*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 18 June 2014

တိတ်တိတ်ပုန်း မုန့်ဖိုးပေးတဲ့ အကျင့်လေး စပြင်လိုက်ကြရအောင်




ဒီနေ့ခေတ် အချိန်အခါ မှာ အိမ်ကို အလည်လာတဲ့ ဆွေမျိုးတွေ ကဖြစ်ဖြစ်၊ ဧည့်သည်တွေ ကဖြစ်ဖြစ် အဲဒီ အိမ်က ကလေးတွေ ကို မိဘ၊ အုပ်ထိန်းသူ မသိအောင် မုန့်ဖိုးပေးတာ ကို ခပ်စိပ်စိပ် တွေ့လာရပါတယ်။ ကလေးတွေ ကို တိတ်တိတ်ပုန်း မုန့်ဖိုးပေးတဲ့ အကျင့် အကြောင်းကို အသေအချာ လေ့လာကြည့်ရအောင် ပါ။ 

ဒါက အရွယ် မရောက်သေးတဲ့ ကလေးတွေ ရဲ့ စိတ်ထဲမှာ လူသူ မသိဘဲ သူများတစ်ပါး ရဲ့ ငွေကြေးကို ယူ လို့ရတယ် လို့ အတွေးစိတ် ထဲ ၀င်သွားနိုင်ပါတယ်။ ဒီ အတွေးကို ပိုပြီးတွေးဖြစ်တာ က ဟိုနေ့ က နယ် ကနေ လာလည်တဲ့ တစ်ဝမ်းကွဲ ညီအမတွေ က အိမ်က အသက်သုံးနှစ်ကျော် အရွယ်ရှိ တူလေးကို မုန့်ဖိုး ၅၀၀၀ တန်နှစ်ရွက် ကလေး ရဲ့ အင်္ကျီအိတ်ထောင် ထဲ ထည့်ပေးတာ ကနေ စတယ် ဆိုရင် မမှားဘူးလို့ ဆိုရမှာပါ။



အိမ်က အစ်မသုံးယောက်က သူတို့ တူကို လူကြီး မသိအောင် တစ်နည်း အားဖြင့် လူမြင်ကွင်းနောက်ကွယ် ကနေ ပေးသမျှ ကို လက်မခံဖို့ ၊ မယူဖို့ ၊ အဲဒီလို လူမသိသူ မသိ လုပ်တာ၊ ယူတာက ကိုယ်ကျင့်တရား ပျက်ပြား ရာရောက်တယ် ဆိုတာမျိုးကို ဥပမာတွေနဲ့ ပြောပြပြီး တားမြစ် ထားပါတယ်။ 

တစ်ခါ အခုခေတ် က နိုင်တဲ့ ၀န်ကို မထမ်းတဲ့ သူတွေ များလာလို့ တဲ့ တူလေးကို အခုအရွယ်ကတည်း က ပြောင်သည်ဖြစ်စေ၊ မပြောင်သည်ဖြစ်စေ သူတို့ ကြမ်းတိုက်နေရင် ကြမ်းဝိုင်း တိုက်ခိုင်းတယ်။ သစ်ပင်ရေလောင်းခိုင်းတယ်။ ကိုယ်နိုင်တဲ့ ၀န်ကို နိုင်တဲ့ ဘက်ကနေ ၀င်ထမ်းရမယ် ဆိုတဲ့စိတ်ကို ငယ်ငယ် ကတည်းက စွဲနေအောင် လုပ်ပေးနေတယ်ကြတာပါ။ 

 နောက် ပိုက်ဆံကို ငါးနှစ်ကျော် ကျောင်း စတက်မှသာ ဂဏန်း သင်္ချာတွက် တတ်အောင် ပေးသုံးမယ်လို့ သူတို့က ဆုံးဖြတ် ထားကြပါသေးတယ်။ ဒါကလည်း ကလေးတွေ က ပိုက်ဆံ ရှိရင် အရာရာ လုပ်လို့ရ တယ် ဆိုတဲ့ အတွေးမျိုး မ၀င်အောင်နဲ့ ငွေကြေးကို ကိုးကွယ် တပ်မက်သူတွေ မဖြစ်ရေး ဆိုတဲ့ သူတို့ရဲ့ တွက်ကိန်းဖြစ်ပါတယ်။ ကဲပါလေ ဒါက အိမ်က အစ်မတွေနဲ့ တူတော်မောင်၊ သူတို့ တူဝရီး ရဲ့ ဇာတ်လမ်းပါ။

