*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday, 9 December 2013

သံသရာ တွင် အနှောင် အဖွဲ့ မရှိ ရှင်းရှင်း လင်းလင်း ဖြစ်ချင် ပါသည်












သံသရာတွင် အနှောင်အဖွဲ့မရှိ ရှင်းရှင်းလင်းလင်း ဖြစ်ချင်သည်။ သံသရာတွင် ရှင်းရှင်းလင်းလင်းဖြစ်ဖို့ အနာဂတ်မှာ ကြည်လင်ဖို့လိုအပ်ပါသည်။ အနာဂတ်တွင် ကြည်လင်ဖို့ ယခုကတည်းက ပြတ်သားမှ ရ မည်ဖြစ်ပါသည်။

ဒါကတော့ လူသားတစ်ယောက်အဖြစ် ဘဝသက်တမ်းသုံးဆယ့်ငါးနှစ်တာ မျှ ကျင်လည်ရုန်းကန် အပြီး သတိ၊ အသိ ကပ်မိကာ ဆုံးဖြတ်ချက် ရဲရဲချလိုက်မိခြင်းလည်း ဖြစ်ပါသည်။ ယခင်တုန်းက မပြတ်သား မိ၊ မရဲဝံ့ခဲ့မိသည်များအတွက် နောင်တရမိပါသည်ဟုလည်း ဝန်ခံလိုပါသည်။ 

လုပ်ရသည့်အလုပ်နှင့် တွေ့ရသည့်အတွေ့များ ၏ နောက်ကွယ်တွင် စိတ်ကိုညစ်နွမ်းလေးလံမှုများရှိခြင်းက အလုပ်နှင့်အ တွေ့ သဟဇာတမဖြစ်ကြောင်း ထင်ရှားနေပါသည်။


အာစရိယကို မြတ်ဗုဒ္ဓနှင့် တစ်ဂိုဏ်းတည်းထားလျက် ကြည်ညိုလေးစားကြသည်မှာ မြန်မာ့လူ့အဖွဲ့ အစည်း တွင်သာ ရှိမည်ထင်ပါသည်။ ဘဝ၏လက်ဦးဆရာများဟုလည်း ခေါ်တွင်ကြသည်။

 "အတတ် လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ" ဟူ၍ လည်း ဆရာများ၏ တာဝန်၊ ဝတ္တရားများကို သတ်မှတ်ပြီးဖြစ်သည်။ အမွှမ်းတင်ပြီးဖြစ်သည်။ စေတနာ၊ ဝါသနာ၊ အနစ်နာဟူသည့် နာသုံးနာနှင့်ပြည့်စုံသူများဟုလည်း ဆိုကြသည်။ 

နာသုံးနာမက "နာပေါင်း ကုဋေ ရပါစေ" ဟုသဘောထားသူများလည်း ရှိသည်။ နာခြင်းများ စွာဖြင့် ပေး ဆပ်နေကြရသော်လည်း နာသည်ဟု မအောက်မေ့ဘဲ ရောင့်ရဲပျော်မွေ့စွာ၊ သန့်ရှင်းစင်ကြယ်စွာ ဖက်တွယ် ရပ်တည်နေသူများ လည်း ရှိသည်။

"ရှေးရှုမေတ္တာ၊ ဂရုဏာနှင့် နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း ဝမ်းတွင်မသို၊ ဟုတ်တိုင်းဆို၍၊ ကျိုးလိုစိတ် က၊ ဆုံးမတတ်သူ၊ ဆရာဟူလော့" ဟူသည့်မဃဒေဝလင်္ကာကိုလည်း လက်ကိုင်ထားကြသည်။ လူသားပေါင်း များစွာ၏ ပဲ့ကိုင်ရှင်များလည်း ဖြစ်သည်။ 

"ဆရာ ဆရာ၊ ဂုဏ်ရည်ဖြာလျက်၊ ပညာဆင့် ပွား၊ နှလုံးသားတို့၊ ပန်းများသဖွယ်၊ ရနံ့ကြွယ်၍၊ ဆန်းကြယ် လှပ ၊ လူ့လောကအား၊ ခြယ်သပုံဖော်၊ လူ ကောင်းတော်များ၊ ရည်မျှော်ဆတွေး၊ လမ်းညွှန်ပေးသည့်၊ ဆိုရေးသခင် ၊ ကျေးဇူးရှင်" များလည်းဖြစ်ပါ သည်။ ဆရာ၏ အလုပ်၊ ဆရာ၏ဂုဏ်ပုဒ်၊ ဆရာ၏ ပြယုဂ်များ သည်မြတ်နိုးလေးစားဖွယ်၊ အားကျအတု ယူဖွယ်၊ ချစ်ခင်ကြည်ညိုဖွယ် ဖြစ်နေသင့်ပါသည်။

