*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday, 3 July 2014

ရယ်သံ ကို ကြောက်နေ ရတဲ့ ဘ၀မှာ နေထိုင် ရသူများ


ရယ်မောပျော်ရွှင်နေသည့် သူငယ်ချင်း များကြား နေရခြင်း သည် ပျော်စရာဖြစ်၏။ သို့သော် လူတစ်စု အတွက် ကား ထို သို့ မဟုတ်။ ရယ်မောနေ သူများ ကြားနေ ရခြင်း သည် သူတို့ အတွက် ကြီးစွာသော ဒုက္ခကြီးဖြစ်သည်။ ထို သူများသည် ရောဂါ ခံစား နေရ သူများ ဖြစ်၏။ ဂလိုတိုဖိုးဘီးယား ဟု ခေါ်တွင် သည်။ ရယ်သံကို ကြောက်ရွံ့သော ရောဂါဖြစ်၏။

ဒရမ်မွန် (အမည်လွှဲ) သည် အမေရိကန် နိုင်ငံမှ အသက် ၁၈ နှစ် အရွယ် လူငယ်ဖြစ်သည်။
““ကျွန်တော့်ဘေး မှာ လူတွေ ရယ်သံ ကြားတိုင်း သူတို့ ဘာကြောင့် ပဲ ရယ်ရယ် ကျွန်တော့်ကို ၀ိုင်းလှောင်ပြောင် ရယ်မော နေကြတယ် လို့ အလိုလို ခံစားလာရတယ်။ 


ကျွန်တော် အလိုလိုနေရင်း သွေးတွေ ဆူတက် လာပြီး ရယ်နေ သူတွေကို  ရန်လုပ်ဖို့ အသင့် ဖြစ်နေ တတ် တယ်”” ဟု ဒရမ်မွန် က သုတေသန ပညာရှင် များကို သူ့အကြောင်း ပြောပြသည်။ 

ဂရမ်မွန် သည် ဂလိုတိုဖိုးဘီးယား ဟု ခေါ်သည့် ရယ်သံကြောက် ရောဂါ ခံစားနေရ သူ ဖြစ်သည်။
““ကိုယ် အမှား လုပ်မိလို့ သူများ ရယ်မှာ ဟားမှာ ကိုလည်း သေမလောက် ကြောက်တယ်။ အရယ် ခံရမယ့် အဖြစ်မျိုး မရောက်အောင် ဘာလုပ်လုပ် သတိကြီး ထားပြီး လုပ်တယ်။ 

ဒါကြောင့် ကျွန်တော်ဟာ တစ်နေ့လုံး လိုလို မျက်နှာကြီး တင်းတင်း၊ လူကြီး က တောင့်တောင့်ကြီး နဲ့ မသက် မသာ ပုံစံ ပေါက်နေ တတ်တယ်။ တစ်ခါ တစ်လေ သူများတွေ ပျော်ရွှင်နေ ရယ်မော နေတာတွေ့ ရင် ကိုယ်လည်း သူတို့ လို လိုက်နေချင်တယ်။ ပျော်ရွှင်ချင်တယ်။ ရယ်မောချင်တယ်။ ဒါပေမဲ့မရဘူး။ သူတို့ နားရောက်ပြီး ရယ်သံ ကြားတာနဲ့ ကျွန်တော် ကြောက်လာတယ်။ 

အန္တရာယ် တစ်ခုခု ကြုံရတော့ မလိုကို ခံစားရပြီး ကြောက် လာတယ်။ ပြီးရင် ပြေးဖို့ ကြိုး စားရင် ကြိုးစား မယ်။ အဲ့လို မှ မဟုတ်ရင်တော့ ရယ်နေသူတွေ ကို ကျွန်တော် ရန်လုပ် မိရော။ အဲဒီလို အချိန်မျိုး မှာ ကျွန်တော့် ကိုယ် ကျွန်တော်လည်း ထိန်း မရတော့ဘူး””ဟု ဒရမ်မွန်က ပြောသည်။

