*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 7 February 2014

Freedom of Choice ရှိရမယ်



 ဘာသာတရားတွေ ယှဉ်ပြီးတော့ လေ့လာကြည့်ရင်လည်းပဲတွေ့မယ်။ ဗုဒ္ဓဘာသာတရားဟာ သဘော ထား အကြီးဆုံး ဖြစ်နေတယ်။ ဘုန်းကြီးလည်းပဲ ဘာသာတရား အများကြီးကို ယှဉ်ပြီးတော့ လေ့လာတယ် ၊ ခရစ်ယာန် ဘာသာ၊ ဟိန္ဒူဘာသာ ၊ ဗုဒ္ဓဘာသာ ၊ တခြားဘာသာတွေ။
 

ဗုဒ္ဓဘာသာမှာလည်း အယူအဆ နဲနဲ ကွဲတာလေးတွေ ရှိတယ်။ ဒါတွေလည်း အကုန်လုံးလေ့လာ ပါတယ် ။လေ့လာပြီးမှ အချိန် အများကြီး ယူပြီးမှ၊ လက်တွေ့ စမ်းကြည့်တယ်။ စမ်းကြည့်ပြီးမှ လက်တွေ. လည်း လုပ်လို.ဖြစ်တဲ့၊ သဘောထားလည်းမှန်တဲ့ ဘာသာတရား ကို ရွေးယူ လိုက်တာပါ။
 


တစ်ခုခုကို လက်ခံတယ် ၊ တန်ဖိုးထားတယ် ဆိုရင် ဘယ်လို အချက်အလက်တွေမှာ မူတည်ပြီးတော့ လက်ခံ သလဲ၊ တန်ဖိုးထားသလဲ။ ဘယ်လို အချက်အလက်တွေကို အခြေခံပြီးတော့ စဉ်းစားသလဲ။ ဘာသာ တရားတွေ အများကြီးထဲက ကိုယ်က ဘာသာတရားတစ်ခုကို ကိုးကွယ်တယ်။ဘာဖြစ်လို.လဲ။
 

 ဆိုင်တစ်ဆိုင်ကိုသွားပြီး ပစ္စည်းဝယ်မယ် ဆိုပါတော့။ ပစ္စည်းအမျိုးမျိုးကြည့်လိုက်ဦးမယ်။ ပြီးတော့
ဈေးနှုန်း အမျိုးမျိုးကိုလည်း ထည့်စဉ်းစားလိုက်ဦးမယ်။ ပြီးမှ ပစ္စည်းလည်းကောင်း ၊ ဈေးနုန်းလည်း
သင့်တော် တဲ့ဟာကို ရွေးယူလိုက်တာပဲနော်။အဲဒီတော့ ရွေးချယ်ဖို.ဆိုတာ တစ်ခုထက်မက ရှိရမယ်။ 


ပြီးတော့ အားလုံးကို သိရမယ်။ ဘာမှမသိရင် ရွေးလို့မရဘူး။ တစ်ခုထဲရှိတယ်၊ အဲဒါကိုပဲ ယူပါဆိုရင်၊ သူ့မှာ ရွေးချယ်ခွင့် မရှိဘူး။ အများကြီးကို ကြည့်ပြီးမှ ချင့်ချိန်ကြည့်တယ်။ဒါက ဘယ်လို၊ ဟိုဟာ က ဘယ် လို။ စမ်းကြည့်တယ်။ အားလုံးကို စမ်းကြည့်ပြီးမှ ဒါကသဘာဝကျတယ်၊ လက်တွေ.ကျတယ်၊ သဘောထား အင်မတန်ကြီးတယ်၊ လွတ်လပ်မှု အများကြီးရှိတယ်။

အဲသလို သိပြီးမှကိုယ်နှစ်သက်တာကိုရွေးချယ်လိုက်တယ်။ အဲဒါကြောင့် (Value) တန်ဖိုးထားမူ တစ်ခု ဖြစ်လာဖို့ အရေးမှာ အရေးကြီးတဲ့ ပထမအချက်က ဘာလဲဆိုတော့ ရွေးချယ်ခွင့် ရှိရ မယ်။ ရွေးချယ်ခွင့် မရှိရင် စစ်မှန်တဲ့ တန်ဖိုးထားမူ မဖြစ်နိုင်ဖူး။ Freedom of choice ရှိရမယ်။ဒါကို ကိုယ်က ရွေးချယ် လိုက်ပြီ၊ တန်ဖိုးထားပြီဆိုရင် သူ့ကို လက်တွေ့ကျင့်သုံးရမယ်။
 

တန်ဖိုးထားပါတယ် ဆိုပြီးတော့ လက်တွေ့ မကျင့်သုံးရင် တန်ဖိုးထားတယ်လို့ ပြောလို့မရဘူးနော်။
ကျင့်သုံးနေမှ တန်ဖိုးထားတယ်လို. ပြောလို.ရမယ်။ ဒါကြောင့် ဘယ်လို အယူဝါဒကိုပဲဖြစ်ဖြစ် ဒါကို နှစ်သက်တယ်၊ တန်ဖိုးထားတယ်လို့ဆိုတာကို အထောက်အထား က ဘာလဲဆိုတော့ အဲဒါနဲ့ ပတ်သက်ပြီး ဘာလုပ်နေသလဲ ဆိုတာကို ကြည့်ရမယ်။
 