ဆရာရှိလျှင် တပည့်ရှိမည်ဖြစ်ပါသည်။ ထိုအခါ ဆရာနှင့်တပည့်အပြင် တပည့်များ၏မိဘများနှင့်လည်း ပတ် သက်ကြရမည် ဖြစ်ပါသည်။ ဆရာတပည့်ဆက်ဆံရေး၊ ဆရာမိဘဆက်ဆံရေးများသည် အရေး ကြီးပါ သည်။ 

အရေးကြီးသည်ဟုဆိုရာတွင် ပညာရေး၊ လူမှုအဖွဲ့အစည်းနှင့် မြန်မာတို့၏ ဘာသာရေး ဆိုင်ရာ မင်္ဂလာ တရားတော်များအတွက် ကောင်းသောအခြင်းအရာများ ထွန်းကားပြန့်ပွားလာစေ ဖို့ ဖြစ်ပါသည်။ ထို့အပြင် ထိုသို့သောကောင်းသော အခြင်းအရာများပျက်စီး ဆိတ်သုဉ်းမသွားဖို့လည်း အရေးကြီးပါသည်။ 

အပေးအယူဆက်ဆံရေး၊ အသပြာဆက်ဆံရေး၊ အရှိန်အဝါဆက်ဆံရေး၊ ကိုယ် ကျိုးရှာဆက်ဆံရေး၊ လမ်းကြောင်း အလွဲဆက်ဆံရေးများသည် ဆရာနှင့် တပည့်အကြား၊ ဆရာနှင့် ကျောင်းသားမိဘအကြား ရိုးသားစင်ကြယ်မှုများကို ပျောက်ကွယ်သွားစေတတ်ပါသည်။

မိဘတိုင်းလိုလိုသည် သားသမီးများကို ထူးချွန်ထက်မြက်၊ တော်သည့်တတ်သည့်သူများဖြစ်စေလိုကြ ပါသည်။ အင်အားမတတ်နိုင်လျှင်သာ နေရမည်။ တတ်နိုင်ပါက "ကိုယ်ထင်ခုတင်ရွှေနန်း" ဆိုသလို မျှော် ရည်မှန်းဆ၊ အိပ်မက်မက်တတ်ကြပါသည်။

 ဖြစ်စေလိုမှု စိတ်ဇောဆန္ဒများကို မချုပ်ထိန်းနိုင်သော အခါ အထက်စာပိုဒ်ပါ ဆက်ဆံရေး ပုံသဏ္ဌာန်များ အတိုင်း မိဘများသည် သားသမီးများ၏ ပညာရေး ခရီးလမ်း တွင်ဝင်ရောက်စွက်ဖက်ခွင့်ရလျှင် ရသလောက် ချဉ်းနင်းကျူးကျော်တတ်ကြပါသည်။ 

ထိုအခါ မိဘအချင်းချင်း "လိုက်အား" ပြိုင်ကြသည်။ ရင်သွေးငယ်များ ရေသာခို ရေလိုက်လွဲကြသည်။ ဆရာ၊ ဆရာမများ (အချို့) ထိုနည်းထုံးကို နှလုံးပျော်ပိုက်နှစ်ခြိုက်ကြသည်။ မိဘများဘက်ကကြည့်လျှင်လည်း မှန်ပါသည်။ သူများတွေလုပ်ရနေတော့ ကိုယ်လည်းလိုက်လုပ်နိုင် လျှင် ရမှာဖြစ်၍လုပ်နိုင်အောင် ကြိုးစားကြ သည်။

 ကျောင်းသားလူငယ်များဘက်ကကြည့်လျှင်လည်း မှန်ပါသည်။ သူများတွေရှောရှော ရှူရှူ  အဆင့်တွေ တစ်ဆင့်ပြီး တစ်ဆင့်တက်သွားတာ မြင်တွေ့ကြားသိနေရသောအခါ သူတို့လည်း သူများလိုပဲ လိုက်တက် ချင် မှာ ဖြစ်ပါသည်။ ဆရာ၊ ဆရာမများဘက်က ကြည့်လျှင်လည်း မှန်ပါသည်။ 

 စားဝတ်နေရေးကုန်ကျစရိတ်နှင့် ဝင်ငွေလစာမညီမျှမှုကို အခြေခံကာ အခြားလူမှုဘဝ လိုအပ်ချက်များ ကို ဖြေရှင်းရန်အတွက် အများမိုးခါးရေသောက်တော့လိုက်၍ သောက် နေကြရသည်။ သို့သော်မည်သို့ ခရီးဆက်ကြမည်နည်း။ စဉ်းစားကြဖို့လိုမည်ဟု ယူဆမိပါသည်။