ကြောက်စရာ ရယ်သံ
ဒရမ်မွန် ပြောပြ သည့် သူ့ အကြောင်းများ ကို ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့ တက္ကသိုလ် မှ ဒေါက်တာ ထရေစီပလတ်နှင့် အဖွဲ့ က မှတ်တမ်း တင်ထား ကြသည်။ ဒေါက်တာပလတ် သည် ရယ်သံကြောက် ရောဂါ ကို လေ့လာနေ သည့် ကမ္ဘာ တစ်ဝန်း ပညာရှင်များ ထဲမှ  တစ်ဦးဖြစ်သည်။ 

အာဖရိက၊ ကနေဒါ၊ အိန်္ဒိယ၊ ရုရှား စသည် တို့မှ ပညာရှင်ပေါင်း များစွာ သည် ရယ်သံကြောက် ရောဂါကို နားလည် နိုင်အောင် ကြိုးပမ်းနေကြသည်။ မည်သည့် နောက်ခံ အကြောင်း များ ကြောင့်ရယ် သံ ကြောက်ရောဂါ ဖြစ်ပွား လာကြောင်း ကို ဖော်ထုတ် နေကြသည်။

ရယ်သံကြောက်ရောဂါ (ဂလိုတိုဖိုးဘီးယား) ခံစား နေရ သူများသည် ရယ်သံ ကို အဓိပ္ပာယ် ဖွင့်နိုင်စွမ်း မရှိ သူများဖြစ်သည်။ ထို့အပြင် ရယ်သံ ဟူသည် ကြောက်စရာ ဟူ၍ လည်းကောင်း၊ သူတို့ ကို ဒုက္ခပေးမည့် အချက်ပြသံ ဟူ၍ လည်းကောင်း အလိုလို ခံစား ကြရသည်။ 

ရယ်သံကြောက် ဝေဒနာရှင် များသည် လူအများ နှင့် ပေါင်းသင်း ဆက်ဆံ ရန် ခက်ခဲ သူများ လည်း ဖြစ် သည်။ လူအများနှင့် ရောနှောရလေ စိတ်ဖိစီး၊ ခေါင်းကိုက်၊ မအီ မသာဖြစ်ခြင်း များ ကြုံကြ ရသည်။

ချက်ကာ သည် အစ္စရေးနိုင်ငံ မှ ဖြစ်ပြီး အသက် ၃၇ နှစ် အရွယ် ဖြစ်သည်။ သူ့ကို ရယ်ခြင်း မဟုတ်သည့် တိုင် လူတွေ ဆီက ရယ်သံကြား တိုင်း သူ့မှာ သိပ်ရှက်ပြီး အနေရ ခက်နေ တတ်သည် ဟု ချက်ကာ က ပြောပြ သည်။

““ရယ်သံ ကြားတာ နဲ့ ကျွန်တော် စိတ်တွေ လှုပ်ရှား လာတယ်။ ပြီးရင် ဒေါသတွေ ထွက်လာ တယ်။ ဒေါသ ကို တစ်ယောက် တည်း ကျိတ်ခံ ရတာလည်း ရှိတယ်။ တစ်ခါ တစ်လေ တစ် နာရီ နှစ် နာရီလောက် တစ်ယောက် တည်း ဒေါသ နဲ့ နပန်းလုံးနေ တယ်။ တစ်ခါ တစ်လေ တစ်နေကုန်တယ်။ အဲဒီလို ဖြစ်ပြီးပြီ ဆိုရင် တစ်ကိုယ် လုံး တင်းတောင့်ပြီး ညောင်းညာ ကိုက်ခဲ လာရော။ ခေါင်းလည်း ကိုက်လာတယ်””ဟု ချက်ကာ က ပြောသည်။

သို့ဖြစ်သောကြောင့် လူတွေ နဲ့ ရောရ မည့် အခြေအနေမျိုး ကို တတ်နိုင် သမျှ ချက်ကာရှောင်သည်။ တစ်ယောက် တည်း စာဖတ်ချင် ဖတ်သည်။ တစ်ယောက်တည်း ဆော့နိုင် သည့် အားကစား တစ်ခုခု လုပ်ချင် လုပ်သည်။

