*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 11 June 2014

ပြည့်တန်ဆာ မလေး တစ်ယောက် အကြောင်းပေါ့ …..





. ပြည့်တန်ဆာ မလေး တစ်ယောက် အကြောင်းပေါ့ …..
ဖတ်ပြီး ရင်အောက်ကမေးခွန်းလေး လဲဖြေခဲ့နော်


 အခန်း (၁)
**********
★ ★ ဘယ်လို … ဘယ်လို …. ပြန်ပြောစမ်း ပါဦး  သခင်မ နားကြားများ လွဲ လေသလား ကွယ် ။
>>> ဟုတ်ပါတယ် သခင်မ …သခင်မ ကို အမျိုးသမီး တစ်ယောက် က တွေ့ခွင့်တောင်း နေ ပါတယ် ….

★ ★ မဖြစ်နိုင် တာကွယ် … သခင်မ ဘ၀မှာ အမျိုးသမီး ကတွေ့ခွင့်တောင်း တယ်ဆိုတာ မဖြစ်နိင် တာပဲ … သူက ဘယ်သူလဲ … ဘာကိစ္စတဲ့ တုန်း …
တစ်လကြိုတင် ချိတ်ဆက် ထားခြင်း မရှိရင် သခင်မ ဘယ်သူ့ မှ မတွေ့တာ သူမသိ ဘူးလား …။

>>> သိပ်ကျက်သရေ ရှိတဲ့ အမျိုးသမီး တစ်ယောက် ပါ သခင်မ … ကိုယ်ရေး ကိုယ်တာ ကိစ္စကြောင့် သခင်မ ကိုပဲတွေ့ပါရစေ … သခင်မ နဲ့နှစ်ကိုယ်ကြားပြောပါရစေတဲ့ ….


★ ★ ဘုရားဘုရား … ဟုတ်ရဲ့ လားကွယ် … ကဲကဲ … ထားပါတော့ သူ့ကိုဖျော်ရည် နဲ့ ဧည့်ခံ ထားလိုက် ပါကွယ် … သခင်မ လာခဲ့မယ် ခနစောင့် ဖို့ ပြောထား လိုက်နော် ….
> ★ < အင်း …. ကျမလိုပြည့်တန်ဆာ တစ်ယောက်ကို …. အမျိုးသမီး တစ်ယောက်က … တွေ့ခွင့် တောင်း တယ် ဆိုပါလား ထူးဆန်းလိုက်တာ ….
ကိုယ်ကို မှန်ရှေ့မှာ တစ်ချက် လှည့်ပတ်ကြည့် လိုက်တယ် …. ပြီးတော့ အပေါ်ရုံ လေးကို အသာ အယာ ခြုံပြီး …. ဧည့်ခန်းမ ဆီကိုထွက်လာခဲ့တယ် …။
အိုး … မျက်နှာလေး က ကျက်သရေရှိ သလို အေးချမ်းလှပါလား ….
ဧည့်ခန်း စန္ဒကူးညောင်စောင်း မှာ ထိုင်နေတဲ့ ကျမ လောက် မလှပေမယ့် အပြစ်ကင်းစင် တဲ့ မျက်နှာလေး နဲ့ ကျက်သရေ ရှိနေတဲ့ ကျမ နဲ့သက်တူ ၇ွယ်တူလောက် ရှိမယ့် မိန်းခလေး တစ်ယောက် … ကျမ ဧည့်ခန်း အပြင် အဆင်ခမ်းနား ပုံကို … စိတ်ဝင် တစားကြည့်ရင်း ကျမ ကို စောင့်နေတာ တွေ့လိုက်ရတယ် ….

★ ★ ကျမ သီရိမာ ပါ ….
သူကျမကို မော့ကြည့်ပြီး … ပါးစပ် အဟောင်းသား နဲ့ခနငေးမော သွားတယ် … ပြီးမှ သတိ ၀င်လာပြီး ….
★ ဒီလောက် လှပ ကျော့ရှင်းပြီး ကျက်သရေ ရှိလှတာ …. သီရိမာ ပဲဖြစ်မှာပေါ့ … နိုင်ငံတော် ရဲ့ အချော ဆုံး အလှ ဆုံး ကျက်သရေ အရှိဆုံး ဘွဲ့ကို ခံယူထားတာပဲ … ကျမတောင် ငေးမိ သွားရတယ် …. ကျမက ဥတ္တရာပါ …. သုမန သူဋ္ဌေးကြီး ရဲ့ ချွေးမပါရှင် …

★ ★ သြော် … နန္ဒသူဋ္ဌေး လေးရဲ့ ကြင်ယာ ကိုး …. နာမည် ကို ကြားဘူး တာကြာပါ ပြီ ကော ရှင် … သိပ်တော်ပြီး ခင်ပွန်း ကို သိပ်ဂရုစိုက် တဲ့ …. မိန်းမမြတ်လေး တဲ့ … ကျမ ယုံသွားပြီ …
ဒီမယ် … ကျမပြောပြ ပါဦးမယ် …. ဒီနိုင်ငံရဲ့မင်းမျိုးမင်းနွယ် သူဋ္ဌေး သူကြွယ်တွေ ထဲမှာ … ကျမ ဆီကို ရောက်မလာ တဲ့ တစ်ဦး တည်းသော သူကိုပြပါ ဆိုရင်လေ …. ရှင့်ရဲ့ နူးညံ့ သိမ်မွေ့တဲ့ … ပြုစုမှု အောက် က ရှင့်ခင်ပွန်းပဲ ရှင် သိရဲ့လား …။
★ အင်း …. သူ သီရိမာ နဲ့မတွေ့ဖူးတာ ကြောင့် သီရိမာဆီ မလာတာကြောင့် ကျမမှာ … အခက်တွေတွေ့ပြီး နောက်ဆုံး … ကျမ က ပဲ သီရိမာ ဆီ လာပြီး သီရိမာက လာဘို့အကူ အညီတောင်း ရတော့ တာပေါ့ရှင် …. ။

