*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 26 July 2014

အင်တာနက် သာ မရှိတော့ရင်



၂၁ ရာစုနှောင်းပိုင်း မှာ လူတွေကြားထဲ ရေပန်းစားလာ ခဲ့တဲ့ စကားလုံး တစ်လုံးရှိပါတယ်။ အဲဒါ ကတော့ တခြား မဟုတ်ပါဘူး။ အင်တာနက်လိုင်း မကောင်းဘူး ပဲဖြစ်ပါတယ်။ အခုချိန် မှာ အင်တာနက် ရဲ့ အရေး ပါမှု ကလည်း တဖြည်းဖြည်း တွင်ကျယ်လာတဲ့ အခါမှာ အင်တာနက် ကို အားကိုး ရတဲ့ ပမာဏ ကလည်း များပြားလာပါတယ်။ 

အင်တာနက် ဆိုတာ ကလည်း မိမိ တို့ သိလို၊ တတ်လို တဲ့ အသိပညာ အတတ်ပညာ မှန်သမျှကို စိတ်ရှိ လက်ရှိ မွှေနှောက်နိုင် တဲ့ ဗိမာန်ကြီး တစ်ခုလိုဖြစ်နေတော့ ဒီလိုမျိုး အင်တာနက် ကို အလွန်တရာ အားကိုး လာတာကို အပြစ်လို့ မဆို သာတော့ပါဘူး။
 

လူငယ်တွေ အနေနဲ့ အင်တာနက်ပေါ် မှာ အချိန်ဖြုန်း တာများလာ သလို လူကြီးတွေ အနေနဲ့ ကလည်း အင်တာနက်က တစ်ဆင့် ဆက်သွယ်ကြ၊ စာဖတ်ကြ နဲ့ ခေတ်သစ် လူနေမှုဘ၀ မှာ အင်တာနက် က ရာခိုင်နှုန်းတော်တော် များများ ကို ချုပ်ကိုင်လာနိုင်ပါတယ်။ 

ဒါဆိုရင် ဒီလို အလွန်တရာ အားကိုးနေရတဲ့ အင်တာနက်ကြီး ရုတ်တရက်ပြတ်တောက် သွားမယ်၊ အင်တာနက် ကို လုံးဝ လုံးဝ အသုံးပြု လို့ မရတော့ဘူး ဆိုရင် ဘယ်လိုဖြစ်ကြမလဲ။ ဒီကိစ္စ ကို PC Pro မဂ္ဂဇင်း အယ်ဒီတာ နီကိုးလ်ကိုဘီ က ဆောင်းပါး တစ်ပုဒ်ရေးသား ထားပါတယ်။
 
အင်တာနက် ဆိုတာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ မှာ အရှိန် အဟုန်ကောင်းကောင်း နဲ့ တိုးတက် လာနေတဲ့ နည်းပညာ တစ်ရပ် ဖြစ်ပေမယ့် ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတွေ မှာတော့ အားကောင်းနေပြီးသားဖြစ်တဲ့ နည်းပညာ ပါပဲ။ 

ဒီလိုမျိုး နိုင်ငံကြီးတွေမှာ လည်း အင်တာနက် ကို အားကိုး အားထား ရမှုက တခြားဖွံ့ဖြိုးဆဲနိုင်ငံတွေ ထက် ပိုပါတယ်။ ဆိုရမယ် ဆိုရင် ဗြိတိန်လို၊ အမေရိကန်  နိုင်ငံမျိုး မှာ အင်တာနက်ပြတ်တောက်ဖို့ ဆိုတာ အခုချိန် မှာ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စတစ်ရပ် ပါပဲ။ ကျွမ်းကျင် ပညာရှင်များ ကတောင် ဒီကိစ္စက မဖြစ်နိုင်ဘူး လို့ အခိုင် အမာ ပြောကြားထား ပါတယ်။
 
 ဒါပေမဲ့ လည်း Cambridge တက္ကသိုလ် ကွန်ပျူတာ ဌာန နက်ဝက်ခ် စနစ်များ ရဲ့ ပါမောက္ခ ဂျွန်ခရောင်းဖို့ ကတော့ သူ့ရဲ့ သုတေသနတွေ အရ အင်တာနက် ပြတ်တောက်မှု ဆိုတာက လျှပ်စစ်ပြတ်တောက် မှု၊ ရေပြတ်တောက် မှု၊ ဖြစ်နိုင်ခြေ အနေအထား မှာ ရှိတယ်လို့ ဆိုထားပါတယ်။
 
