*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday, 22 August 2014

ကြယ်တွေစုံတဲ့ည... ဝေးသွားတဲ့အခါ

 
ရှေးမြန်မာတွေ လက်စွဲ သုံးနှုန်းခဲ့ကြတဲ့ ဝေါဟာရတွေ ထဲမှာ အင်မတန် ရင့်သီးပြီး နား မခံသာတဲ့ အမြင် ကတ်စရာ အသုံးအနှုန်း တစ်ခုရှိတယ်။ ‘‘ဖက်ခွက်စား’’တဲ့။ အနုပညာ အလုပ်နဲ့ အသက်မွေး ဝမ်းကျောင်း မှုပြု သူတွေကို ပေးထားတဲ့ နာမ်စား။ သိပ် မုန်းဖို့ကောင်းတာပဲ။ စဉ်းစားကြည့်ကြ ပါဦး လူတွေရဲ့ စိတ်နှလုံး ဟဒယ ကို ကြည်နူး ဆွတ်ပျံ့အောင် စွမ်းဆောင်နေတဲ့ သူတွေကို များ ပက်ပက် စက်စက် ဖက်ခွက်စားတဲ့။

အဲဒီ အတွေးအခေါ်ကြီး ဟာ အင်မတန် အိုဟောင်းပြီး ဒိတ်အောက် သွားပြီ ဆိုတာ ဩဂုတ်လ ၁၄ ရက်နေ့ မှာ ကျင်းပတဲ့ အခမ်းအနား တစ်ခုက သက်သေပြခဲ့တယ်။ ချစ်ခြင်း အားဖြင့် (၁၀)နှစ်တဲ့။ လွန်ခဲ့တဲ့ ဆယ်နှစ် က ကွယ်လွန် သွားခဲ့တဲ့ တေးရေးဆရာ အဆိုတော် ကိုငှက်ကြီး ကို လွမ်းခြင်း အားဖြင့် ကျင်းပကြ တဲ့အခမ်းအနား။ 

လူတွေ ရဲ့နှလုံးသား ကို ဆယ်နှစ် ဆယ်မိုး တိုင်အောင် လွှမ်းမိုး ထားနိုင်သူ တစ်ယောက်ဟာ ဘယ်လိုလုပ် ဖက်ခွက်စားဖြစ်ရ မလဲ ဖြစ်ချင်းဖြစ် ရတနာသေတ္တာပဲ ဖြစ်ရတော့ မပေါ့။


 
ဟုတ်တယ်လေ သူ ကွယ်လွန်သွား ခဲ့တာတောင် ဆယ်စုနှစ် တစ်ခုကြာခဲ့ပြီ။ မမေ့နိုင်ကြသေးတာ ကိုကြည့် ရင် သူ သီကုံးခဲ့တဲ့ သံစဉ်တေးသွားတွေ ဟာ ရတနာတွေ လို အဖိုးထိုက်တန် ခဲ့လို့ပေါ့။ ရတနာ ဆိုတာ နှစ် ကြာလေ တန်ဖိုးတက်လေ မဟုတ်လား။ 

အဖိုးတန် ပစ္စည်းတွေ မို့ ဘာနဲ့မှ အစား မထိုးနိုင်ဖြစ်နေကြတာ အထင် အရှား။ တကယ်တော့ ထူးအိမ်သင် ဆိုတာ မြန်မာ့ ဂီတလောက ရဲ့ မှော်ဆရာ တစ်ဦးပဲလေ။ သူဖန်တီး ခဲ့တဲ့ သီချင်းတွေ ကို ကွယ်လွန်ခြင်း ဆယ်နှစ်ပြည့် အထိမ်းအမှတ်ပွဲ လုပ်ပြီး ကျန်ရစ်သူ မိသားစု အတွက် ရန်ပုံငွေ ရှာဖွေမယ့် ရှိုးပွဲ ကို ကန့် ကွက် သံတွေ ဆူညံနေ လို့ သတင်းစာ ရှင်းလင်းပွဲတောင် လုပ်ရတဲ့ အဖြစ်။