ပလိပ် ရောဂါသည် ကို ရှောင် သလိုကို ရှောင်ကြသည်။
““တချို့က ကျွန်တော့ အားနည်း ချက်ကို သိလို့ ကို တမင် ကို သူတို့ သူငယ်ချင်းတွေရှေ့ မှာ ကျွန်တော့် ကို အသုံး ချခံ တစ်ခု လို အသုံး ချကြတယ်။ ကျွန်တော့် ကို သူတို့ သူငယ်ချင်းတွေရှေ့ ခေါ်သွားပြီး တမင် ရယ်ပြ ကြတယ်။ ကျွန်တော် ကြောက်လာ တာကို သူတို့ သူငယ်ချင်းတွေ ကို ပြကြတယ်။ အဲဒီလို အလုပ် ခံရပြီ ဆို ကျွန်တော် ပိုစိတ် တိုပြီး ရန်ဖြစ်တဲ့ အထိ ဖြစ်ကုန်တယ်””ဟု ချက်ကာ က ပြောပြသည်။

““ကျွန်တော် ရန်ဖြစ် ခဲတယ်။ ဖြစ်ပြီ ဆိုရင်လည်း တစ်ဖက် လူ ဆိုးဆိုး ၀ါးဝါး နာကျင် သွားအောင် လုပ် လိုက် ရမှ ကျေနပ် သွားတတ်တယ်။ ကျွန်တော် အဲဒီလို ဖြစ်တတ် တဲ့ အတွက် တော်တော် များများက ကျွန် တော့်ကို ဆို ပလိပ် ရောဂါ ဆိုးကြီးကို ရှောင် သလို ကို ရှောင်သွားကြရော””ဟု ချက်ကာ က ပြောပြသည်။

ရယ်သံကြောက် ဝေဒနာရှင် မျိုး အဖို့ လူများများ ရှိသည့် ရုံးခန်း လို နေရာမျိုး မှာ လုပ်ကိုင် ရခြင်းသည် ကျိန်စာ သင့်သည့်နှယ် ရှိသည်။ တစ်ယောက် မဟုတ် တစ်ယောက်စီ က မကြာမကြာ ဆိုသလို ရယ်သံကြား ရမည်ဖြစ်ရာ တစ်ချိန် လုံး တိုက်ခိုက် ခံနေ ရသည့်နှယ် ရှိမည်။ သို့ဖြစ်သောကြောင့်ပင် ရယ်သံကြောက် ဝေဒနာရှင်များ အဖို့ ၀င်လုပ်နိုင်သည့် အလုပ် က အလိုလို ချုံ့ပြီးသား ဖြစ်နေသည်။

အချိန် ကြာလာ သည် နှင့် အမျှ လူအများ ကြား မ၀င်ဆံ့ သူ တစ်ယောက် အဖြစ် ခံစား လာရကာ စိတ် ရှုပ်ထွေးခြင်း၊ ကိုယ့်ကိုယ် ကို အားမရ မကျေနပ်ခြင်း များပါ ခံစား လာရတော့သည်။ ထို့ထက် ပိုဆိုး လာ လျှင် စိတ်ကျရောဂါ ဖြစ်ပွားတော့သည်။ 

ရယ်သံကြောက် ဝေဒနာရှင် များသည် မိတ်ဆွေ အပေါင်း အသင်း လည်း ရှားပါး သလို၊ ချစ်သူ ရည်းစား ရဖို့လည်း ခက်ခဲကြသည်။ သူငယ်ချင်း ရလာ လျှင်လည်း ရေရှည် တည်မြဲသော မိတ်ဆွေ ဆက်ဆံရေး ထူထောင်နိုင် ဖို့ ခက်ခဲသည်။ ချစ်သူ ရည်းစား ရလာ လျှင်လည်း ရေရှည် မြဲမြံ လက်တွဲနိုင် ဖို့ ခက်ခဲတတ်သည်။