★ ★ ဟင် … ဘယ်လို … ကျမ ဒီနေ့ဘာဖြစ်တယ် မသိဘူးရှင် … ထူးဆန်း တာတွေနဲ့ပဲ ကြုံတွေ့ နေရ တယ် … တခုခုမှားနေ သလားပဲ … ကျမ အထင် … အမ က ကျမ ကို ရှင့် ခင်ပွန်းနဲ့ တွေ့စေချင် သလားပဲ …. ဟုတ်လား ….
ကျမ သိတာက ဂုဏ်သရေ၇ှိ အမျိုးသမီးတွေက … သူတို့ ခင်ပွန်းတွေကို … ကျမ ဆီခြေဦး လှည့်မှာ သိပ် ကြောက်ကြတယ်လေ …။
★ ပြောရမှာတော့ အားနာပါတယ် သီရိမာ …. ကျမ ဖခင် သုမန သူဋ္ဌေး နဲ့ ကျမခင်ပွန်း ဟာ … ဗုဒ္ဓရဲ့ တရားကို … သက်ဝင် ယုံကြည်မှု မရှိသေးဘူးလေ … ဗုဒ္ဓရဲ့ အဆုံးအမ ကို လက်မခံ သေးဘူး … ကျမ ကတော့ ကျမ မိဘတွေ လို ဒါန သီလ ဘာဝနာ ကိုအားကိုးပြုပြီးနေတယ် … ဒါပေမယ့် ရှင် သိလား သီရိမာ … ကျမလေ သူနဲ့ အကြောင်းပါပြီး ကတည်းက စလို့ … ကျမ ကိုလေ ဥပုသ်လေးတောင်စောင့် ခွင့် မပေးပဲ …နေ့စဉ် သူ့ကိုပဲ ပြုစုစေတယ် …

★ ★ ခစ်ခစ် … အမ ခင်ပွန်းက အမကို သိပ်ချစ် တာပေါ့ ….
★ ဒါ ချစ်တာလို့ခေါ်လား သီရိမာ …. ပျိုမြစ်မှုတွေ ကုန်သွားချိန်ရော …. အဆင်း လှတုန်း … အရွယ် နုပျိုတုန်း ကျန်းမာ သန်စွမ်း တုန်းတော့ … ချစ်တာပေါ့ …

★ ★ အို … အမ ဥတ္တရာ … ကျမအမေ လဲ ဒီလိုပဲ သိလား … ဘုရင်မင်းမြတ် ကအစ တစ်နိုင်ငံ လုံး အနမ်း ခံရတဲ့ ပန်းကလေး … ဟော သူလဲ အိုမင်းရော … ဘယ်သူ မှ အရေးမ လုပ်တော့ ဘူး ….
ခုလဲကြည့်လေ .. ကျမ မပါရင် … ဘုရင်မင်းကြီး ဘာပွဲမှ လုပ်လို့မရဘူး …. ဘယ် သံတမန် ဧည့်သည် မှ တွေ့လို့ မရဘူး … ကျမ အားတဲ့ရက် ကို သူညှိပြီး စီစဉ်ရတာ …. ပြောပြစမ်းပါ အမ ဥတ္တရာ … ကျမရဲ့ ပျိုမြစ်ခြင်း ကဘယ်လောက်ထိ ခံမလဲ … နောက် ငါးနှစ်လား … နောက်ဆယ်နှစ်လား ….
သူမက ကျမကို ညီမငယ်လေး တစ်ယောက် လို မြတ်နိုး စွာ ပြုံးကြည့်နေတယ် ….

★ ★ ကျမ ဘယ်လို ကူညီရမလဲ … ပြောလေ
★ ဆယ့်ငါးရက် တိတိ ကျမ အိမ်မှာလာနေပြီး ကျမ ခင်ပွန်းကို … ခင်ပွန်း တစ်ယောက် လို ပြုစုပေးပါ ညီမရယ် … ဗုဒ္ဓနဲ့ သံဃာတော်တွေ ကို … ကျမ ဆွမ်းဖိတ် လုပ်ကျွေးချင်တယ် … သီလဆောက်တည် ချင်တယ် … ဆယ့်ငါးရက် ထဲပါ …. ကျသင့်ငွေ ကို ခုထဲ ကပေးခဲ့ ပါ့မယ် ညီမရယ် ….

★ ★ ဆယ့်ငါး ရက်တောင် … များလှ ပါလား … ပြီးတော့ အမ ခင်ပွန်းက ကျမပြုစု လုပ်ကျွေးတာ နှစ်သက် မယ် လို့ အမထင် လားဟင် ….
★ ငါ့ညီမလောက် လှတာ … ရာဇဂြိုဟ် မှာ ရှိလို့လား ညီမလေးရယ် …. ပျိုမြစ်မှု နဲ့ … အလှ အပကို ကိုးကွယ် တဲ့ ယောက်ျား တစ်ယောက်က … လောကမှာ အလှဆုံး လို့ ပြောလို့ ရတဲ့ ညီမကို မနှစ်သက် ဘူးဆိုရင် .. ကျိန်းသေပြီ … သူဟာယောဂီ ပဲ … အမခင်ပွန်း အကြောင်း အမ သိပါတယ်ညီမငယ် … သူမင်း နဲ့တွေ့တာနောက်ကျတယ်တောင်ထင်မှာ … ။

★ ★ တစ်ကယ်ဆို ကျမ ဒါမျိုး ရက်ရှည် ပြုစု ရတာလက် မခံချင်ဘူး … အားလုံးကို နေ့ပိုင်း နာရီ ပိုင်း လောက် ပဲပြုစုရတာ .. ဒါပေမယ့် …ခင်ပွန်း အတွက် … ဇနီး ကိုယ်တိုင် လာတယ် ဆိုတော့ ကျမ လက်ခံ လိုက်ပါ့မယ် … ပြီးတော့ ဗုဒ္ဓအတွက် ဆိုတဲ့ စကား ကိုကြား ရတော့ ကျမတို့ အနွယ် ရဟန္တာ မကြီး အမ္ဗပါလီ ကို မြင်မိလို့ပါ ….။
★ ၀မ်းသာ လိုက်တာ ညီမငယ် … သာဓု သာဓု သာဓုပါ … ဒါဆို အမ မနက်ဖြန် ရထား လွှတ်လိုက် ပါ့မယ် ….
★ ★ အို … ကိစ္စမရိုပါဘူး အမ … ကျမ ရထားနဲ့ပဲ လာခဲ့ပါ့မယ် ….


