တာဝန် ယူထားသော အစိုးရ(ဝါ) နိုင်ငံတော်သမ္မတ သည် ပြည်သူလူထုက ရွေးချယ် တင်မြှောက်ထားသည့် ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်သော ပြည်ထောင်စု လွှတ်တော်ကို တာဝန်ခံရသည်။ အပြန်အလှန်အားဖြင့် ပြည်ထောင်စုလွှတ်တော် ကလည်း လွှတ်တော်တွင် အများဆန္ဒဖြင့် ရွေးကောက် တင်မြှောက်ထားသည့် သမ္မတကို တာဝန်ခံရသည်။
လွှတ်တော် ဆိုသည်မှာ ပြည်သူလူထုကို ကိုယ်စားပြုသည်။ ထို့ကြောင့် သမ္မတသည် လွှတ်တော်ကို တာဝန်ခံရခြင်းမှာ ပြည်သူလူထု ကို တာဝန်ခံရခြင်းပင် ဖြစ်သည်။ သမ္မတ ဦးဆောင်သော အစိုးရအဖွဲ့ သည်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ပြည်သူ့ကိုယ်စားပြု အစိုးရ ဖြစ်သည်။
ပြည်သူ့အစိုးရ တို့မည်သည် ပြည်သူလူထု၏ အကျိုးစီးပွား ကိုသာ အစဉ်အမြဲ ဦးထိပ်ထား ရမည်မှာ အားလုံး သိရှိနားလည်ထားပြီး ဖြစ်သည်။ ပြည်သူလူထုနှင့် အစိုးရအကြား အပြန်အလှန် နားလည်မှု၊ လေးစားမှု၊ ယုံကြည်မှုရှိလျှင် ပြည်သူ့အစိုးရ ဖြစ်သည်ဟု ယေဘုယျအားဖြင့် ဆိုနိုင်သည်။
ထိုအတွက် အစိုးရတို့သည် ဥပဒေအရ သတ်မှတ်ထားသော အရေးကိစ္စ အချို့မှတစ်ပါး အစိုးရ၏ လုပ်ကိုင် ဆောင်ရွက်ချက် မှန်သမျှ ကို ပြည်သူလူထုအား ပွင့်လင်းမြင်သာမှုရှိရှိ အသိပေးရန် လိုသည်။ ဥပမာ အားဖြင့် လျှပ်စစ်ဓာတ်အားခများ တိုးမြှင့် ကောက်ခံမည်ဆိုပါက ပြည်သူလူထုထံ ကြိုတင် အသိပေးရမည် မှာ ပြည်သူ့အစိုးရ၏ အခြေခံ တာဝန် ဖြစ်သည်။ ပြည်သူလူထုထံ အသိပေးခြင်း ဆိုရာတွင် ပြည်သူ့ကိုယ်စား လှယ်များ ပါဝင်သည့် လွှတ်တော်များထံ ကြိုတင် အသိပေးလျှင်ပင် ပြည်သူကို အသိပေးရာ ရောက်သည်။
သို့သော် အစိုးရသည် ပြည်သူလူထုအား လျှပ်စစ်ဓာတ်အားခများ မည်သည့် အတွက်ကြောင့် တိုးမြှင့်ကောက် ခံရသည်၊ မည်မျှ တိုးမြှင့်ကောက်ခံမည်၊ မည်သည့်စနစ်ဖြင့် ကောက်ခံမည်၊ မည်သို့ အမျိုးအစား ခွဲခြားကောက်ခံမည် အစရှိသဖြင့် ကြိုတင်ရှင်းလင်းခြင်း မရှိဘဲ နိုင်ငံပိုင် အစိုးရဝါဒဖြန့် သတင်းမီဒီယာ များမှ တစ်ဆင့် ရုတ်တရက် ကြေညာလိုက်သည့်အခါ ဝေဖန် တုံ့ပြန်သံများ သောသောညံ သွားခဲ့ခြင်းဖြစ်သည်။