““ကျွန်တော် အထီးကျန် တစ်ယောက် တည်းနေရ တာ များပါတယ်။ အထီးကျန် ဘ၀ နဲ့ ဖြတ်သန်း တတ်အောင် လည်း ကျွန်တော် ကြိုးစား နေထိုင်ပါတယ်””ဟု ချက်ကာ က ပြောသည်။

အနိုင်ကျင့် ခံရခြင်း များကြောင့်
ရယ်သံကြောက် ဝေဒနာ အကြောင်း စနစ် တကျ စတင် လေ့လာသည် မှာ ၂၀၀၈ ခုနှစ် တွင် မှ ဖြစ်သည်။ သို့ဖြစ်ရာ ထိုနယ် ပယ်သည် ဆက်လက် လေ့လာ စရာ များစွာ ရှိနေသေးသော နယ်မြေဖြစ် သည်။

 ဖော်ထုတ် ထားနိုင်သည် က နည်းနည်း သာ ရှိသေးပြီး မသိသေး သည်က များစွာ ရှိနေသည်။
ငယ်ငယ် က အနိုင် ကျင့် ခံခဲ့ရခြင်း များ သည် ကြီးလာသည့် အခါ ရယ်သံကြောက် ဝေဒနာ ခံစား ရစေ သည့် လက်သည် များ ဖြစ်သည်။ ကလေး တစ်ယောက် ကြီးပြင်း ခဲ့သည့် ၀န်းကျင် သည် ကလေးကို ပုံသွင်း သည်။ 

ကလေး၏ နေအိမ် ဘ၀၊ ရပ်ကွက်ထဲ က ဘ၀၊ ကျောင်းဝင်း ထဲက ဘ၀၊ လူမှု ၀န်းကျင် ဘ၀ စသည် တို့တွင် စိတ်ကို အပြင်း အထန် ထိခိုက်လောက်အောင် အနိုင်ကျင့် ခံခဲ့ ရခြင်း များ ရှိခဲ့ ပါက ကြီးလာ သည့် အခါ ရယ်သံကြောက် ဝေဒနာ ခံစား ရနိုင်ခြေ ပိုများလာသည်။ 

ရယ်သံကြောက် ဝေဒနာ ရှင် တော်တော် များများ သည် ငယ်စဉ် က ကျောင်းမှာ အနိုင်ကျင့် ခံခဲ့ ရသူ များဖြစ်ကြောင်း ဒေါက်တာ ပလတ်က ပြောသည်။ ရယ်သံကြောက် ဝေဒနာ သည် ငယ်စဉ် မှာ အဖြစ် နည်းပြီး အသက် ၃၀ နောက်ပိုင်း မှ သာ ဖြစ်လာလေ့ ရှိကြောင်း ဒေါက်တာ ပလတ်က ပြောသည်။

ရယ်သံကြောက် ဝေဒနာရှင် တစ်ယောက် အဖို့ အခြား လူများ ၏ ရယ်မောနေသော မျက်နှာ သွင်ပြင် များကို မည်သည့် အတွက်ကြောင့် ကြောက်စရာ ဟု အဓိပ္ပာယ် ဖွင့်မိနေ သနည်း သိနိုင်စေရန် ဒေါက်တာ ပလတ်နှင့် အဖွဲ့သည် သုတေသန ပြုလျက် ရှိသည်။ စေတနာ့ ၀န်ထမ်း ကူညီမည့် သူများကို အွန်လိုင်းမှ တစ်ဆင့် ရှာဖွေခဲ့သည်။ ကူညီမည် ဟု စာရင်းပေး သူများ အနက် မှ ရွေး ချယ် ကာ ထိုလူများ ကို ဇူးရစ်မြို့ သို့ ဖိတ်ခေါ်သည်။

ထိုလူများ ကို လူမျက်နှာ ပုံစံ အမျိုးမျိုး ပြသသည်။ အထူး သဖြင့် အပြုံး မျက်နှာ များကို ပြသ သည့် အချိန် တွင် ထို လူများ၏ ခံစားချက် ကို အဓိ က စောင့်ကြည့်သည်။ မည်သည့် အပြုံးမျိုး သည် ကြောက်စိတ် ကို နှိုးဆွကြောင်း ဖော်ထုတ်သည်။