အခန်း ( ၂ )
**********
> ★< ကျမ ရဲ့ မြင်းဖြူ လေးကောင် ကတဲ့ ရထားလုံး နန္ဒ သူဌေး လေး အိမ်ရှေ့ ရောက်တယ် ဆိုရင်ပဲ … ကျမနဲ့ အတူပါ လာတဲ့ အလုပ်သမားတွေ က .. ကျမ ကို တံခါးဖွင့်ပေးချိန် မှာ … ဥတ္တရာ က အိမ်ထဲ က ပြုံးရွှင် စွာပြေးထွက် လာပြီး …. ရထားပေါ်က ဆင်းမယ့် ကျမကို သူ့ လက်နှစ်ဖက် နဲ့ ဆီးကြို ဖေးမ ပါတယ် … 

အသင့်စောင့်နေတဲ့ သူ့အခြွေရံတွေက … ကျမ သေတ္တာတွေ ကို သယ်သွားကြပါတယ် ….
သူကျမ လက်ကို ဆွဲပြီး ခမ်းနား လှတဲ့ ဂေဟာကြီး အပေါ်တက် လာခဲ့တယ် …. လှေခါး ထိပ် နှစ်ဖက်မှာ မိန်းမပျိုနှစ်ယောက်စီ က ကျမတို့ကို အရိုအသေပေးကြတယ် …
★ ညည်းတို့ အရှင် … အခန်းတွင်း မှာလား …
>>> ဟုတ်ကဲ့ပါ သခင်မ … ဧည့်သည် အတွက် သခင့်အခန်း နဲ့ ကပ်လျှက် အခန်းမှာ ပြင်ထား ပါတယ် …. ။
★ အေး အေး မင်းတို့လွပ်လပ်စွာနေကြတော့ ….
သူကျမကို လက်ဆွဲခေါ်လာပြီး … ကျမ အတွက်ပြင်ထားတဲ့ အခန်း လို့ထင်ရတဲ့ အခန်း ရှေ့မှာ .. ရပ်ပြီး …
★ ခနတစ်ဖြုတ် နားဦးနော် ညီမလေး …. ခဏနေ သူဌေးမင်းနဲ့တွေ့ဖို့ အမလာခေါ်မယ်…။
> ★ < သလွန်ပေါ်မှာ ထိုင်ရင်း ..ကျမ ဘ၀အကြောင်း စဉ်းစားမိတယ် ….
ကျမရဲ့ မိခင် အမည်က သလ္လ၀တီ …. ဗိမ္မိသာရ မင်းကြီးရဲ့ အမတ်ချုပ်ကြီး ရဲ့ သမီး … ဝေသာလီ ဂဏ နိုင်ငံတွေ ရဲ့ဥပဒေအရ … နိုင်ငံတစ်နိုင်ငံ က … မြင့်မြတ်တဲ့ မျိုးနွယ် မိန်းခလေး တစ်ယောက် သိပ်ချော သိပ်လှ လို့ ( ၇ ) ပြည်ထောင် မင်းတွေ လာတောင်းရမ်း ယူရပြီ ဆိုရင် …. ဒီမိန်းခလေးကို … နိုင်ငံတော်ရဲ့ သမီး … မြင့်မြတ်သူ အားလုံးပိုင်သူ … ဆိုတဲ့ ဘွဲ့ပေးရတယ် …

ဘုရင် ကိုယ်တိုင် …စံနန်း ဥယျာဉ် ဆောက်ပေး ရတယ် … မင်းစိုး ရာဇာ နဲ့ ဘုရင် ဘွဲ့ပေး ထားတဲ့ သူဌေးတွေ ကို … ပြုစု ရတယ် …. မင်းခမ်း မင်းနား တွေကို ဦးစီး ရတယ် …
တစ်ပြည်ထောင် မင်းတွေကို ဧည့်ခံရတယ် …. စစ်မက် အရေး အရိပ်အမြွက် ရှိရင် …မာယာနဲ့ ညှိနှိုင်း ရတယ် … သတင်း နှိုက်ရတယ်

ဒီလို ဘွဲ့ပေးလိုက်တဲ့ အချိန်မှာ … ကျမ မိခင်ရဲ့ချစ်သူ အဘယ မင်းသား က ကျမ အမေကို နှစ်ချီပြီး ငှားခဲ့ တယ် ( ဥပဒေကို မှ မလွန်ဆန်နိုင် ပဲကိုး )
ကျမရဲ့ မိခင်ဟာ … အဘယ မင်းသား နဲ့ အကြောင်းပြု စုံမက်ပြီး … သားလေး တစ်ယောက် ဖွားမြင်ခဲ့ တယ် …. သားယောက်ျားလေး ဂုဏ်မငယ် ရအောင် … အဘယ ဘုရင်ကိုယ်တိုင် နန်းတွင်းခေါ် ယူ သူ့ရင်သွေးလေး ကို ဇီဝက လို့မှည့်ပြီး … နန်းတွင်း မှာထားခဲ့တယ် …

ကျမ ကိုမွေးဖွားခဲ့တဲ့ အခါမှာတော့ … မအေတူ တဲ့အပြင် ..မအေ ထက်တောင် နူးညံ့ လှပလို့ ….ကျမကို မိခင်ရဲ့ အရိုက်အရာ ကို ဆက်ခံစေခဲ့တယ် … ။
ကျမ မိခင်ကြီး ကွယ်လွန်တဲ့ အခါ … ကျမကို သိပ်ချစ်တဲ့ ကျမရဲ့ အကိုကြီး ဟာ … သမား တော်ကြီး ဇီဝက ဆိုပြီူး ထင်ရှားခဲ့ သလို … ကျမ ဟာလဲ …. ရာဇဂြိုဟ်ရဲ့ ရုပ် အဆင်း အင်္ဂါ ကြန်အင် လက္ခဏာ … ပညာ … အဖြာဖြာနဲ့ပြည့်စုံတဲ့ …. မင်း အသိအမှတ်ပြု … တိုင်းပြည် ရဲ့ အဓိက ကျတဲ့ ၀န်ထမ်း တစ်ဦးဖြစ်လာ တာပေါ့ …. 

ဒီလို နိုင်ငံ့ သမီး ပျိုတွေ ဟာ…. မဟာဆီ မဟာ သွေး ပဲဖြစ်ရတယ် လေ ….
ကျမ တတ်အပ်တဲ့ တာဝန် …ဟုတ်လား …အဲ့တာတွေက ….
 

