*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday, 23 July 2014

ဖုန်းကြည့် လမ်းလျှောက် သူများ


ဂျပန် သည် စမတ် ဖုန်းနှင့်ပတ်သက်လျှင် နောက်ကျ မှ စခဲ့သော နိုင်ငံဟု ဆို နိုင်သည်။ အခြားနိုင်ငံ များ တွင် အိုင်ဖုန်း အန်းဒရွိုက် ဖုန်း များ အတော်တွင်ကျယ် စွာ သုံးလာ ချိန် ထိတိုင် ဂျပန်နိုင်ငံ တွင်ကား ပြည် တွင်း ဆက်သွယ်ရေး လုပ်ငန်းများ ထံက ၀ယ်ယူနိုင်သော သမားရိုးကျ ဖုန်းများ ကိုသာ အသုံး များနေ ကြဆဲ ဖြစ်သည်။ 

ဂျပန် ကား အထ နှေးပေမယ့် အလှမ်း သွက်သော နိုင်ငံဖြစ်သည်။ ယခု အခါ ဂျပန်နိုင်ငံ သား ထက် ၀က်ကျော် စမတ် ဖုန်း ကိုင်နေကြပြီ။ တိုကျို မြို့ကြီး ကား ကမ္ဘာ့ လူဦးရေ အများဆုံး မြို့ကြီး တစ်မြို့ ဖြစ် သည်။


 
 မြို့ထဲ ဘယ်နေရာ ကြည့်ကြည့် ခေါင်းမဖော် တမ်း ဖုန်းကြည့်ပြီး လမ်းလျှောက်နေ သူများကို မြင်နိုင်သည်။ အထူး သဖြင့် တိုကျိုမြို့ကြီး ၏ လမ်းဆုံ လမ်းခွ များသည် နာမည်ကြီး သည်။ အဓိက လမ်းဆုံ လမ်းခွကြီး များတွင် မိနစ်ပိုင်း အတွင်း လူရာ နဲ့ ထောင်နဲ့ ချီ လမ်းဖြတ်ကူး နေကြသည်။ 

စမတ်ဖုန်း များ မတွင် ကျယ်ခင်က လမ်းကြည့် ကူးကြချိန် လူ ဘယ်လောက် များများ လူအုပ်ကြီး ၀င်တိုက် မှာ စိတ် မပူရ။ ယခု စမတ်ဖုန်းခေတ် တွင်ကား လမ်းကူးလျှင် ပင် ဖုန်းကြည့်ပြီး ကူးကြ သဖြင့် တစ်ဖက်နှင့် တစ်ဖက် ဖြတ်ကူးသော လူအုပ်ကြီး ချင်းချင်း တိုးတိုက် မိမှာ စိတ်ပူလာရသည်။ 

 မြို့ထဲတွင် လည်း ဖုန်းကြည့်ပြီး လမ်းသွားကြ သဖြင့် လူချင်း တိုက်မိမှာ၊ ယာဉ်နဲ့ တိုက်မိမှာ စိတ်ပူ လာရ သည်။ လမ်းကူး လျှင် ဖုန်းကြည့် မကူး ဖို့ သတိပေး စကားပြော နေရသည်။

တိုကျို က ရှီဘူရာ လမ်းဆုံလမ်းခွ သည် ကမ္ဘာကျော်သည်။ သောကြာနေ့ မနက် (၅) နာရီ ကတည်းက စာရေး သူသည် ရှီဘူရာ ကို အပေါ်စီး က မြင်နိုင် သည့် ကော်ဖီဆိုင် ကို ရောက်နေသည်။ ရှီဘူရာ ကို ကြည့်ချင် ၍ ဖြစ်၏။ ရှီဘူရာ ၏ ဆုံမှတ် (၈) ခု မှ လူအုပ်ကြီး သည် တစ်ဖက် မှ တစ်ဖက် ကို ဖြတ် ကူး လျက် ရှိသည်။

 နှစ်မိနစ် တိုင်း လူ တစ်ထောင်ကျော် ဟိုဘက် ဒီဘက် ဖြတ်ကူး လျက်ရှိကြသည်။ ရှီဘူရာ တွင် တိုကျို မြို့ကြီး ၏ ဖက်ရှင် ကိုလည်း မြင်နိုင် သည်။ စမတ် ကျကျ ၀တ်စား ထားသော ရုံးဝန်ထမ်း များ၊ ဖက်ရှင် ကျသော ဆယ်ကျော်သက် များကို မြင်နိုင်သည်။ 

ရှီဘူရာ လမ်းဆုံ လမ်းခွ ဆုံမှတ် ရှစ်ခုမှ လမ်းဖြတ်ကူးမည့် သူ ထောင်ဂဏန်း သည် လမ်းကူးရန် အချက်ပေး လိုက်သည်နှင့် တစ်ဖက်တစ်ချက် မျက်နှာချင်းဆိုင်မှ လူအုပ်ကြီး ရွေ့လျားသည်။ လမ်းလယ်တွင် လူအုပ်ကြီး ၀င်တိုးမိသည်။ 