ကျောင်းသားတစ်ယောက် ပညာသင်ရန်ရောက်လာသောအခါ "ငါးကြင်းဆီနှင့် ငါးကြင်းပြန်အကြော်ခံ ရသည်" ဟုသာဆိုချင်ပါသည်။ လက်တစ်လုံးခြား နည်းများကိုသုံးကာ ကျောင်း၊ တက္ကသိုလ်၊ အိတ်ကပ် လိုအပ်ချက်များ ဖြည့်ရန်အတွက် အလှူခံကြရသည်။ သူတို့ထံမှရသည့်ငွေဖြင့် သူတို့ကိုကြိုဆိုဧည့်ခံ ကြရ သည်။ သူတို့အတွက် ပျော်ပွဲရွှင်ပွဲလုပ်ပေးကြရသည်။ အားကစားပွဲများ ကျင်းပပေးကြရသည်။ ပုံနှိပ် စာအုပ်များ၊ သင်ထောက်ကူပစ္စည်းများကို အမြတ်တင်လျက် ရောင်းကြရသည်။ 

အပြင်မှာဝယ် လျှင်စိတ်ကြိုက်အလွတ်တကူရသော၊ မရှိလျှင်လည်းဖြစ်သော ပြက္ခဒိန်၊ ဗလာစာအုပ်၊ ယပ်တောင်၊ သော့ချိတ်စသည်များကိုလည်း မဝယ်မနေရစနစ်ဖြင့် ဖြတ်ပိုင်းမပါဘဲ ရောင်းချကြသည်။ မကြိုက်လျှင် လည်း မတတ်နိုင်၊ ရှောင်လွှဲမရသော အနေအထားဖြစ်ပါသည်။ ပိုဆိုးသည်မှာ ထိုအမြတ်ငွေကို ဆရာ၊ ဆရာမများ (အချို့) ကငွေသားအတိုင်း ခွဲဝေယူနေခဲ့ကြသည်မှာ နှစ်ပေါင်းများစွာပင်ကြာပြီဟု ဆိုချင် ပါသည်။

ပညာသင်ကာလ တစ်နှစ်ပြီးတိုင်း အာစရိယပူဇော်ပွဲ ကျင်းပသည်မှာလည်း ပညာရေးအဖွဲ့အစည်းတိုင်း နီးပါးတွင် ဖြစ်ပါသည်။ အခြေခံပညာကျောင်းများတွင် အတန်းအားလုံးစုပေါင်း၍ ကျောင်းအလိုက်ပြု လုပ်ကြ သည်။ တက္ကသိုလ်များတွင် အထူးပြု ဘာသာရပ်တစ်ခုချင်းစီ ပြုလုပ်ကြသည်။ တစ်နှစ်လုံးနေမှ ဆယ်ရက်မျှ သာ အနီးကပ်လာ၍ တက်ကြရသည့် အဝေးသင်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ သည်လည်း အာစရိယပူဇော်ပွဲကို ထိုအနီးကပ်ဆယ်ရက်အတွင်းမှာပင် ပြုလုပ်ကြသည်။ 

အပြင်ကျူရှင် အချို့ကလည်း အာစရိယပူဇော်ပွဲ ပြုလုပ်ကြသေးသည်။ ဆရာ၊ ဆရာမများကို လေးမြတ်ရိုကျိုး စွာ ကန်တော့ခြင်းသည် ကောင်းမွန်မှန်ကန်ပါသည်။ သို့သော် အာစရိယပူဇော်ပွဲများ နောက်ကွယ်မှကြား ရ၊ ကြုံရ၊ သိရမှုများက စိတ်ကိုမသက်မသာဖြစ်စေပါသည်။ အာစရိယပူဇော်ပွဲများကျင်းပရန်အတွက် ဆရာ၊ ဆရာမများက တိုက်တွန်းနှိုးဆော်ကြသည်။ ငွေကြေး ကောက်ခံကြရသည်။ ကန်တော့ ပစ္စည်း ရွေးချယ်ဝယ် ယူကြရသည်။ ဧည့်ခံကျွေးမွေးရေးအတွက် လုံးပန်းကြရသည်။ အခမ်းအနားလုံခြုံရေးအတွက် တာဝန်များ ထမ်းဆောင်ကြရသည်။