ဗုဒ္ဓဘာသာတရား မှာ ကြည့်ရင် ကာလမသုတ် ဆိုတာ အများကြားဖူးကြတယ်နော်။
 

မိရိုးဖလာမို့လို့လည်း မှန်တယ်လို့ မယူဆနဲ့။

 ကြားပါများတယ်လို့လည်း မှန်တယ်လို့ မယူဆနဲ့။
 

 တဆင့်ပြောတဲ့ စကားတွေ၊ လူပြောသူပြောများတဲ့ တဆင့်စကားကို မယုံနဲ့။ 

စာအုပ်နဲ့ ကျမ်းဂန် နဲ့ ကိုက်ညီလို့ လည်း မှန်တယ်လို့ မယူဆနဲ့ တဲ့။
 

ပိဋကတ် ဆိုတာက ဘယ်လိုကျမ်းဂန် ကိုမဆို ပိဋကတ်လို့ ခေါ်ရတယ်။ ခရစ်ယာန် မှာလည်းပဲ ခရစ်ယာန် ကျမ်းဂန် ရှိတယ်။ ဟိန္ဒူမှာလည်းပဲ ဟိန္ဒူကျမ်းဂန် ရှိတယ်။ ဗုဒ္ဓဘာသာမှာလည်းပဲ ဗုဒ္ဓကျမ်းဂန်ရှိတယ်။
သူကလည်းသူ့ ကျမ်းဂန်နဲ့ကိုက်လို့ မှန်တယ်လို့ ပြောနေတယ်။ 


ကိုယ်ကလည်း ကိုယ့်ကျမ်းဂန်နဲ့ ကိုက်လို ရှိရင် မှန်တယ်။ ကိုယ့်ကျမ်းဂန်စာနဲ့ မကိုက်ရင်တော့ မမှန်ဘူးလို့ ပြောတယ်။ အမှားအမှန် ဆုံးဖြတ်ဖို့ အရေး မှာ ကျမ်းစာက နောက်ဆုံး အဆုံးအဖြတ်ပေးမည့် Final authority ဖြစ်နေတယ်နော်။

 မြတ်စွာဘုရားက အဲဒီလို လက်မခံဘူး။ စဉ်းစားကြည့်။ နောက်တစ်ဆင့် တက်သွားလို့ရှိ ရင်တော့ ကိုယ် အထင်ကြီးတဲ့ သူ ပြောတဲ့စကားကို မှန်တယ်လို့ မယူဆရဖူး။ ဒိပုဂ္ဂိုလ်က ပညာတတ်ကြီး၊ ဘွဲ့တွေ အများ ကြီး ရတယ်၊ စာမေးပွဲတွေ အများကြီး အောင်ထားတယ်။
 

ဒီပုဂ္ဂိုလ်ကို ပညာတတ်တွေ အများကြီးက ဆည်းကပ်ကြတယ်၊ ကိုးကွယ်ကြတယ်။ ဒီပုဂ္ဂိုလ်က ရှင်ဘုရင်တွေ ကိုးကွယ်တဲ့မင်းတွေ ကိုးကွယ်တဲ့ ဆရာဖြစ်တယ်။ ဟိုရှေးခေတ်က ဆိုရင်ပေါ့။ 

အခုခေတ်ဆိုလည်း ဒီလိုပဲ။ ရာထူးကြီးတဲ့ လူကြီးတွေ ဆည်းကပ်ကိုးကွယ် တဲ့ ဆရာသမား ဖြစ်နေတယ်။ ဒါကြောင့် သူပြောတာကိုတော့ တို့က သိပ်ပြီး သံသယဖြစ်နေဖို့ မလိုတော့ဘူးလို့ ဒီလို မယူဆသင့်ဘူး။
ဒီရဟန်း က ငါတို့ရဲ. ဆရာပါ။ 


ကိုယ့်ဆရာစကားကိုတော့ ကိုယ်နားထောင်ရမယ်၊ ပယ်လို့ မဖြစ်ဘူး။ ဒီလို
ယူဆတတ်တယ်နော်။ အဲဒါဆိုလည်း မှားသွားမယ်။ အဲသလို အကြောင်းပြချက်ကြောင့်လည်း မှန်တယ်လို့ မယူဆနဲ့။
 

ဆရာသမား၊ မိဘစကားကို ပယ်ရမယ်လို့ မဆိုလိုဘူးနော်။ လူငယ်လေးတွေလည်း အဲဒါကို စဉ်းစားစေချင် တယ်။
 

ပယ်ရမယ်လို့ မဆိုလိုဘူး။ စဉ်းစားဖို့ လိုတယ်။ ချင့်ချိန်ဖို့ လိုတယ်။ လုပ်ကြည့်ပါ။ စမ်းကြည့်ပါ။ အကျိုးရှိရင် ဆက်လုပ်။ အကျိုးမရှိရင် မလုပ်နဲ့။

 


-ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ)
www.dhammaweb.netမှကူးယူပူဇော်ပါသည်။


From...FB {Soe Paing}

No comments:

Post a Comment