လူတွေ တစ်ယောက် နဲ့ တစ်ယောက် ပွတ်ကာ သီကာ ရှောင်ရှား သွား ကြသည်။ ပြီးလျှင် တစ်ဖက် သို့ ရောက် သွားကြသည်။ အပေါ်စီး မှကြည့်လျှင် ထို အခြင်းအရာ ကို ကောင်းစွာ မြင်ရသည်။ ပင်လယ် တမျှ လူအုပ်ကြီး လမ်းလယ် တွင် မျက်နှာချင်း ဆိုင် တိုးမိပြီး ပြိုကျသွားမှာ ပင် စိုးရိမ်ရသည်။ သို့သော် လူများကွေ့ကာ ရှောင်ကာ ပတ် ကာဖြင့် တစ်ယောက်နဲ့ တစ်ယောက် ရှောင်ရှားသွားကြသည်။ 

အက သမားများ တစ်ယောက် နဲ့ တစ်ယောက် ပွတ်ကာ သီကာ လှုပ်ရှားပြီး ကကွက်ဖော်သွား သည့် အလားရှိသည်။ တစ်ဖက်ခြမ်း သို့ အားလုံး အန္တရာယ် ကင်းကင်း ရောက်သွားကြသည်။  ရှီဘူရာ သည် ဂျပန်နိုင်ငံသား တို့၏ စည်းချက် ညီမှု ကို ပြသ ရာနေရာ ဟု တင်စားလိုက လည်း တင်စားနိုင်သည်။ 

များပြား လှစွာသော တစ်ဦးချင်း လူသား များ ပူးပေါင်း အားဖြင့် ကောင်းမွန်သော ဘုံ ရည်မှန်းချက် တစ် ခုကို ဖော်ဆောင်ကြ သည့် ဂျပန်နိုင်ငံသား တို့၏ ဂုဏ်ရည် တစ်ခု။ ရှီဘူရာ ကို အပေါ်စီး က မြင် ရသော ကော်ဖီ ဆိုင် ကို စာရေးသူ မနက်စောစော စီးစီး လာပြီး ကြည့်ခြင်း မှာ အထက်ပါ ဂျပန် လူမျိုးတို့၏ ဂုဏ်ရည် များကို တွေးတော ဖို့ချည်း မဟုတ်။

 နောက် ရည်မှန်းချက် တစ်ခု ရှိသေးသည်။ လူအုပ်ကြီး တိုးတိုက်ပြိုလဲ ကျလာမလား စောင့်ကြည့် ဖို့ ဖြစ် သည်။ စီးပွားရေး သမားများ ရှီဘူရာ လမ်းကူး မှာ ၀င်တိုက်ပြီး နောက်ပြန် လဲကျတာကို စာရေးသူ မြင်လို သည်။ လက်ကားယား ခြေကားယားတွေ ဖြစ်ကုန်မည်။ ကိုင်ထား တဲ့ ထီးတွေ လွင့်ထွက် ကုန်မည်။

 ကျောင်း ၀တ်စုံ နဲ့ ချစ်စရာ ကလေးလေး နဲ့ အဘွားအို တစ်ယောက် နဲ့ ၀င်တိုက် မိတာ ကိုလည်း စာရေး သူ မြင်လိုသည်။ ထိုမြင်ကွင်း မျိုး လွန်ခဲ့သည့် တစ်နှစ်လောက် ကတည်းက စာရေးသူ ကြည့်ခွင့် ရခဲ့ သော် လည်း ဘာလို့ ခုမှ တမင်စောင့်ကြည့်ချင် ရ သနည်းဟု မေးစရာရှိ သည်။ အဖြေကား စမတ်ဖုန်းဖြစ်၏။

 ဂျပန် မှာ စမတ်ဖုန်း အသုံး က ပေါက်ကွဲ သည့် အရှိန်ဖြင့် မြင့်တက် လာသည်။ ၂၀၁၂ မှာ ဂျပန်နိုင်ငံ သား လေးပုံ တစ်ပုံသာ စမတ်ဖုန်း သုံးကြ သည်။ အများစုကြီး ကား ယခင် ကတည်းက သုံးလာ ခဲ့သော သမားရိုးကျ ဖုန်းများနဲ့ သာ ပျော်မွေ့ခဲ့ကြသည်။ 