 "တက္ကသိုလ် ဆရာလုပ်သက် ရှစ်နှစ်ကျော်ပါပြီ။ အာစရိယပူဇော်ပွဲ အပါအဝင် ကျောင်းတွင်းပွဲတိုင်းမှာ လုံခြုံရေးတာ ဝန်ချခြင်း ခံရလို့ ကန်တော့ခံ စင်မြင့်ပေါ်တစ်ခါမှ မတက်ဖူးပါဘူး" ဟုမိတ်ဆွေတစ်ဦး က ပြောပြပါသည်။ "အနီးကပ် သင်တန်းသုံးရက်မြောက်နေ့မှာ အာစရိယပူဇော်ပွဲကြေး နှစ်ထောင်ကောက် ပါတယ်။

 နှစ်ထောင်ထည့်ပြီးရင် ဆယ်ရက်စာတက်ရောက်ကြောင်း လက်မှတ်ထိုးခွင့်ရလို့ နောက်နေ့တွေမှာ အနီးကပ် တက်စရာမလိုတော့ဘူးဆိုတဲ့ သဘောဖြစ်နေပါတယ်" ဟု နိုဝင်ဘာ ၂၅ ရက်တွင် စာမေးပွဲ ဖြေ ဆိုပြီးဆုံးခဲ့သော အဝေးသင်တက္ကသိုလ် ကျောင်းသားတစ်ဦးက ပြောပြပါသည်။

 အာစရိယ ပူဇော်ပွဲအချို့တွင် ကန်တော့သူ ကျောင်းသား၊ ကျောင်းသူများ၏ အရှေ့၌ ပုံမှန်ကန်တော့ သည့် ပစ္စည်းများကိုပြသ၊ ကန်တော့၊ လက်ခံရယူကြသည်။ နောက်ကွယ်တွင်မူ စာအိတ်ပိတ်ငွေကြေး များကို ခွဲဝေ ယူတတ်ကြသည်လည်းရှိပါသည်။ ရာထူးအကြီး၊ အငယ်အလိုက် မတူသောနှုန်းထားဖြင့် သတ်မှတ်ရယူ ကြ သည်လည်းရှိပါသည်။ စာရေးသူကတော့ အားလုံးအမုန်းကိုခံယူရမည်ဟု ယုံကြည် လျက်တင်ပြခြင်းဖြစ် ပါသည်။ 

အနှစ်သာရရှိရှိ၊ ရည်ရွယ်ချက်ကောင်းကောင်းဖြင့်ချမ်းမြေ့ကြည်နူး ပျော်ရွှင်ဖွယ်ကောင်းသော မြန် မာ့ ရိုးရာ မင်္ဂလာတရားနှင့်အညီအာစရိယပူဇော်ပွဲများ ဖြစ်ပေါ်စေလိုမှုစိတ်စေတနာဖြင့် ရေးသားလိုက်ရခြင်းဖြစ်ပါသည်။
စာမေးပွဲတစ်ခုပြီးဆုံးပြီဆိုလျှင်ဆရာ၊ဆရာမများထံတွင် ကျောင်းသား၊ ကျောင်းသူတို့ဝင်ထွက်စည်ကားနေ တတ်သည်။ ပစ္စည်းသေးသေးကြီးကြီးများကိုလည်း ဝယ်ယူကိုင်စွဲလာကြသည်။ ထို ပစ္စည်းများဖြင့် ကန်တော့ ကြ သည်။သူတို့၏ ခုံနံပါတ်များကို မှတ်သားပေးရန် ဂရုတစိုက် စစ်ဆေးပေး ရန် တောင်းဆိုကြ သည်။

 အောင်စာ ရင်းမထုတ်ပြန်မီ အခြေအနေကိုသိရအောင် အပြန်အလှန်ဖုန်း ဆက်ကြမည်ဟု ကတိပြုကြ သည်။ ကန်တော့ကြခြင်း၏ အဓိကလမ်းကြောင်းများသည် ပါဝင်ပတ် သက်သူ အားလုံးအတွက် ပုံမှန် လုပ်ငန်းစဉ် တစ်ခုဖြစ်နေပါသည်။ 

ရသင့်ရထိုက်ဖွယ်မဟုတ်သော၊ အင်အားတစ်ခုခုဖြင့် ထိန်းချုပ်ဖန်တီး ထားသော၊ အကျိုးအမြတ်ရလိုစိတ်ဖြင့် လဲလှယ်မှုဆန်သော၊ ပူလောင်ပြင်းပြစက်ဆုပ်ဖွယ်ဖြစ်သော ကန်တော့မှုများကို မကြားလို၊ မသိလို၊ မခံယူလိုဟု ဆိုချင်ပါ သည်။

သံသရာတွင် အနှောင်အဖွဲ့မရှိ ရှင်းရှင်းလင်းလင်းဖြစ်ချင်ပါသည်။


 Written by လွင်ချန်ဖြိုး (နတ်မောက်)
7Day Daily
From...Search Myanmar

No comments:

Post a Comment