တကယ်တော့ အင်တာနက်ပြတ်တောက်ဖို့ ဆိုတာ နည်းလမ်း အမျိုးမျိုးနဲ့ ဖြစ်ပေါ်နိုင် ပါတယ်။ အစိုးရက ရည်ရွယ်ချက် ရှိရှိ ဖြတ်တောက်၍ ဖြစ်စေ၊ လျှပ်စစ်လိုင်း ပြတ်တောက် လို့ဖြစ်စေ၊ အကြမ်းဖက် အဖွဲ့များက တိုက်ခိုက် လို့ဖြစ်စေ၊ ဟက်ကာများ က တိုက်ခိုက် လို့ဖြစ်စေ နည်းလမ်း အမျိုးမျိုးး နဲ့ ပြတ်တောက် သွားနိုင် ပါတယ်။
 
ပါမောက္ခ ခရောင်းဖို့ အဆိုကို ထောက်ခံတဲ့ အချက်တွေ ကလည်း ၂၀၁၄ ခုနှစ်မှာ အဆက်မပြတ် ကို ဖြစ်ပေါ် လာနေ ပါတယ်။ ဒီနှစ် ထဲ မှာပဲ အကြမ်းဖက် မှုတွေကြောင့် အီဂျစ် နဲ့ ဆီးရီးယားနိုင်ငံတွေ မှာ အင်တာနက် ကို အစိုးရ က ခေတ္တပိတ်ထား ခဲ့ရပါတယ်။
 
“အီဂျစ်နဲ့ ဆီးရီးယား၊ ဆူဒန် တို့လို နိုင်ငံတွေ မှာ အင်တာနက်ပြတ်တောက် သွားတာ က ထင်ရှားတဲ့ ဥပမာတွေ ပဲ၊ နိုင်ငံတွေ မှာ အင်တာနက်ပြတ်တောက် သွားပြီ ဆိုရင် ကမ္ဘာကြီးနဲ့ ဆက်သွယ်ဖို့ ဆိုတာ အလွန်တရာ မှ ခက်ခဲသွား ပါပြီ”ဟု ခရောင်းဖို့ က ဆိုခဲ့ပါတယ်။
 
နိုင်ငံ တစ်နိုင်ငံမှာ အင်တာနက်ပြတ်တောက် သွားမယ်ဆိုရင် ပထမဆုံးကြုံတွေ့နိုင် ရတဲ့ အခက်အခဲ က ဆက်သွယ်ရေး ပဲ ဖြစ်ပါတယ်။ သာမန်ပြည်သူတွေ အချင်းချင်း ဆက်သွယ်ရ ခက်ခဲ သွားနိုင်သလို အစိုးရ ဌာန အချင်းချင်း လည်း သတင်း ထုတ်ပြန်မှု၊ သတင်းပေးပို့ မှုတွေက တစ်မဟုတ်ချင်း ပြတ်တောက် သွားနိုင် တဲ့ ဒုက္ခ နဲ့ ရင်ဆိုင်သွားရနိုင် ပါတယ်။
 
ဒါ့အပြင် နိုင်ငံ အချင်းချင်း ဆက်သွယ်မှုတွေ က ခက်ခဲနှေးကွေးသွားနို င်ပြီး အင်တာနက် မရှိတဲ့ နိုင်ငံ အတွင်း ဖြစ်ပေါ်နေ တဲ့ အချင်းအရာတွေ ကို လည်း အခြားနိုင်ငံ များက မသိနိုင်တော့တဲ့ အတွက် နိုင်ငံ အတွင်း အကြမ်းဖက် မှုတွေ ဖြစ်ပွားနေ ရင်တောင် အခြားနိုင်ငံတွေ က သိဖို့ အခွင့် အရေး နည်းပါး သွားနိုင်လိမ့်မယ် လို့ အီဂျစ်၊ ဆီးရီးယား အင်တာနက်ပြတ်တောက်မှု ကို ကနဦး သိရှိခဲ့တဲ့ Renesys နက်ဝက်ခ် ကုမ္ပဏီ ရဲ့ နည်းပညာ အကြီးအကဲ ဂျင်ကိုဝီ က ပြောကြားခဲ့ပါတယ်။
 