၁။ အက မျိုးစုံ ကပြ သင်ပြတတ် ရတယ်
၂။ တူရိယာ ပစ္စည်းမျိုးစုံ…တီးတတ် ရတယ် …
၃။ အခါရာသီ အလိုက် သင့်တော်တဲ့ ၀တ်စားဆင်ယင်မှု ကိုယ်တိုင်ရော… မင်းအခမ်းနား အတွက်ရော…ဘုရင် ကိုပါ…ဆင်မြန်းနိုင် ရတယ်
၎။ ရုပ်နဲ့ လိုက်တဲ့ ခြယ်သပြင်ဆင်မှု
၅။ အိပ်ယာ ကုတင် … ပန်းအလှပြင် ..စံအိမ်တော် ရှုမ၀ ကျက်သရေနဲ့ပြည့်စုံအောင် ပြင်ဆင်မှု
၆။ လူ အမျိုးမျိုး… နှစ်သက်ပျော်ရွှင်အောင်ပြုစု မှု
၇။ သေရည် သေရက် အမျိုးမျိုး ရောစပ် ရာမှာလိမ်မာမှု
၈။ ကာမမွေ့လျော်ပုံ အမျိုးမျိုး အတတ်
၉။ လေး မြှားကျည်..ဒါဏ်ရာ ခွဲစိတ်ကုသပေး ရတဲ့အတတ်
၁၀။ အချက် အပြုတ်ကျွမ်းကျင်လိမ်မာ မှု
၁၁။ ပန်းချီ
၁၂။ အ၀တ် အစား တို့ကို ကိုယ်တိုင် စံပြချုပ်လုပ် တတ်မှု
၁၃။ ခလေးသူငယ် တို့အား စောင့်ရှောက်မှု အတတ်
၁၄။ ဘာသာမျိုးစုံ ကိုရေးနိုင် ဖတ်နိုင်ပြီး …တိုင်းတစ်ပါး မှ ဘုရင် မင်းသား စသည် သံတမန် များကိုပြုစု စဉ် …နိုင်ငံ အတွက်သီတင်း အချက်အလက် များကို … နှိုက်ယူ စုံစမ်းခြင်း အတတ် ….
၁၅။ ကွမ်းယာခြင်း အတတ်
၁၆။ အိမ်တွင်း ပရိဘောဂ နှစ်သက်ဖွယ် ထားသိုခြင်း …
၁၇။ လင်ယောက်ျား နှစ်သက်ကျေနပ်အောင်ပြုစုခြင်း အတတ် နှင့်ပြန်လည် သင်ပြခြင်း အတတ်
၁၈။ နို့ ထောပတ် .. မလိုင် …ဒိန်ခဲ စသည်တို့ကို ကိုယ်တိုင် စီရင်ခြင်း အတတ်…။
 

ဒါ့ အပြင် မင်းမှုထမ်း တို့ကို လဲနိုင်ငံတော် တွက်ကြိုးစားချင်စိတ် ရှိအောင်သီချင်း စပ်ဆို ဖျော်ဖြေ ကပြခြင်း … ရဲစိတ် ရဲမာန်ပြည့်ဝအောင် သီချင်းများ စပ်ဖျော်ဖြေပေးခြင်း …ဒါတွေ တတ်ရ တာပေါ့ …။
 

( ပြည်သူတွေ က ဘုရင်ကို တွေ့ရခဲ သလို ကျမ ကိုလဲ တွေ့ခဲ ပါတယ် …. တစ်နှစ် တစ်ကြိမ် နိင်ငံသူ နိုင်ငံသားတွေ မင်းမှုထမ်း ရဲမက်တွေ ကို သီချင်း သီကုံး ဖျော်ဖြေ ရတယ် ပြည်သူ တွေကလဲ ကျမကို သိတ်မြတ်နိုးတယ် )
 
ဒါကြောင့် နိုင်ငံတော် ကချေသည် ဆိုတာ …. နိုင်ငံဂုဏ်ဆောင် ပညာရှိ … မင်းမျိုးနွယ် ဆိုပါတော့
ကျမ အမေနဲ့ ခေတ်ပြိုင် အမ္ဗပါလီ ဆိုတဲ့ ဝေသာလီ က ကချေသည် ဆိုရင်လေ … မူးကြီး မတ်ကြီးတွေ ထက်တောင် ပညာသာလွန်တဲ့ အပြင် … ဟော .. အခုဆိုရင် လေ … ဗုဒ္ဓရဲ့ သမီးတော် ဘုရင်တောင် ဦးခိုက် ရတဲ့ ရဟန္တာ ထေရီမကြီး ဖြစ်နေပြီပေါ့ …

အင်း ..ကျမလဲ တစ်နေ့နေ့ မှာ ဗုဒ္ဓကို …ယုံကြည် သူဖြစ်မလား မသိဘူး …ဒါပေမယ့် … ကျမ ကတော့ လက်ရှိ ကျမရဲ့ပျိုမြစ် နုနယ်မှုကို …. သိပ် သဘောကျတယ် …. ကျမ ခြေထောက် လေး တစ်ချက်ခတ် လိုက်တာနဲ့ …. ဘုရင်က အစ ..မင်းဆွေ စိုးမျိုး သူဌေးတွေ ရဲ့ငွေ အား လုံး ကျမခြေထောက်အောက်ရောက် လာတာလေ ….

★ ဒေါက် ဒေါက် … ညီမရေ ..သူဌေးမင်း နဲ့တွေ့ရအောင် …
> ★ < သူ့နောက် ကနေ … ခပ်ယို့ယို့ လိုက်သွား လိုက်တယ် …. ကျမရဲ့ ကပ်လျှက် အခန်း ထဲမှာ .. သူဌေးလေး ကို .. သလွန်ညောင်စောင်းပေါ် ထိုင်နေတာတွေ့ရတယ် …
သူ … သေရည် ကို ရွှေခွက် နဲ့သောက်နေတုန်း အချိန် … ခန့်ငြား မွန်ရည်တယ် … အပူအ ပင် အကြောင့် အကျ … စိတ်သောက ကို … သူ့စိတ်ထဲ အရောက် မခံ ပုံပဲ …
ဥပတိရုပ် ကောင်း သလို … ဥတ္တရာပြော သလိုပဲ … ကာမ သုခလ္လိကာနုယောဂ … ကျင့်သုံး အားသန် ပုံပဲ ဆိုတာ အကဲခတ် လို့ရတယ် … ဘယ်လိုပဲ ဆိုဆို … သဘော ထားဖြောင့်စင်းပြီး နှစ် လို ဖွယ် အဆင်း ရှိသူ လို့ သတ်မှတ် ရမှာပါ…။

