*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 19 July 2014

၁၉၇၃ ခုနှစ် နောက်ပိုင်း လူ အများအပြား သေဆုံးခဲ့ ရသည့် ခရီးသည်တင်လေယာဉ် ပစ်ချ ခံရမှုများ


MH-17 လေယာဉ် ၏ နောက်ဆုံး ခရီးကို အမ်စတာဒမ် လေဆိပ် မှ အတက်တွင် တွေ့မြင်ရစဉ် (Photo - Dailymail)

ဇူလိုင် ၁၇ ရက်နေ့က ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ပျက်ကျသွားခဲ့သည့် မလေးရှား လေကြောင်းလိုင်း ပိုင် MH-17 လေယာဉ် သည် စစ်ဘက်လေယာဉ် တစ်စီး ဟု မှားယွင်း သတ်မှတ် ကာ ပစ်ချ ခံရခြင်းဟု စွပ်စွဲချက် များ တွင်တွင် ကျယ်ကျယ် ထွက်ပေါ်နေသည်။ 


MH-17 လေယာဉ် ကို ယူကရိန်း ဆန့်ကျင်ရေး သူပုန် တပ်ဖွဲ့များ က ယူကရိန်း စစ်တပ် ၏ လေယာဉ် တစ်စီး ဟု မှားယွင်း ဆုံးဖြတ်ပြီး ပစ်ချ လိုက်သည် ဟု ယူဆ ရပြီး သူပုန် တို့ကမူ ယင်း စွပ်စွဲ ချက်များ ကို ငြင်းဆို ထားသည်။ လေယာဉ်ပေါ် တွင် ခရီးသည် (၂၈၃) ဦးနှင့် အမှုထမ်း (၁၅) ဦး လိုက်ပါ ခဲ့ပြီး အားလုံး သေဆုံး ခဲ့သည်။


၁၉၇၃ ခုနှစ် နောက်ပိုင်း တွင် ယင်း ကဲ့သို့ ပစ်ချ ခံရပြီး လူ အများ အပြား သေဆုံး ခဲ့သည့် ခရီးသည် တင်လေယာဉ် အနည်း ဆုံး (၅) စီးမျှ ရှိခဲ့ပြီး ယင်း တို့ကို CNN သတင်းဌာန က စုစည်းဖော်ပြပေး ခဲ့သည်။

လစ်ဗျား အာရပ် လေကြောင်းလိုင်း ခရီးစဉ် အမှတ် (၁၄၄)
၁၉၇၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက် က ပစ်ချ ခံရသော လေယာဉ်ပေါ် တွင် လိုက်ပါ လာသူ (၁၁၃) ဦး အနက် (၁၀၈) ဦး သေဆုံး ခဲ့သည်။ Boeing 727-200 အမျိုး အစား လေယာဉ် သည် အစ္စရေး က ထိန်း ချုပ် ထားသည့် ဆီနိုင်း သဲ ကန္တာရဘက် လမ်းကြောင်း ယူ ပျံသန်းခဲ့ သည့်နောက် အစ္စရေး တိုက်လေ ယာဉ် များက ပစ်ချ ခဲ့ခြင်း ဖြစ်သည်။

ကိုရီးယားလေကြောင်းလိုင်း ခရီးစဉ် အမှတ် (၀၀၇)
၁၉၈၃ ခုနှစ်၊ စက်တင်ဘာ ၁ ရက် က နယူးယော့ခ်  မှ ဆိုးလ် သို့ ဦးတည် ပျံသန်း လာသော ခရီးသည် တင် လေယာဉ် သည် ဆိုဗီယက် တိုက်လေယာဉ် များ ကြားဖြတ် ပစ်ချမှုကြောင့် ပျက်ကျခဲ့သည်။
စစ်အေးခေတ် က နိုင်ငံတကာ ဆက်ဆံရေး တင်းမာအေးစက်မှု များ ရှိနေစဉ် အဆို ပါ လေယာဉ်သည် ဆိုဗီယက် လေပိုင်နက် ထဲ လမ်းကြောင်း မှား ဝင်ရောက်ခဲ့ မိသည်။ 


ယင်း ကို ဆိုဗီယက် တိုက်လေယာဉ် နှစ်စီး က ပစ်ချ ခဲ့ရာ လူပေါင်း (၂၃၉)ဦး သေဆုံး ခဲ့သည်။
သေဆုံး ခဲ့ သူများတွင် ဂျော်ဂျီယာပြည်နယ် ကိုယ်စားပြု အမေရိကန် အမတ် လယ်ရီမက်ဒေါ်နယ်လ် လည်း ပါဝင် ခဲ့သည်။ လေယာဉ် ပစ်ချ ခံရမှုနှင့် ပတ်သက် သည့် အသေးစိတ် အချက် အလက် များသည် စစ်အေးခေတ် မပြီးဆုံးမီ ထိ ပြည့်ပြည့် စုံစုံ ထွက်ပေါ် လာခြင်း မရှိ ခဲ့ချေ။