 မှော်အောင် ထားတဲ့ မှော်ဆရာ ဆိုတော့ တော်ရုံ တန်ရုံ အဆိုတော် များ သူ့ သီချင်းကို ထိမရ၊ ဆိုမ ရအောင် ပြုစား ခဲ့လေ သလားမသိ။ ကန့်ကွက် သူတွေ အပြော ကလည်း ရှင်းပါတယ်။ ကျန်ရစ်သူ မိသားစု ကို ရန်ပုံငွေ မရစေချင်တာ မဟုတ်၊ မသနား လို့ လုံးဝ မဟုတ်။ ထူးအိမ်သင် ရဲ့သီချင်းတွေ ကို သနားလို့။ အရသာပေါ့ပျက် သွားမှာစိုးလို့။ 

 မူရင်း ခံစားချက် အနှစ်သာရတွေ ပျက်စီး သွားမလား စိုးရိမ်လို့။ ဖြစ်နေ လိုက်ကြတာ အကဲဆတ်လိုက်တာ လို့ ပြောသူတွေလည်း ရှိပါတယ်။ ထူးအိမ်သင်ကို ချစ်တဲ့ ပရိသတ်ကြီး ကတော့ ကိုငှက်ကြီးနေရာ မှာ ဘယ်သူ့ ကိုမှ ယနေ့ထက်ထိ အစား မထိုးနိုင်သေးလို့ပါ။

အဲဒါ ကိုယ်ပိုင် သံစဉ်ကို ဖန်တီးနိုင်သူတွေ ရဲ့အားသာချက် ပါ။ ထူးအိမ်သင် ဖန်တီးခဲ့တဲ့ အနုပညာတွေဟာ ကိုယ်ပိုင် သံစဉ်၊ ကိုယ်ပိုင် စာသားတွေကို ကိုယ်ပိုင်ဟန် နဲ့ဆိုထားတာ။ နှစ်ယောက် မရှိတဲ့ မှော်ဆရာကြီး ရဲ့ ဂီတ ကို သူ့လို လှပအောင် ဘယ်သူ ဆိုနိုင်မှာတဲ့လဲ။ မီအောင်ဆိုနိုင်မယ် မထင်ဘူး။ အဲဒါ သေချာပြော ရဲတယ်။ ပါရမီရှင်တစ်ယောက်မို့သာ ဂီတလောက မှာ မှတ်တိုင် တစ်ခု ခိုင်မာစွာ စိုက်နိုင်ခဲ့တာ။

ထူးအိမ်သင် ရဲ့မိခင် နဲ့ DVB ရဲ့ အင်တာဗျူးလေးကြည့်လိုက် ရတယ်။ အမေ့ရဲ့ ဒုက္ခအိုးလေး ကို ချစ်ခြင်း များ နဲ့ အမေပြန်ပြောပြနေတာ မျက်ရည်တွေ ကျလို့။ ငယ်နာမည် က သန်းထွန်းစိုး လို့ ပေးထားသတဲ့။ အခါ လည် အရွယ်လောက် ကတည်းက ဆိုင်းသံ၊ ဗုံသံ ကြားရင် မြူးတူးပျော်ရွှင်နေတာ တဲ့။ ဇာတ်ပွဲများ ဆို သိပ်ကြိုက်။ 

ဇာတိမြေ မော်လမြိုင် မှာ လာက တဲ့ ဇာတ်ပွဲ ဆို ရှေ့ဆုံးတန်း က ကြည့်ရမှ၊ မဟုတ်ရင် ဆူညံအော် ဟစ်နေရော တဲ့။ ဗီဇ အဲဒါ အနုပညာ ဗီဇ ပါသူတွေရဲ့ သင်္ကေတ။

 ၂ နှစ်ခွဲ အရွယ်လောက် ကတည်းက ကလေး အဆိုတော် သန်းထွန်းလေး ရဲ့ မမေ့တဲ့ အညာ သီချင်းကို အသံနေ အသံထား စည်းဝါးကွက်တိ ဆိုတတ်နေတဲ့ သူ။ အဲဒီလောက် ငယ်ငယ်လေးနဲ့ သီချင်း ဆိုကောင်း တဲ့ သူ့ကို အဖေလုပ်သူ က ရန်ကုန်က အပြန်မှာ ဘာဂျာလေး တစ်လက် ဝယ်ပေးခဲ့တယ်။ 