★ သီရိမာ …. ရောက်လာပါပြီ … အရှင့်သား ….
> ★ < သူ ကျမကို လှမ်းကြည့် လိုက်တယ် …ကျမလဲ သူ့ကို စိုက်ကြည့်လိုက်တဲ့ အချိန်မှာ … ကျိန်း သေပြီ … သူ့အကြည့် ကို ကျမရဲ့ ရူပါရုံ က သံလိုက်လို ဆွဲဆောင် သွားပြီ… မခွာ တော့ဘူး … သ ဥတ္တရာ ရှိနေတာ မသိတော့ဘူး …

★ ကဲ … သီရိမာ … ကိုယ့်အိမ် … ကိုယ့်ခင်ပွန်းလို သဘောထား … ပျော်ပျော်နေနော် … အိမ်စေ အမှု လုပ်များ ကလဲ ရှင့်ကို .. ကျမနဲ့ မခြား … ခစား ရိုသေကြပါလိမ့်မယ် ….
> ★ < ကိုယ့် ခင်ပွန်းလို သဘောထား … ဒီ စကားက ကျမ ကို ပီတိဖြစ်စေတယ် …
ကျမ ဥတ္တရာ ကိုခေါင်းညှိမ့်ပြ လိုက်တယ် … နန္ဒ ကတော့ ကျမ ကိုခြေဆုံးခေါင်းဆုံး ကြည့်နေ ရာက မခွာနိုင်သေးဘူး …။
ဥတ္တရာ ထွက်သွား ပါတယ် … သူ ကျမကိုကြည့်နေတုန်း …. ကျမ သူ့နားတိုး သွားလိုက် တယ် …
 
★ ★ ဘာစကားမှ မပြောတော့ ဘူးလား … သီရိမာကို အလိုမရှိ ဘူးလားဟင် …
★ ★ ★ အို…အို .. ဒီ..ဒီလို မဟုတ်ပါဘူး … ဗြုန်းကနဲ ဆိုတော့လေ … အံ့သြသွား လို့ပါ …
 
★ ★ ဘာလို့ …
★ ★ ★ နတ်သမီး တစ်ပါး ကျုပ်ရှေ့ရောက်လာတယ် လို့ … အိမ်မက် များ မက်နေ သလားလို့ ပါ … လှလိုက် တဲ့ သီရိမာ၇ ယ် … လှလိုက်တာ … ဒီနေ့ ဒီရက်ထိ … သီရိမာ ကို … မတွေ့ခဲ့ရ
တာ … သွားမရှာခဲ့တာ ကိုတော့ .. ကိုယ့်ကို ကိုယ် … ခွင့်မလွှတ်နိုင်အောင် ပါပဲ …။

> ★ < ကျမလဲ သူ့ကိုမြင်မြင်ချင်း စိတ်ဝင်စား မိတယ် … ဒီရက်တွေ သူ ကျမ ကို သူ့မျက်စိ အောက်က အပျောက် မခံဘူး … နောက်ဆုံး အစားအသောက် ကိုတောင် သီရိမာ ..ပြင်ဆင်ပေးမှ … အ၀တ် အစားက အစ သီရိမာ ဆင်မှ … ကျမ တို့ ကမ္ဘာ မှာ .. ဥတ္တရာ မရှိတော့ဘူး … ကျေးကျွန်တွေ ကလဲ ကျမကို … အိမ်ကြီး သခင် … သူဌေး ကတော်ကြီးလို ..ရိုကျိုး ခစားကြတယ် … ကျမထင်တယ် .. သူ ကျမကို လက်လွှတ် မခံတော့ဘူး … 

ကျမလဲ အိမ်ထောင်ရှင် မိန်းမ တစ်ယောက် လိုပဲနေချင် လာတော့တယ် ….
ကျမတို့ … အချိန်တွေ ကိုမေ့နေကြတယ် …. သူက သူနဲ့ ကျမ စတွေ့တဲ့နေ့ ကို သူနဲ့ ကျမရဲ့ မင်္ဂလာ အထိမ်းအမှတ်နေ့ လို့သတ်မှတ်တယ် … သိပ်ပျော်နေခဲ့ကြတာ ..။
 
ဒီလိုနဲ့ နန္ဒသူဌေး ရင်ခွင်မှာ ကျမနေနေ ခဲ့တာ နှစ်ပတ်ပြည့်ခဲ့ပြီ ….
အင်း သမဏေ ဏ … သမဏော … ဂေါဏေ ဏ… ဂေါဏော တဲ့ …
ကိလေသာ တပ်မက် သူနှင့် … တရားကျင့်သူ …
နေ့စဉ် ဗုဒ္ဓဝေယျာ ၀စ္စ နှင့် သီလမြဲသူ ဥတ္တရာနှင့် …. ကာမ ကို အလွန် အကြူး တပ်မက်သူ … နန္ဒ … စည်းဝါး မကိုက်နိုင်ပါဘူး ….


ကျမ နဲ့ နန္ဒ ကတော့ သံလိုက် နှင့် သံ ကဲ့သို့ …. သိပ်လိုက် ဖက်တယ် …. ပြီးတော့ ကျမ တို့နှစ်ယောက် မခွဲနိုင်တော့ ဘူး … ကျမ စိတ်ကို ကျမ သိနေပြီ … ကျမ သူ့ကို မခွဲနိုင် ဘူး ….
မနက်ဖြန် ဆယ့်ငါးရက်ပြည့်မြောက်ပြီ …. လင်သား ကင်းမဲ့သော အိမ်သို့ပြန် ရတော့မည် … ငါ ဒီအိမ်ကို သိပ်စက်ဆုတ်တယ် ….