ထိုတုံ့ပြန်မှုများကို ပြန်ကြားရေး ဝန်ကြီးဌာနက ဦးစီးကွပ်ကဲအုပ်ချုပ် စီမံခန့်ခွဲနေသော နိုင်ငံပိုင် အစိုးရဝါဒဖြန့် မီဒီယာ မှတစ်ဆင့် နှုတ်လှန်ထိုး ရန်ထောင်သကဲ့သို့ ပြန်လည် ရှင်းလင်းထားခြင်းမှာ လက်ရှိကာလ မျိုးတွင် များစွာ အံ့အားသင့်ဖွယ်ရာ ဖြစ်သည်။
တိုးမြှင့်ကောက်ခံသော ဓာတ်အားခသည် နိုင်ငံတကာ စံနှုန်းများနှင့် ယှဉ်လျှင် ပြောစရာ မရှိသော် လည်း ပြည်သူကို ကြိုတင်အသိပေးမှု မရှိခြင်း၊ ဝေဖန်မှုများ ကိုလည်း ဆတ်ဆတ်ထိမခံ နှုတ်လှန်ထိုး တုံ့ပြန်ခြင်းတို့မှာ ဒီမိုကရေစီအစိုးရ (ဝါ) ပြည်သူ့အစိုးရ တစ်ခု၏ ဂုဏ်အင်္ဂါနှင့် ဖီလာပြုသကဲ့သို့ ရှိသည်။
တစ်နည်းဆိုရသော် လုပ်ရမည့်အလုပ်ကို လုပ်ခြင်း ဖြစ်သော်လည်း လုပ်ပုံလုပ်နည်းမှာ ယခင် စနစ်ဟောင်း က ပုံစံအဟောင်းအတိုင်း ပြည်သူလူထုကို အလေးမထားသည့် သဘော သက်ရောက်သည်။ ပိုဆိုးသည်မှာ ဓာတ်အားခကို အရှုံးခံ ဖြန့်ဖြူးပေးနေသော အစိုးရကို ကျေးဇူးမတင် သည့်အပြင် အပြစ်မြင်ရကောင်းလား ဆိုသည့် ရှုထောင့် မျိုးမှ ပြန်လှန် ချေပထားခြင်း ဖြစ်သည်။
ဆရာဝန်ဖြစ်သူ၏ တာဝန်မှာ ဆေးကုရမည်ဖြစ်သည်။ ကျောင်းဆရာ၏ တာဝန်မှာ စာသင်ရမည် ဖြစ်သည်။ အစိုးရအဖြစ် တာဝန်ယူလျှင် အစိုးရ၏ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရမည် ဖြစ်သည်။ အစိုးရဖြစ် လာလျှင် ပြည်သူ့ရေးရာ ဝန်ဆောင်မှုများ ဖြည့်ဆည်းပေး ရမည့်တာဝန် ရှိသည်။ ထိုသို့ ထမ်းဆောင် ဖြည့် ဆည်းပေးသော အစိုးရတစ်ရပ်ကို ပြည်သူလူထုက အသိအမှတ် ပြုမည်သာ ဖြစ်သည်။
ကျေးဇူးတင်ခြင်း၊ မတင်ခြင်းသည် ပြည်သူလူထု တစ်ဦးချင်းစီ၏ ဆန္ဒသဘောထား အတိုင်းသာ ဖြစ် သည်။ ပြည်သူလူထုကို အလေးထား လေးစားကာ ဦးထိပ်ထားသော အစိုးရတို့မည်သည် အချိန်မရွေး ပွင့်လင်းမြင်သာမှု ရှိသည်။ ရိုးသားဖြောင့်မတ်မှု ရှိသည်။ ထိုအခါ ပြည်သူလူထု ကလည်း ပြည်သူ့အစိုးရ အဖြစ် အသိအမှတ်ပြု လေးစား မည်သာ ဖြစ်သည်။
Kyaw Min Swe
အယ်ဒီတာ (၅-၁၁-၂၀၁၃)
From...၇ဲရင့်ငယ်{ကနေဒါ}
No comments:
Post a Comment