မှုတ်လိုက်ရုံ နဲ့ အသံထွက် တဲ့ ဘာဂျာလေး ကို ထူးအိမ်သင်ပေါက်စနလေး က ဒီအတိုင်း မထားဘူး။ ဘာဂျာ ထဲ ကထွက် လာတဲ့ အသံ အနိမ့်အမြင့်ဟာ ဘယ်လို ထွက်လာသလဲ သိချင် စိတ်နဲ့ ဘာဂျာကို တစ်စ စီဖြုတ်ရှာသတဲ့။ 

ဒါပေမဲ့ အကောင် အထည်မပြနိုင်သေးတဲ့ ဗီဇ ဟာ အဖေ့တုတ်စာ မိသွားတယ်။ မှုတ်စေချင်တဲ့ ဘာဂျာကို ဖျက်ဆီး ရကောင်းလားလို့ စိတ်ဆိုးပြီး ရိုက်တာ အမေ့ ခမျာ နနွင်းတောင် သိပ်ပေးရတယ်ဆိုပဲ။

ကျောင်းနေတဲ့ အရွယ်ရောက်တော့ သူ့ နာမည်က ကျော်မြင့်လွင်။ လူပျိုပေါက် အရွယ် စာမကျက် ဘဲ ဂစ်တာကြီး တဒေါင်ဒေါင် လုပ်နေလို့ အိမ်ပေါ် က နှင်ချ ခံရတယ်ဆိုတော့ အဆိုတော်ကြီး မြန်မာပြည် သိန်းတန် စင်မြင့်ထက် ကနေ ပရိသတ်ကြီး ကို ရယ် စရာပြောပြဖူးတာလေး သွား သတိရ မိတယ်။

 မြန်မာပြည်သိန်းတန် ဟာ မျိုးရိုး ထဲမှာ အနုပညာ ဗီဇ တစ်ယောက်မှ မရှိတဲ့ အညာသား။ မိဘတွေက ကုန်သည် ပွဲစား။ သူက အမေရိကန် အဆိုတော် ‘အဲဗစ်ပရက်စလေ’ကို အားကျပြီး ဂစ်တာ တစ်လုံးဝယ် သူ့ဘာသာ အိမ်မှာ တီး၊ ကြာလာတော့ အဖေ က နားကြားပြင်း ကတ်လာတယ်။

 ‘‘မင်းဟာကြီး တီးတဲ့ အသံ ကလည်းကွာ ငါ့နားထဲ မတော့ နွားမကြီးသေးပန်းနေတဲ့ အတိုင်းပဲ တဗြန်းဗြန်း နဲ့ အဲဒါကြီး အတီး ရပ်ရင်ရပ်၊ မရပ်ရင် မင်းအိမ်ပေါ်က ဆင်း’’  ဆိုပြီး နှင်ချ  လို့ မြန်မာပြည် သိန်းတန် ဂစ်တာ ပိုက်ပြီး အိမ်ပေါ်က ဆင်းခဲ့ ရဖူးတယ်။

 တကယ်တော့ ကျွန်မတို့ လူ့အဖွဲ့ အစည်း မှာ တောက်မယ့် မီးခဲတွေ ပြာဖုံးနေ ခဲ့တာ။ ကျောက်သွေး ဆရာကောင်းတွေ မတွေ့ ခဲ့လို့ တန်ဖိုး မတက် ခဲ့တဲ့ ရတနာတွေ အများကြီးနေ မှာ။ ပြောပြီး ပါပကော မြေတောင်မြှောက်ပေး ဖို့နေနေသာ ‘ဖက်ခွက်စား’ရယ် လို့ နှိပ်ကွပ် ထားခဲ့ကြတယ်လေ။ 

ရွက်ပုန်းသီး ဘယ်လောက် များများ လူမသိ၊ သူမသိ ကြွေကုန်လေတယ် မသိ။ ထူးအိမ်သင် မဟုတ်သေး တဲ့ ကျော်မြင့်လွင် ကို မိဘ များက ဘွဲ့ရ ပညာတတ်ကြီး ပဲဖြစ်စေချင် တာလည်း မိဘတွေကို အပြစ်မဆို သာပါဘူး။ 