အကယ်၍ ဥတ္တရာသေပြီး … ငါသာ နန္ဒ ဇနီးဖြစ် ခဲ့သော် … ကျမ ဆက်၍ မတွေးချင်တော့ … ကျမစိတ်ထဲ မှာပြင်းပြနေတာ … ကျမသာ နန္ဒရဲ့ ဇနီးမယား … ဒီအိမ်ကြီး ရဲ့သခင်မ …
နန္ဒ သလွန် ထက်က ထပြီး … ပြူတင်းပေါက် မှာ သွားရပ်နေတာ တွေ့ရတယ် … ကျမ က နန္ဒ မှီဝဲ တဲ့ ရသာယနဆေး အတွက် ထောပတ် ပိသာလောက် ကို ..ကြေးအိုး နဲ့ကျိုနေတယ် … ထောပတ်တွေ ပွက်ပွက်ဆူနေပြီ …

ကျမ နန္ဒ ကို တစ်ချက် လှမ်းကြည့် လိုက်တယ် … သူပြူတင်းပေါက် ကနေ … အောက် ကို ငုံ့ ကြည့် ပီး …. ခေါင်း တညှိမ့်ညှိမ့် နဲ့ ပြုံးပြီး အခန်း ထဲပြန်လှည့် ၀င်လာတယ် …
ဟင် …သူ ဘာကြည့် တာလဲ … ဘာလို့ပြုံးတာလဲ … ကျမ အပြေးအလွှား ပြူတင်းနား ကို သွားကြည့် လိုက်တယ် …
ချွေးသံ တရွှဲရွှဲ နဲ့ ဗုဒ္ဓ နဲ့ သံဃာတွေ အတွက် ဆွမ်းချက်နေ တဲ့ … ဥတ္တရာ ပါလား

တောက် … ဒီမိန်းမ …
ဟားးးး …. တရားကို ပဲနှစ်သက် တဲ့ မိန်းမ မှာ ဘာလို့ အဖိုးတန် လင်ယောက်ျားရှိ ရတာလဲ … ငါ့လို .. ပညာတတ် အရာရာပြည့်စုံပြီး လင်သား ကို မကုန်ခမ်း နိုင်တဲ့ … သာယာမှု ပေးတတ် သူ မှာ ကျတော့ ဘာလို့ လင်သား မရှိရတာလဲ …
ကျမ သူမကို စူးစူးရဲရဲ ကြည့်နေချိန်မှာ … သူမ ကလဲ အမှတ်တမဲ့ … မော့အကြည့် … ကျမ ကိုလဲတွေ့ရော … လှမ်းပြီး ပြုံးပြတယ် ….
 
ကြည်လင် သန့်ရှင်းတဲ့ အပြုံး … ကျမဒေါသ ကိုဆွစေတဲ့ အပြုံး … ငါ့လောက် မချော တဲ့ မိန်း မမှာ … ဘာလို့ဒီလို စွဲမက်ဖွယ် ဖြူစင် အပြစ်ကင်းတဲ့ အပြုံး ရှိနေရ တာလဲ ….
သင်းက .. ငါ့ကို ခုထိ အနိုင်ယူနေတုန်း ပါလားးး …
 
ကျမ ဘာမှ စဉ်းစား မနေတော့ဘူး … မီးဖိုပေါ်က ကျိုက်ကျိုက် ဆူနေတဲ့ ထောပတ်ဆီ ပူအိုး ကို … သတိထား မ လာပြီး … ဥတ္တရာခေါင်းပေါ် လောင်းချ လိုက် ပါတော့တယ် …
>>> အမလေး … ဘယ့်နှယ် လုပ်လိုက် တာတုန်း …
>>> သခင်မ ကို ကယ်ကြပါအုန်း …..
 
ဝိုင်းအော်ကြသော အသံနှင့် အတူ … ယောက်ျား မိန်းမများ တ၀ုန်းဝုန်း အပေါ်ထပ် သို့ ပြေး တက်လာ ကြပြီး … ကျမ ကို ဆွဲထုတ် ရိုက်နှက် ကြပါတော့တယ် …
သူ့ အခန်း ခနပြန်သွားတဲ့ နန္ဒလဲ ပြေးထွက် လာပြီး …

★ ★ ★ ဟဲ့ ဟဲ့ သီရိမာ ကို မင်းတို့ဘယ်လိုပြုနေကြ တာတုန်း … ဆိုပြီး တားတယ် …
>>> မဟုတ်ဘူး အရှင့်သား … သူ သခင်မကို ..ထောပတ် ဆီပူရေတွေ နဲ့လောင်းချ တယ် အရှင့်သား ….
 
★ ★ ★ ဟင် … ဥတ္တရာ … ငါ့ရဲ့ ဥတ္တရာ … သေရှာပြီလား …
> ★ < နန္ဒ အပူ တပြင်း ပြေးဆင်း သွားတယ် …. ကျမ သိသွားပြီ … ကျမရဲ့ ဘ၀အမှန် …
ငါကား အခစားး …. ရိုင်းရိုင်းပြော ရရင် ကြေးစား …. ဥတ္တရာ က နန္ဒရဲ့ ကြင်သူ သက်ထား … ဇနီးမယား ….

 
ထာဝရ မယားဖြစ်လို ၍ ပြုမှား မိသည့်တိုင်အောင် နန္ဒ ၏ မေတ္တာ စစ်ကား … ငါ့အပေါ်မှာ မဟုတ် … ဥတ္တရာ အပေါ်မှာ သာ ရှိတာ ငါသိရပြီ …
ဝိုင်းဝန်း ရိုက်နှက်နေတာ ကို နာမှန်း မသိတော့ဘူး … ရှက်ခြင်း .. ပူလောင်ခြင်း … ၀မ်းနဲခြင်း … ယူကျုံး မရဖြစ်ခြင်း ရောထွေးနေ ခဲ့တယ် … ဒီ အချိန်မှာပဲ …

ဟဲ့ … ဟဲ့ … ငါ့ကျေးဇူးရှင် ခင်ပွန်း မ ကို အန္တရာယ် မပြုကြ နဲ့ ရပ်ကြတော့ တော်တော့ ဆိုပြီး ကျမ ကိုယ်ပေါ် မှာ လှဲချ အုတ်မိုးပြီး … ၀င် ကာ တဲ့ ဥတ္တရာ ကိုတွေ့လိုက် ရလျှင် ပဲ … ကျမ လန့်လွန်းလို့ ကြက်သေသေ သွားခဲ့တယ် ….
ထောပတ်ရေတွေ တစ်ကိုယ်လုံး ရွှဲရွှဲစိုနေပါ လျှက် … ထို အပူဟာ သူ့မေတ္တာဓါတ် ကို မကျော် လွှား နိုင်ကြောင်း … မျက်စိ နဲ့ တပ်အပ်မြင်တွေ့ လိုက်ရတယ် ….