တိတ်တိတ်ပုန်း မုန့်ဖိုးပေးတဲ့ ကိစ္စကို ပြန်ဆက်ကြရအောင်ပါ။ ကလေးတွေ ကို မုန့်ဖိုး တိတ်တိတ် ပုန်း ပေး တဲ့ အကြောင်းကို မိတ်ဆွေ သူငယ်ချင်း တခြားနိုင်ငံ သူ၊ နိုင်ငံသားတွေ (မလေးရှား၊ ဂျပန်၊ အင်္ဂလိပ် ၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်) နဲ့ ဆွေးနွေးကြည့်ဖြစ် ပါတယ်။ 

သူတို့ဆီမှာ ဒီလို ကလေးတွေကို မုန့်ဖိုး တိတ်တိတ်ပေးတဲ့ အကျင့် ရှိသလား လို့မေးတော့ သူတို့ အား လုံးပြော တာက ပွဲတော် အခါမှာတော့ ကလေးတွေ ကို ဧည့်သည်တွေ၊ ဆွေမျိုးတွေက မုန့်ဖိုးပေးလေ့ ရှိ တယ်။ ဒါကလည်း မိဘတွေရှေ့မှာပဲ။ 

 ပမာဏ ကလည်း သိပ်မများတဲ့ ကလေးတစ်ယောက် မုန့်ဝယ် စားလို့ရနိုင်တဲ့ ငွေကြေးသာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီက သီတင်းကျွတ်၊ တန်ဆောင်မုန်းနဲ့ တန်ခူးလလို မြန်မာ့ပွဲတော် အချိန်အခါတွေ မှာ ဆွေ မျိုး၊ မိတ်ဆွေက ကလေးတွေကို မုန့်ဖိုးပေးသလိုမျိုး ပါပဲ။ 

သူတို့က ဆက်ပြောတာက....
ကိုယ်လုပ်နိုင်တဲ့ အလုပ် မှန်သမျှကို နိုင်တဲ့ဘက် ကနေ တာဝန်ယူ လုပ်ဆောင် သင့်တယ် ဆိုတာမျိုးကို ကလေးတွေ ရဲ့ စိတ်ထဲကို စွဲသွားအောင် လုပ်ပေးကြရအောင်ပါ။ ဆယ်စုနှစ်တွေ ချီပြီး စွဲကပ်နေတဲ့ လာဘ်ပေး လာဘ်ယူတဲ့ အကျင့်တွေ ကို ကျွန်တော်တို့ ရဲ့ ကလေးတွေ စွဲမသွားအောင် လုပ်ပေးခြင်း အားဖြင့် သိပ်မဝေးတဲ့ အချိန်မှာ လာဘ်ပေးလာဘ်ယူခြင်းကင်း တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာအောင် . . . . .

အရွယ် မရောက်သေး တဲ့ ကလေးတွေကို သူတို့ သုံးနိုင်တဲ့ ပမာဏဖြစ်စေ၊ အဲဒီ ပမာဏထက် ပိုပေး တာဖြစ်စေ အုပ်ထိန်းသူ မသိအောင် ပေးခြင်းဟာ စိုးရိမ်စရာ ကောင်းပါတယ်။ ကလေးတွေ မသုံးသင့်၊ မ၀ယ်သင့် တာတွေ ၀ယ်မယ်၊ သုံးမယ် ဆိုရင် အလွန် အန္တရာယ်ကြီးတယ် လို့ ပြောကြပါသေးတယ်။ 

ဒါနဲ့ သေချာအောင် သူတို့ကို ထပ်မေးကြည့်ပါသေးတယ်။ တကယ်လို့ အိမ်မှာ လာတည်းတဲ့ ဧည့်သည်တွေ ဘာတွေကရော အိမ်ရှင်ရဲ့ကလေးတွေကို အိမ်ရှင်လူကြီးတွေ မသိအောင် မုန့်ဖိုးပေးတတ်သလားလို့ မေးမြန်းပြန်တော့ သူတို့အားလုံး တညီတညာတည်း ပြောတာက တကယ်လို့ တည်းခိုခွင့်ရတဲ့အတွက် လက်ဆောင်ပေးချင်တယ်ဆိုရင် ပစ္စည်းတစ်ခုကို အိမ်ရှင်လူကြီးတွေလက်ထဲပဲ ထည့်ပေးတာမျိုး၊ ကလေးအတွက် မုန့်ပဲသရေနဲ့ ကစားစရာတွေကိုဝယ်ပြီး လူကြီးတွေရှေ့မှာပဲ ပေးလေ့ရှိပါတယ်လို့ ပြောကြပြန်ပါသေးတယ်။