 အနုပညာ အလုပ်နဲ့ အသက်မွေး ဝမ်းကျောင်း ဖို့ဆိုတာ သေချာတဲ့ အလုပ်မှ မဟုတ်ဘဲလေ။ ဒါပေမဲ့ ဇွဲကောင်း တဲ့ ကျော်မြင့်လွင် ဟာ သူယုံကြည်ရာ ဂီတ ခရီးကြမ်းကို တုံးပေ ကတ်သတ် ဇွတ်ချီ တက်ခဲ့လို့ ‘ထူးအိမ်သင်’ဆိုတာ ဖြစ်ခဲ့တာ။ 

ယနေ့အထိ ကျွန်မ တို့ မမေ့သေးတာ။ ကျော်မြင့်လွင် ဇွတ်တရွတ် ဂီတကို လက်မလွှတ်ခဲ့ လို့ ‘နာရီပေါ်က မျက်ရည် စက်များ’ကို ကျွန်မ တို့မြင်ခဲ့၊ ကြားခဲ့၊ ခံစားခဲ့ရတာ။ အဲဒါ ထူးအိမ်သင် ဖန်တီးတဲ့ ပထမဆုံးအခွေ။ 

ချစ်သူ ပန်ထားတဲ့ ပန်းနီနီဖြစ်ချင် သတဲ့။ သူဆောင်း ထားတဲ့ ထီးအနီလေး နဲ့ နေရာခဏလဲချင်သတဲ့။ ဖိနပ် အနီ ကလေးလည်း ဖြစ်ချင်သတဲ့။ သူ့ချစ်သူ လှအောင်၊ အေးမြအောင်၊ ခလုတ် မထိဆူးမငြိအောင် သူက လုပ်ပေး ချင်နေတာတဲ့။ 

ဆယ်ကျော်သက်တွေ ရဲ့ နှလုံးသားတွေ ကို သိမ်းကျုံး ယူသွားခဲ့လေ သလား ‘ထူးအိမ်သင်’။ အဲဒီ သီချင်းတွေ ကျွန်မ အခုထိ စွဲလမ်းနေတုန်း ပဲ။ ကြာခဲ့ပြီ လွန်ခဲ့တဲ့နှစ်သုံးဆယ် နီးပါးက သီချင်း ဒီနေ့အထိ
 လတ်ဆတ်နုပျိုဆဲ။

အဲဒီခေတ် လူငယ်တွေ အားလုံး ပျော်ဝင် စီးမျောခဲ့တာ ရှစ်လေးလုံး လှိုင်းထဲမှာ ကျော်မြင့်လွင့် (ခ) ထူးအိမ်သင် လည်း ပါခဲ့တယ်။ အာဏာရှင် စနစ်ကို ဆန့်ကျင်တော်လှန် တဲ့ ကျောင်းသား တစ်ယောက်ဖြစ် ခဲ့တယ်။ တက္ကသိုလ်တွေပြန် အဖွင့် သူ့ ရင်ဘတ်ထဲက ထွက်ကျ လာတဲ့ သီချင်းတွေက ပိုပြီးလေးနက်တဲ့ အဓိပ္ပာယ်တွေ ပါလာခဲ့တယ်။

 ‘ဂျပ်ဆင်ထိပ်က လရိပ်ပြာ’သီချင်း ဟာ အရေးတော်ပုံ ကာလမှာ ဒီမိုကရေစီ အရေးအတွက် အသက်ပေး သွားခဲ့ကြတဲ့ တက္ကသိုလ် က အတန်းဖော် သူငယ်ချင်းတွေ၊ အဆောင်က သူငယ်ချင်းတွေ အတွက် ခံစားရေး ဖွဲ့ခဲ့တာ၊ မီးမထွန်း တဲ့ အခန်းကျဉ်းထဲ က လိပ်ပြာငယ်လေး ကို လွမ်းတယ်တဲ့။

 နေဝင်ချိန်တွေ ဆို ရင်တွေ နာကျင်စွာ ဆွေးတယ်တဲ့။ နှလုံးသား ထဲက အစွဲ အလမ်းတွေ မီးလိုလောင် ကျွမ်းနေဆဲ ပါပဲတဲ့။ ဒီမိုကရေစီ ဘက်တော်သား တိုင်းရောက် ရတဲ့ အင်းစိန်ထောင် ကို ထူးအိမ်သင် လည်း ရောက် တာပေါ့။ ဒါပေမဲ့ ထောင်ပြန် လက်ဆောင် ပရိသတ် အတွက် ယူလာတယ်။ 