ရယ်သံကြောက် ဝေဒနာ ခံစားနေရသူ ၏ ဦးနှောက် ကို ပုံစံ ပြန်သွင်းပေးသော နည်းဖြင့် ရယ်သံကြောက်ခြင်း ကို လျော့နည်း သွားအောင် လုပ်ယူနိုင်မည် ဟု ဒေါက်တာ ပလတ် က ပြောသည်။ ကြောက်စရာ ဟု ထင်နေသော အပြုံး မျက်နှာ ပုံစံသည် ကြောက်စရာ မဟုတ်ကြောင်း ကို တစ်ဆင့် ချင်း ပြောပြပေးခြင်းဖြင့် အကြောက်ပြေအောင် ဖြေလျှော့ပေးနိုင်မည် ဟု ဒေါက်တာပလတ် က ဆိုသည်။ 

သို့သော် ရယ်သံကြောက်ရောဂါ နယ်ပယ် သည် ယခု မှ  အသစ်ဖြစ်သောကြောင့် ကုသနည်း ကိုညွှန်း ရန် စောလွန်းနေသေးကြောင်း ဒေါက်တာပလတ် က ပြောသည်။ ကမ္ဘာပေါ် တွင် ဗြိတိန်နိုင်ငံ သည် ရယ်သံကြောက် ဝေဒနာ ရှင် အများဆုံး ရှိသော နိုင်ငံဖြစ်ကြောင်း ဒေါက်တာပလတ် က ပြော သည်။ 

ဗြိတိန်နိုင်ငံ သားတို့ ၏ ရယ်မောခြင်း ယဉ်ကျေးမှု ပုံစံသည် ရယ်သံကြောက် ဝေဒနာဖြစ်အောင် လှုံ့ ဆွနိုင်ကြောင်း ဒေါက်တာပလတ် က ဆိုသည်။ ဗြိတိန်နိုင်ငံ သား ၁၃ ရာခိုင်နှုန်း ထိ ရယ်သံကြောက်ခြင်း ကို အဆင့် တစ်ခု အထိ ခံစားနေရကြောင်း ဒေါက်တာပလတ် က ပြောသည်။

၁ ရာခိုင်နှုန်း ကား ရယ်သံ ကို အလွန် အမင်းကြောက် သည့် အဆင့်ထိ ရှိပြီး နေ့စဉ် ဘ၀ လှုပ်ရှား မှုများ ကိုပါ  ထိခိုက်နေရ ကြောင်းလည်း သိရသည်။ အာရှတိုက် တွင်လည်း ထိုသို့ ရယ်သံကြောက် ဝေဒနာရှင် များပြားကြောင်း ဒေါက်တာပလတ် က ပြောသည်။ အာရှတိုက် ဘက် မှ လူများ ကား ယဉ်ကျေးမှု အရကို က အရှက် အကြောက် ကြီးသည့် အလေ့ အထရှိ ရာ ထို စိတ်ကြောင့်ပင် ရယ်သံကြောက် ဝေဒနာ ဖြစ် ပွားနိုင်ခြေ ပို များကြကြောင်း သိရသည်။

ရယ်သံကြောက် ဝေဒနာ ခံစားနေရသူ များ ၏ ဦးနှောက် သည် ငယ်စဉ် က မည်သည့် သက်ရောက်မှု များကြောင့် မည် သို့ ထိခိုက်ပြီး ချို့ယွင်း သွားရသည် ကို သိနိုင်စေရန် ပညာရှင်များ လေ့လာ ဆဲ ဖြစ်သည်။ ထိခိုက် ချို့ယွင်းရ ပုံများကို သိလာ လျှင် မည်သို့ ကာကွယ် ရမည်ကို ဖော်ထုတ်နိုင်လာမည်။ ကာကွယ် နည်း သိလာ လျှင် ကုသနည်း ကိုပါ ဖော်ထုတ်နိုင် လာမည် ဖြစ်သည်။

ကိုထိုက်
Ref: Living a life in fear of laughter By Pippa Stephens
messenger
From...Search Myanmar

 

No comments:

Post a Comment