ဘာအတွက်ကြောင့် ကလေးတွေ ကို တိတ်တိတ်ပုန်း မုန့်ဖိုးပေးတဲ့ ကိစ္စကို ဒီလောက် အထိ အရေးကြီး ခွင်ကျယ် လုပ်နေတာလဲ လို့ မေးလာမယ် ဆိုရင် အဖြေက အဆင့်သင့် ရှိပါတယ်။ အခု ကျွန်တော်တို့နိုင်ငံ မှာက လက်ဖက်ရည်ဖိုး နဲ့ တံစိုးလက်ဆောင်တွေပေးတဲ့ ကိစ္စက ဆိတ်သုဉ်း မသွားဘဲ ပိုပြီး ကျယ် ကျယ်ပြန့်ပြန့် ဖြစ်နေလို့ပါ။ 

တခြားသူတွေ့တာ မဟုတ်ဘူး၊ လက်သိပ်ထိုးပေးတာပဲ၊ အိမ်ကို လာပေး တာပဲ ဆိုပြီး လာဘ်လာဘပေး တာကို မြိန်ရည် ယှက်ရည် ယူငင်သုံးစွဲနေတာကို နေရာတိုင်းမှာ တွေ့နေရလို့ပါ။ ဒီကနေ့ခေတ် ၀န်ကြီး၊ ၀န်ကလေးတွေ၊ အရာရှိ အရာခံတွေ ကို ကြည့်လိုက်ပါ။ နောက်ဆုံးပေါ် ကားနှစ်စီး၊ သုံးစီးနဲ့ နေအိမ်က သုံးလုံး၊ လေးလုံး ပိုင်ဆိုင်နေကြပါတယ်။ 

သူတို့ ရတဲ့ လစာနဲ့ ဒီပစ္စည်းတွေ ဆိုတာ စိတ်ကူးနဲ့တောင် ပိုင်ဆိုင်လို့ မရတဲ့ အရာတွေပါ။ ဒီလို ပစ္စည်း အသုံးဆောင်တွေ ပိုင်ဆိုင်ဖို့ ဆိုတာ လာဘ်မယူဘဲ ဘယ်လိုမှ မ၀ယ်နိုင်၊ မသုံးစွဲနိုင်ပါ။ အဲဒီလို လာဘ်ယူ စဉ် က သူတို့ ရုံးခန်းမှာ လူရှေ့ သူရှေ့ မှာ လက်ခံ ခဲ့ကြတာ မရှိသလောက် နည်းမှာပါ။ 

အိမ်မှာ လာပို့တာကို လက်ခံထားတဲ့ ပစ္စည်းတွေ က ပိုဖြစ်နိုင်ခြေ ရှိပါတယ်။ တစ်နည်းပြောရင် အာဏာ အလွဲသုံးစား လုပ်ပြီး ဆိတ်ကွယ်ရာ ကနေ တိုင်းပြည်ဘဏ္ဍာ ကို ခိုးယူကြတာပါ။ တစ်ခုတော့ ရှိတာပေါ့။ သားတွေ၊ သမီးတွေ မင်္ဂလာဆောင် မှာ မင်္ဂလာဆောင် လက်ဖွဲ့ဆိုပြီး ပုံဖျက်ပြီး လက်ခံတာ မျိုးတွေလည်း ရှိပါတယ်။ 

ဒီလို လူရှေ့သူရှေ့ မှာ လက်ခံတာ မဟုတ်ရင် ခိုးယူတာ၊ ညာယူတာ၊ လိမ်ယူတာ ဆိုတဲ့ ရှက်ရွံ့သိမ်ငယ် ရမယ့် စိတ်မျိုး မ၀င်ဘဲ မိသားစုလိုက် ပျော်ပျော်ကြီး လက်ခံ သုံးစွဲနေကြတာ အများ အမြင်ပဲ ဖြစ်ပါတယ်။ 