“မြောက်ကိုရီးယား လို နိုင်ငံမျိုး မှာ အင်တာနက်ပြတ်တောက် သွားမယ်၊ အကြမ်းဖက် မှုတွေ ဖြစ်ပွားနေတဲ့ ဆီးရီးယား လို နိုင်ငံမျိုး နဲ့ အာဖဂန်လိုနိုင်ငံ မျိုးတွေ မှာ အင်တာနက်ပြတ်တောက် သွားမယ်ဆို အဲဒီ က သတင်းတွေ ရယူနေ တဲ့ သတင်းသမားတွေ သာမက၊ အစိုးရ အတွက် နိုင်ငံတကာ ကို သတင်း ထုတ်ပြန် ဖို့ ခက်ခဲ သွားလိမ့်မယ်”လို့ ကိုဝီ က မှတ်ချက်ပေးထား ပါတယ်။
 
ဒီလိုမျိုး ကိစ္စတွေ အပြင် အထက် က ဆိုခဲ့ သလို အင်တာနက် ကို ရည်ရွယ်ချက် ရှိရှိ ဖြတ်တောက် ခဲ့ တဲ့ ဖြစ် ရပ်တွေ လည်း ရှိခဲ့ပါတယ်။ ရုန်းရင်း ဆန်ခတ်မှုတွေ ဖြစ်ခဲ့ အတွက် အီဂျစ် အစိုးရက အင်တာနက် လိုင်း တချို့ ကို ဖြတ်တောက်ခဲ့ သလို ဆီးရီးယား ဆိုရင်လည်း တစ်နိုင်ငံလုံး အင်တာနက် ကို ဖြတ်တောက် ခဲ့တယ်။ 

ဒီလိုမျိုး ရည်ရွယ်ချက် က သူတို့ရဲ့နိုင်ငံ ကို တခြားနိုင်ငံတွေ က စုံစမ်းထောက်လှမ်း မှု မပြု လုပ်နိုင်အောင် သတင်း အမှောင်ချထားချင် လို့ ဖြစ်တယ်လို့ ပါမောက္ခခရောင်းဖို့ က ပြောကြားခဲ့ပါတယ်။
“အင်တာနက် က နိုင်ငံတွေ ရဲ့ တစ်နိုင်ငံ အပေါ် တစ်နိုင်ငံ စုံစမ်းမှုတွေ၊ သူလျှို လုပ်ငန်းတွေ အတွက် အရေးကြီး တဲ့ အစိတ် အပိုင်းတစ်ရပ် မှာ ပါဝင်ပါတယ်၊ 

ဒါကြောင့် တချို့နိုင်ငံတွေ က ဆိုးရွား တဲ့ ပဋိပက္ခမျိုးဖြစ်လာပြီ ဆို အခြားနိုင်ငံတွေ က ၀င်ရောက် ဆက်သွယ် ဖို့ ခက်ခဲအောင် ရည်ရွယ်ချက် ရှိရှိ အင်တာနက် ကို ဖြတ်တောက် လိုက်ကြတယ်”လို့ ခရောင်းဖို့ က ဆိုပါတယ်။
 
အင်တာနက်ပြတ်တောက် မှု က နိုင်ငံရေး နဲ့ လူမှုရေး အတွက် အကျိုးသက်ရောက် တဲ့ အပြင် စီးပွားရေး နဲ့ ပညာရေး အတွက်လည်း များစွာ ထိခိုက်နစ်နာစေ ပါတယ်။ နိုင်ငံကြီးတွေ ရဲ့ စီးပွားရေး လုပ်ငန်းများ အားလုံး က အင်တာနက်ပေါ် က လွယ်လွယ် ကူကူ လုပ်ဆောင်နိုင် ဖို့ ပြုလုပ်ထားတဲ့ အတွက် အင်တာနက် သာ ပြတ်တောက်သွားမယ် ဆိုရင် electronic banking လို၊ mobile banking ၊ mobile payment လို ငွေကြေးစနစ်တွေ ပြတ်တောက် သွားနိုင်ပါတယ်။ 

ဒါ့ အပြင် အင်တာနက်ပေါ် အားကိုးပြီး လုပ်ကိုင်နေရ တဲ့ ကြော်ငြာ လုပ်ငန်းတွေ၊ ၀က်ဘ်ဆိုက် ကုမ္ပဏီတွေ လည်း ဆုံးရှုံးမှု များစွာ ဖြစ်ပေါ်လာနိုင် တယ် လို့ ခရောင်းဖို့ က ဆိုပါ တယ်။
 