★ သူ မတော်တဆပြုမိတာဖြစ်မှာ ပါကွယ် …
>>> မဟုတ်ဘူး အရှင်မ .. သူ ကျကျနနလောင်း လိုက်တာ … ကျမသေသေချာတွေ့လိုက်တယ် ….

★ ကဲ ..တော်ပါပြီ …ထားလိုက် ပါတော့ … ငါ့မှာမှ အန္တရာယ်မဖြစ် ပဲကွယ် … စိတ်မဆိုးကြ ပါနဲ့ … သူဟာ သခင်မ တို့ကျေးဇူးရှင်လေ … သူသာ အရှင့် သားကို လာမပြုစု မစောင့် ရှောက်ရင် .. သခင်မ တို့လဲ … ၀ိတက် .. ၀ိစာရ ရှင်းရှင်း နဲ့ ဗုဒ္ဓကို ဆွမ်းလုပ်ကျွေး နိုင်မှာ မဟုတ်ဘူးလေ … ကြည့်စမ်းပါအုန်း … သူ့ခမျာ ဒါဏ်ရာတွေတောင် ရနေရှာပြီ … မင်းတို့ အားလုံး သူ့ကို တောင်းပန် လိုက်ကြ ….
သူ ကိုယ်တိုင် ပျာပျာ သလဲ ဆေးလိမ်းပေး ရှာတယ် …. နန ကတော့ ကျမ ကို စူးစူးဝါးဝါး တစ်ချက်ကြည့်ပြီး အပါး က လှည့်ထွက် သွားတယ် ….

★ ★ ကျမ မှားပါပြီ အမရယ် … အမက တစ်ကယ့် သူတော်ကောင်းပါ …
★ မငို ပါနဲ့ ညီမရယ် … မငို ပါနဲ့ … ပုထုဇဉ် ဆိုတာ … ရာဂ ပွားသလောက် မှားကြတာ ပဲလေ …
 
★ ★ ကျမကို ခွင့်လွှတ်တာ … အမ ကို သိပ်အံ့သြ မိတယ် …. ကျမ ကို မမုန်းဘူး လားဟင် …။
★ ညီမလေးကို မုန်းလိုက်ရင် …. ထောပတ်ပူတွေ ဟာ တစ်ကိုယ်လုံး ကို … လောင်မြိုက်တော့ မှာပေါ့ … ကြည့်ပါလား … ညည်းလေး အမ ဘာမ မှ မဖြစ်တာ …။
ဒါဟာ အမ က ညီမကို မမုန်း ဘူး ဆိုတဲ့ အထင်ရှားဆုံး သက်သေ ပါပဲညီမလေးရယ် ….

ကျမ သူ့ကိုဖက်ပြီး အားရ ပါးရငို လိုက်တယ် ….


အခန်း ( ၃ )
***********
အဲ့ဒီနေ့ ကပဲ … ဥတ္တရာ ရဲ့ အကူအညီ နဲ့ … ကျမ အိမ်ကိုပြန် ခဲ့တယ် … ဗုဒ္ဓနဲ့ရဟန်း ၅၀၀ အတွက် ဆွမ်း ဆွမ်းဟင်း တို့ကို … တစ်ည လုံး ကိုယ်တိုင် ချက်ပြုတ်ခဲ့တယ် ….
နောက်တစ်နေ့ မှာ … ကျမ ပိုင်တဲ့ မြင့်ဖြူလေးကောင် ကတဲ့ ရထားလုံးပေါ် မှာ ဆွမ်းဟင်း အပြည့်နဲ့ … ဥတ္တရာ အိမ်ကို ဒုတိယ အကြိမ် … ရောက်လာ ခဲ့တယ် ….

ပထမ တစ်ကြိမ်က … လျှပ်ပေါ်လော်လီသော စိတ်ဖြင့် …ကိုယ်တွင် လှသထက် လှအောင် … မာနဆောင် လာပြီး …
အခုတစ်ကြိမ် လာရာ မှာတော့ …ကျိုးနွံအောက်ကျို့သော စိတ် … တစ်ညလုံး ပင်ပန်း ထား သော်လည်း …. ၀င့်ဝါမှု မရှိ ပကာသန မဆန်သော အ၀တ်တို့နှင့် …
ဖြူစင် တက်ကြွသော အပြုံး ကိုဆောင်လျှက် ….. ဆွမ်းအုတ် ကို ခြေလျှင် သယ်လာသော ကျမကို … လမ်းသွား လမ်းလာ များမြင်ပြီး … ပီတိသောမနသ ဖြစ်နေကြပါတယ် …

ဗုဒ္ဓ ကိုတွေ့လိုက် ရတဲ့ အချိန်မှာ … လူ အားလုံးက ဖခင် လို့ ခေါ်ရတဲ့ အကြောင်းရင်း ကို သိခဲ့ ရတယ် ….
ဗုဒ္ဓ ကို ဒီနေ့ဒီရက် ထိ မဖူးတွေ့ပဲနေခဲ့ တာ … ကျမ ကိုယ်ကျမ ခွင့်လွှတ်နိုင် စရာ အကြောင်း မရှိပါဘူး … မိသီရိမာ ….
 
လှလိုက်တဲ့ သီရိမာရယ် …လှလိုက်တာ … ဒီနေ့ ဒီရက် ထိ …သီရိမာ ကို … မတွေ့ခဲ့ရတာ … သွား မရှာခဲ့တာ ကိုတော့ .. ကိုယ့်ကိုကိုယ် … ခွင့်မလွှတ်နိုင်အောင်ပါပဲ …. ။
မိန်းမယုတ် …. ။ (( ပြန်ကြားယောင်ပြီး ကျမ ကိုယ်ကျမ ကျိန်ဆဲမိ ပါပြီ )))
ဆွမ်းဘုန်းပေးပြီးနောက် …. ဗုဒ္ဓ က ကျမကို ဂရုဏာ အပြည့် ပါတဲ့ အပြုံးနဲ့ လှမ်းကြည့် ပါတယ် … ကျမက