‘‘အမေ့အိမ်’’သီချင်း။ အင်းစိန် ဘူတာမှာ ဝင်ထွက်နေကြတဲ့ ရထားတွေ ရဲ့ ဥဩ ဆွဲသံကို ကြားမိရာက အိမ်ပြန်ချင်တဲ့ စိတ်တွေ တားမ ရ လို့ ရေးစပ် ခဲ့တဲ့ သီချင်းတဲ့။ ရိုးသားတဲ့ကျေးလက် က အမေ့ အိမ်။ နှလုံး သား က လွမ်းဆွတ် လို့ တမ်းတ မိတဲ့ အမေ့အိမ်လေးဆီ ကို ပြန်လာ ချင်ပေ မယ့် ပြန်လို့ မရတဲ့ ဘဝ ကို တွေးမိ ရင်း အိပ်မရတဲ့ ညများစွာ အကြောင်း ရေးဖွဲထားတာ။  အခုထိ တန်ဖိုးရှိနေတုန်း။

လူငယ် ပီပီ ငယ်ငယ်ရွယ်ရွယ် နဲ့ အောင်မြင်ခဲ့ပေမယ့် ဘဝင် မမြင့်ခဲ့ဘူး။ အောက်ခြေ မလွတ်ခဲ့ဘူး။ တိုင်းကျိုးပြည်ပြု အတွေး အခေါ်တွေ သူ့မှာ ရှိခဲ့တယ်။ အနာဂတ် လူငယ်တွေ အတွက် ‘ညီလေးရေ’ဆိုတဲ့ သီချင်း နဲ့ လမ်းပြပေး ခဲ့သေးတယ်။ အမှားနဲ့ အမှန် လမ်းမမှားအောင်ရွေးပါ။ အချိန်များဟာ ဘဝမှာနည်း လွန်းလို့ လမ်းမမှားပါစေနဲ့ တဲ့လေ။

သူ ကိုယ်တိုင် ဖခင် ဘဝရောက်တော့ လည်း အဖေတိုင်း မပေးနိုင်တဲ့ ‘တုနှိုင်းမဲ့ ရတနာ’ကို ချစ်သမီးလေး အတွက် ပေးခဲ့တယ်။ သူ့ သမီးလေး ကို တင်စား ထားတာများ ချစ်သမီးလေး ရဲ့ ပါးနုနု ကလေးက မနက်ခင်း ပွင့်တဲ့ ပန်းကလေးထက် ပိုမွှေးသတဲ့။  သမီးကလေး ‘မိကွန်ထော’ လွမ်းလို့ မကုန်နိုင်တဲ့ အဖေ။

ပရိသတ်ကြီး အတွက် ရတနာ သံစဉ်တွေ ကို ဖန်တီးပေး ခဲ့တဲ့ ပါရမီရှင်မှော်ဆရာကြီး ‘ထူးအိမ်သင်’(၁၀)နှစ် တဲ့ သူ ထွက်သွားတာ။ ဟုတ်လို့ လားလို့ ပြန်တွက် မိတယ်။ သူ့ သီချင်းတွေက ပျံ့လွင့်နေတုန်း မို့လေ။

 ဝေးသွားတဲ့အခါ မင်းရဲ့ ချစ်လိပ်ပြာနှလုံးသား မှာ ဟိုဒီ ပျံဝဲလို့နေတယ် တဲ့ ကိုငှက်ကြီး ဆိုခဲ့ ဖူးတယ်။ ဟုတ်တယ် ပုလွေသံ၊ ဘာဂျာသံ၊ ဗုံတိုသံတွေ အခုထိ ကြားနေရ ဆဲပဲ။ ထူးအိမ်သင် ဆိုတဲ့ နေလုံးကြီး ဝင်ရောက် ကွယ်ပျောက်သွားပေမယ့် ကြယ်တွေ စုံတဲ့ည မှာ လရိပ်ပြာ ကတော့ ဂျပ်ဆင်ထိပ်မှာ ဒီအတိုင်း ရှိနေတုန်း ဘာမှ မပြောင်းလဲသေးပါဘူး။


ဂျေလှသင်
From...7 Day Daily

No comments:

Post a Comment