၂၀၀၇ ခုနှစ် က ကုန်ထုတ်လုပ်မှု များ အားလုံး ရဲ့ တင်သွင်းမှုများ ထဲမှာ e-commerce ရဲ့ ပါဝင် မှုနှုန်း က ၃၅ ရာခိုင်နှုန်း ရှိတယ်လို့ အမေရိကန် အချက်အလက် ကောက်ခံရေး ဗျူ ရိုက ဆိုပါတယ်။ ၃၅ ရာခိုင်နှုန်း ဆိုတာ ကို ငွေကြေး နဲ့ ပြန်လည် တွက်ရမယ် ဆိုရင်တော့ ၁ ဒသမ ၈ ထရီလီယံ ရှိနေပါတယ်။ 

 ဒါကြောင့် အခုလို အချိန် မှာ အင်တာနက် သာ ပြတ်တောက်ခဲ့မယ် ဆိုရင် နိုင်ငံတစ်နိုင်ငံ ရဲ့ စီးပွားရေး အားလုံး က ချွတ်ခြုံ ကျသွားနိုင်ခြေ ရှိပါတယ်။
 
စီးပွားရေး အင်အားကြီးနိုင်ငံတွေ မှာ အင်တာနက်ပြတ်တောက်မှု အတွက် စီးပွားရေး ထိခိုက်မှု အကြီး အကျယ် ဖြစ်ပေါ် လာနိုင်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လည်း အကြီးအကျယ် မဟုတ်ရင်တောင် အင်အားကြီးနိုင်ငံတွေ ရဲ့ ရိုက်ခတ်မှုတွေရှိ လာနိုင်တယ် လို့ Renesys ရဲ့ နည်းပညာ အကြီးအကဲ ကိုဝီ က ဆိုပါတယ်။
 
“နိုင်ငံငယ်လေးတွေ မှာ သိပ် မထိခိုက်နိုင်ဘူး ဆိုပေမယ့် စီးပွားရေး အင်အားကြီး နိုင်ငံတွေ နဲ့ ချိတ်ဆက် ကုန်ကူး ရမယ့် အခက်အခဲ ကတော့ ရှိနေဦးမှာ ပဲလေ”ဟု ကိုဝီ က မှတ်ချက်ပြု ထားပါတယ်။ ပညာရေး အပိုင်း ကို ကြည့်မယ် ဆိုရင်လည်း အင်တာနက် ကတစ်ဆင့် သင်ယူနေရ တာတွေ၊ အင်တာနက်က တစ်ဆင့် သင်တန်း ပို့ချရတာတွေ မှာ အခက် အခဲတွေ့လာနိုင်တယ်။ 

ဒါ့အပြင် အင်တာနက် ကို အားကိုးထား ရတဲ့ အင်တာနက် အစီအစဉ်တွေ ကလည်း ချက်ချင်း လက်ငင်း ဆိုသလို ရပ်တန့် သွားပါလိမ့်မယ်။
 
“ကျွန်တော်တို့ တက္ကသိုလ်မှာ တင် အင်တာနက် က တစ်ဆင့် သင်တန်းပို့ချ ရတာ၊ အင်တာနက်က တစ်ဆင့် project တင် ရတာ၊ စာမေးပွဲဖြေရ တာမျိုးတွေ ရှိတယ်၊ အင်တာနက် သာ ပြတ်တောက် သွား မယ် ဆိုရင်တော့ ဒီကိစ္စတွေ က ဖြစ်လာနိုင်  စရာ အကြောင်းလည်း မရှိတော့ပါဘူး”ဟု ခရောင်းဖို့ က ပြော ကြားခဲ့ပါတယ်။
 
ဒါကြောင့် ၂၁ ရာစုနှောင်းပိုင်း လို အင်တာနက်ခေတ်ကြီး ထဲ အင်တာနက် သာ မရှိတော့ဘူး ဆိုရင် ကျွန်တော် တို့ နေတတ်ကြပါဦး မလား၊ အင်တာနက် စနစ်အပေါ် မှီခိုထား ရတဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ နိုင်ငံရေး စနစ်တွေ ကတော့ ဆက်လက် ရပ်တည်နိုင်ဦး မလား ဆိုတာ ကတော့ သံသယဖြစ်စရာပါ။

 နိုင်ငံတွေရဲ့ အင်တာနက် အပေါ် မှီခို တည်ဆောက်ထားတဲ့ စနစ်တွေ ကကော ဆက်လက်ရပ် တည်နိုင် မလာဘူးဆိုတာ ကတော့ မတွေးရဲ စရာ အခြေအနေမှာ သာ ရှိနေပါတော့တယ်။
 

Ref: How Stuff Works: What would happen if the Internet collapsed ကို ဘာသာပြန် ထားခြင်း ဖြစ်ပါသည်။

  ရဲထွဋ်သိန်း
From...Mizzima

No comments:

Post a Comment