အီရန်လေကြောင်းလိုင်း ခရီးစဉ် အမှတ် (၆၅၅)
၁၉၈၈ ခုနှစ်၊ ဇူလိုင် ၃ ရက်က ပါရှန်း ပင်လယ်ကွေ့အတွင်း တင်းမာ မှု အခြေ အနေ များ ဖြစ်ပေါ်နေစဉ် USS Vincennes စစ်သင်္ဘော က အီရန်လေကြောင်းလိုင်း ပိုင် လေယာဉ် ကို ပစ်ချ ခဲ့ခြင်း ဖြစ်သည်။
Airbus A300 အမျိုး အစား လေယာဉ် သည် UAE နိုင်ငံ၊ ဒူဘိုင်းမြို့သို့ ဦးတည် ပျံသန်းနေပြီး ပစ်ချ ခံရ သည့် ဖြစ်ရပ် အတွင်း အမှုထမ်းနှင့် ခရီးသည် (၂၉၀) လုံး သေဆုံး သွားခဲ့သည်။
 

အမေရိကန် စစ်ဘက် က ထိုစဉ် က USS Vincennes သည် အီရန်စစ် သင်္ဘောများနှင့် အပြန်အလှန် ပစ်ခတ်နေပြီး ရေဒါ တွင် ပေါ်လာ သည့် ခရီးသည်တင် လေယာဉ် ကို အီရန် တိုက်လေယာဉ် တစ်စီး ဟု ယူဆပြီး ပစ်ချ ခဲ့ခြင်းဟု ဖြေရှင်း ခဲ့သည်။

Transair Georgia လေကြောင်းလိုင်း မှ လေယာဉ်(၃) စီး

၁၉၉၃ ခုနှစ် ၊ စက်တင်ဘာ ၂၁ ရက်နေ့ မှ စတင်ကာ Transair Georgia လေကြောင်းလိုင်း မှာ ခရီးသည် တင် လေယာဉ် (၃) စီး ဆက်တိုက် တစ်နေ့ တစ်စင်း ကျ ပစ်ချ ခံခဲ့ ရသည်။ လေယာဉ် အားလုံး ဒုံးကျည် ထိမှန်ခြင်းဖြစ်ပြီး စုစုပေါင်း လူ (၁၃၆)ဦး သေဆုံး ခဲ့သည်။


 လေယာဉ်(၂)စီးမှာ အက်ဘ်ခါဇီယန် သူပုန် များ ၏ ဒုံးကျည်ကြောင့် ပျက်ကျခြင်းဖြစ်ပြီး တစ်စီး တွင် လူ (၂၇) ဦးနှင့် တစ်စီး တွင် (၁၀၈) ဦးစီ သေဆုံး ခဲ့သည်။ 

ဒုတိယ လေယာဉ် သည် ဆင်းသက် ရန် ပြင် ဆင်နေ စဉ် ဒုံးကျည် ထိခဲ့ခြင်း ဖြစ်သည်။
 

တတိယ လေယာဉ် မှာ ခရီးသည် အတက် အဆင်း ပြုလုပ်နေစဉ် အတော အတွင်း မော်တာများ၊ လက်နက်ကြီး များဖြင့် ပစ်ခတ် ခံရပြီး အမှုထမ်း (၁) ဦး အသက် ဆုံးရှုံးခဲ့သည်။

ဆိုက်ဘေးရီးယား လေကြောင်းလိုင်း ခရီးစဉ် အမှတ် (၁၈၁၂)

၂၀၀၁ ခုနှစ်၊ အောက်တိုဘာ ၄ ရက် က ဆိုက်ဘေးရီးယား လေကြောင်းလိုင်း ပိုင် Tupelov 154 အမျိုး အစား လေယာ ဉ်ကို ယူကရိန်း စစ်တပ် က မှားယွင်း ပစ်ချ ခဲ့သည်။
 

လေယာဉ်ပေါ် တွင် ရုရှား ဖွား ဂျူး လူမျိုး အများ စု ပါဝင်ပြီး အစ္စရေးနိုင်ငံ ၊ တဲလ်အဗစ်ဗ် မှ ရုရှားနိုင်ငံ ရှိ နိုဗိုဆီဘရစ်ခ် သို့ ပျံသန်း လာစဉ် ပစ်ချ ခံရခြင်း ဖြစ်သည်။
 

လေယာဉ် သည် ပင်လယ်နက် ထဲ ပျက်ကျ သွားပြီး လိုက်ပါ လာသူ (၇၈) ဦး စလုံး သေဆုံးသွားသည်။
ယူကရိန်း စစ်တပ်သည် အစောပိုင်း က လေယာဉ် ကို ပစ်ချ ခဲ့ခြင်း မရှိဟု ငြင်းဆိုခဲ့သော် လည်း နောက် ပိုင်း တွင် လေ့ကျင့် မှု အစီအစဉ် တစ်ခု အတွင်း မှားယွင်း ပစ်ချ မိကြောင်း ဝန်ခံ ခဲ့သည်။
 

Ref: CNN
7Day Daily
 

No comments:

Post a Comment