အခု ဆိုရင် ဘယ်လောက်ထိ ဖြစ်လာသလဲ ဆိုတော့ အာဏာရှင် အစိုးရကို ဖြုတ်ချမယ် ဆိုတဲ့ တော် လှန်ရေး အင်အား စုတွေ ကတောင် အခုလက်ရှိ အစိုးရပေးတဲ့ ဘာပါမစ်၊ ညာပါမစ် ဆိုတဲ့ လက်ဆောင်တွေ ကို လူထုနောက်ကွယ် ကနေ လက်ခံနေကြတဲ့ အထိ ဖြစ်လာတာက အတော်စိတ် မကောင်း စရာကောင်းတဲ့ အခြေအနေပါ။

လာဘ်ပေးလာဘ်ယူ ကိစ္စနဲ့ လူထုပိုင် ပစ္စည်း အလွဲသုံးစား လုပ်နေတာကို မကြိုက် မနှစ်သက်တဲ့ သူတွေ ကနေစပြီး ကျွန်တော်တို့ ရဲ့ ကလေးတွေ ကို ဘယ်သူ ကပဲဖြစ်ဖြစ် လူရှေ့သူရှေ့မှာ ပေးတာ မဟုတ်တဲ့ ပစ္စည်း ကို  လက်မခံဖို့၊ အဲဒီလို လက်ခံတယ် ဆိုတာက စာရိတ္တ ပျက်ယွင်းတယ် ဆိုတာမျိုး၊ လူအများ မသိ တဲ့အရာကို လက်ခံစားသုံး၊ သုံးစွဲတာက ရှက်စရာကောင်းတယ် ဆိုတာကို ပြောပြရင်း အကျင့် စာရိတ္တ ဆို တဲ့ စကားလုံးရဲ့ လေးနက်တဲ့ အနက်အဓိပ္ပာယ် ကလေးတွေရင်ထဲ စွဲနေအောင် ဒီကနေ့ကစပြီး ပြောပြပြီး ကိုယ်ကိုယ်တိုင်ကလည်း ရှေ့ဆောင်လမ်းပြအနေနဲ့ အဲဒီလို လာဘ်ပေးလာဘ် ယူခြင်း ရှောင်ကြဉ်ကြ ရအောင်ပါ။ 

ဒါ့အပြင် ကိုယ်လုပ်နိုင်တဲ့ အလုပ်မှန်သမျှ ကို နိုင်တဲ့ ဘက်ကနေ တာဝန်ယူ လုပ်ဆောင် သင့်တယ် ဆိုတာ မျိုးကို ကလေးတွေ ရဲ့ စိတ်ထဲကို စွဲသွားအောင် လုပ်ပေးကြရအောင်ပါ။ ဆယ်စုနှစ်တွေ ချီပြီး စွဲကပ်နေတဲ့ လာဘ်ပေးလာဘ်ယူ တဲ့ အကျင့်တွေကို ကျွန်တော် တို့ရဲ့ ကလေးတွေ စွဲမသွားအောင် လုပ်ပေးခြင်း အားဖြင့် သိပ်မဝေးတဲ့ အချိန်မှာ လာဘ်ပေးလာဘ်ယူခြင်း ကင်းတဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်လာအောင် ၀ိုင်းဝန်း တည်ဆောက်ကြရအောင်ပါလို့ နှိုးဆော်ပါရစေ။

(အိမ်ကတူလေး ဇာတ်လမ်းကို စိတ်ဝင်စား လို့ သိချင်တယ် ဆိုရင်တော့ အဲဒီ မုန့်ဖိုးပေးတဲ့ ၀မ်းကွဲ ညီအစ်မတွေရှေ့မှာပဲ တူလေးက အစ်မ အကြီးဆုံးဆီကို သွားပြီး ကြီးကြီး သားသား အိတ်ထောင်ထဲမှာ ဟိုဒေါ်ဒေါ်ထည့်ပေးတဲ့ ပိုက်ဆံ ရှိတယ်လို့ သွားပြောပါတယ်။ အဲဒါနဲ့ အစ်မ အကြီးဆုံးက သူ့ဝမ်းကွဲညီ အစ်မ ကို အဲဒီ ပိုက်ဆံကို ပြန်ယူ ဖို့နဲ့ ဘယ်ကလေးကို မှ အဲဒီလို လူကြီး သူမ မသိဘဲ မပေးဖို့ကို အကျိုးနဲ့ အကြောင်းနဲ့ ရှင်းပြလိုက်ပါတယ်။)

 
From...Eleven

No comments:

Post a Comment