★ ★ ဖခင် … ယမန်နေ့ က .. ကျမဟာ … ကျမရဲ့ကျေးဇူးရှင် … ဥတ္တရာ ကို မပြုကောင်း မပြု အပ သော အရာ … ထောပတ်ဆီ ပူလောင်းပြီးသေကြောင်းကြံ ခဲ့ပါတယ် … သူတော် ကောင်း ကိုစော်ကား မိတဲ့ အတွက် … ကြီးစွာသော အပြစ် မှ လွတ်မြောက်ချင်တဲ့ အတွက် …. ကြီးစွာသော နောင်တ တရားနှင့်အတူ … အဖ ဘုရားရှင် ရှေ့မှောက် ရောက်လာ ခဲ့ ပါတယ် ….
★ ★ ★ ★ ချစ်သမီး …. သူတော်ကောင်းကို ပစ်မှားလျှင် … ကြီးစွာသော အပြစ် ရှိသည်ဟု မှတ်လေ လော့ …. ။
ချစ်သမီး … ချစ်သမီး ၇ဲ့ … ဘ၀ မှာ တစ်ခါမှ မကြားဖူး ခဲ့တဲ့ … လောက မှာ ကျမ ကို ဒီလို ခေါ်မယ့်သူ မရှိဘူး ထင်ထားတာ …. မရှိဖူး တဲ့ ဖခင် ဆိုသူ ဆီက ကြား ချင်ဆုံး စကား …. ဗုဒ္ဓက ချစ်သမီး တဲ့ … ကျမ မျက်ရည်တွေ ကျလာပါတယ် … ။

★ ★ ★ ★ ချစ်သမီး ဥတ္တရာ … ထောပတ်ဆီပူရည် နှင့် လောင်းသော အခါ အသို့ ရှိသနည်း ….
★ တပည့်တော် သည် …သီရိမာကျေးဇူးကြောင့် …ဒါနကိုပြုခွင့် ရပေသည် … သီလ ကို ဆောက်တည် ခွင့် ရပေသည်… ဗုဒ္ဓ ကို ဖူးတွေ့ ဆွမ်းလုပ်ကျွေးခွင့် ရပေသည် …. သီရိမာ ကားကျေးဇူးရှင်ပေတကား ဟု … လွန်စွာ ချစ်ကြည်သော မေတ္တာ ဓါတ်ဖြင့် ခံနေ ပါသည် ဘုရား ။

★ ★ ★ ★ သာဓု သာဓု သာဓု ဥတ္တရာ … အမျက်စောင်း မာန်ကြီး သူကို …. အမျက် မရှိခြင်းဖြင့်အောင်နိုင် ရာ၏ …။
သူတော် မဟုတ် အကျင့်ယုတ် သူကို ….
သူတော် အကျင့်ဖြင့်အောင်နိုင် ရာ၏

ဝန်တို စဉ်းလဲ … စေးနဲ သူကို ….
စွန့်ကြဲပေးကမ်း …. လှူဒါန်းခြင်းဖြင့်အောင်နိုင် ရာ၏ ….

ချွတ်လွဲဖောက်ပြန် … မမှန် စကားဆို သူကို …
သစ္စာ စကားဖြင့်အောင်နိုင် ရာ၏ ….


> ★ < ကျမ မျက်ရည် တွင်တွင် စီးကျသည် အထိ ပီတိဖြစ်ခဲ့ ရသည် …. သည်မျှသော တရား အစုလေးဖြင့် ကျမ စိတ်ကို ချက်ချင်း သိလိုက်ရသည် …
အယူအဆ အလွဲများ … သို့လော သို့လော တွေဝေ မှုများ …. အရေခွံ ကွာကျ ခဲ့သည် …
ဓမ္မအရသာ ကွန့်မြူး လျှက် … ပီတိဖြင့် ပေါ့ပါးကြည်လျှက် ရှိနေခဲ့သည်။


သံဝေဂ တရား ချက်ချင်း ၇ရှိလိုက်သည် … စိတ်သည် … ၀ါဂွမ်း နှယ် ပေါ့ပါး ကြည်လင် သွားခဲ့ ရသည် …
အိမ်ယာ သည် ၄င်း … ဥစ္စာ သည် ၄င်း … ကျမ၏ ရူပကာယ သည်၎င်း … အစရှိသော တပ်မက်မှု အားလုံး တို့သည် …. ကျမ စိတ်ထဲ မှ အပြီးတိုင် စင်ကြယ် သွားခဲ့သည် ….
သာဓု သာဓု သာဓု ချစ် သမီး သီရိမာ …. သင် ချစ်သမီးကား … အရိယာမဂ် ..အယဉ် အဆင့်သို့ … ဆိုက်ရောက် ခိုဝင်ပြီး ဖြစ်ပေပြီ ….။
 
လောက၏ ဖခင် ဗုဒ္ဓ ၏ စကားသည် … အမ ဥတ္တရာ တို့ တိုက်ကြီး တစ်ခုလုံး သိမ့်သိမ့် တုန်သွား သည်ဟု … ကျမ ထင်လိုက် မိသည် … ကျမ မျက်ရည်တွေ ကား ရွဲရွှဲစို လျှက်ပင် ….။

ကဲရှင် သလ္လ၀တီ ဟာ အဘယ မင်းသား နဲ့အကြောင်း ပါပြီး သားတော် ဇီဝကကိုမွေးခဲ့ ပါတယ်တဲ့
ဒါဆို အမ္ဗပါလီ ဟာ ဗိမ္မိသာရ နဲ့အကြောင်း ပါပြီး သားတော်လေး တစ်ပါး ဖွားမြင်ခဲ့တယ် …သူလဲ 


နာမည်ကြီး ရဟန္တာ ပဲ အဲ့တာဘယ်သူလဲ ရှင်
ချမ်းမြေ့ကြပါစေရှင် …..


from ....facebook
Search Myanmar

 

1 comment:

  1. ဟယ်လို
    သယ်ရင်းတို့
    ခုလိုကော်ပီကူးချင်ရင်
    Credit ပေးတာကောင်းမယ်
    ထင်တယ်
    ဘာမပြောညာမပြော
    ကူးတာကတော့
    မူရင်းစာရေးသူကို
    စော်ကားရာကျပါတယ်
    ဟုတ်တယ်မလား
    ရေသောက်ရင်
    ရေအိုးစင်ကျေးဇူးကိုသိတတ်ရပါတယ်

    ReplyDelete