တစ်နှစ်လောက် အတွင်း မှာပင် စမတ်ဖုံး သုံး သူက နိုင်ငံသား ထက်ဝက်ကျော် ထိ ရှိလာသည်။ ကမ္ဘာ့ အမြန်ဆုံး တိုးနှုန်း ဟုပင် ဆိုနိုင်သည်။ စမတ်ဖုန်း ၏ အသုံး ၀င်ပုံ ကို ဂျပန် နိုင်ငံသား များ သိလာကြ ပြီ။ စမတ်ဖုန်း သုံးပြီး သတင်းစာဖတ်နိုင်သည်။ 

ကမ္ဘာကျော် သည့် ဂျပန် မန်ဂါ ကာတွန်းတွေ ကို ယခင် ဖုန်းများမှာ လို မျက်လုံးပြုးပြဲ စရာမလိုဘဲ အဆင်ပြေ စွာ ဖတ်ရှုနိုင်ကြပြီ။

စမတ်ဖုန်း အသုံး တွင်ကျယ် လာသည်နှင့် အမျှ ထပ်တိုး တွင်ကျယ် လာသော လူမှု ပုံစံသစ် ကား ဖုန်းကြည့် လမ်းလျှောက် ပုံစံ သစ်ဖြစ်သည်။ ဖုန်း ကိုကြည့်၊ ရှေ့လူ တိုက်မိမှာ စိုးလို့ လက် တစ်ဖက်က ခပ် ကာကာ အနေ အထား ရှေ့ကို နည်းနည်း ဆန့်ထားသည်။ 

ဇွန်ဘီ သူရဲ များ လူရှာနေ သလို ရှိ သည်။  သုတေသနပြုထားချက်များ အရ ဖုန်းကြည့် လမ်းလျှောက်သည့် အခါ တိုက်မိ မှာ စိုးရိမ် စိတ်ကြောင့် ပုံမှန် ထက် လမ်းလျှောက် နှေးသွားကြသည်။ မြင်ကွင်း ကလည်း ကျဉ်း သွားသည်။ ဖုန်းကြည့် လမ်းလျှောက် သည့် အခါ ပုံမှန်မြင်နေ ရသည့် မြင်ကွင်း ၏ (၅) ရာခိုင်နှုန်း ကိုသာ မြင်ရတော့ ရာ ဘေးဘီက ၀င်လာနိုင်သော အန္တရာယ် များကို ရှောင်ကွင်း နိုင်နှုန်းလည်း သိသာစွာ ကျဆင်း သွားကြောင်း သိရသည်။ 

ရှီဘူရာ ကို ဖုန်းကြည့် ဖြတ်ကူး သူများ မည်သို့ ဖြစ်နိုင်သည် ကို လေ့လာ ထားတာ တစ်ခုရှိသည်။
ဂျပန် ဆက်သွယ်ရေး ကုမ္ပဏီကြီး NTT Docomoက သုတေသန တစ်ခု လုပ်သည်။ ရှီဘူရာ ကို ဖြတ် ကူး သူတိုင်း ဖုန်းကြည့် ဖြတ်ကူးကြ လျှင် ဘာဖြစ်မည် နည်း ဟူ၍ ဖြစ်သည်။ 

ရှီဘူရာ ပုံစံငယ် တစ်ခု လက်တွေ့လုပ်ကြည့်ပြီး လူများ ကို လက်တွေ့ ဖြတ်ကူးစေသည်။ လူတိုင်း ဖုန်း ကြည့် ဖြတ်ကူး ကြမည် ဆိုပါ က လူအုပ်ကြီး တစ်ခေါက် လမ်းဖြတ် ကူးတိုင်း တစ်ယောက်နဲ့ တစ်ယောက် ၀င် တိုက်နှုန်း အကြိမ် (၄၀၀) လောက်ဖြစ်မည်။ ဖြတ်ကူးသူ များ ၏ (၃၆) ရာခိုင်နှုန်း သာ လမ်းတစ် ဖက်ခြမ်း သို့ ရောက်မည်ဟု တွေ့ရသည်။ 

ထိုအတိုင်း သာ ဆိုပါက စည်းချက် ညီသော ဂျပန် လူမှု အဖွဲ့ အစည်း သည် ဖုန်းကြည့် လမ်းလျှောက်ခြင်းကြောင့် စည်းချက် မညီ ဖြစ်သွား မည်ဟု စစ်တမ်း အရ မြင်နိုင်သည်။
ဖုန်းကြည့် လမ်းလျှောက် ပုံစံ သည် တာရှည် စွဲမြဲနေ မည့် ပြဿ     နာ ကြီး တစ်ရပ်တော့ မဟုတ်။ 

ဂျပန်နိုင်ငံ သည် ဖုန်းယဉ်ကျေးမှု အဆင့်မြင့်မား သော နိုင်ငံလည်း ဖြစ်သည်။ ရထားပေါ် မှာ ဖုန်း အကျယ်ကြီး ပြောသည့် လူက ခပ်ရှားရှား။ ဆယ်ကျော်သက် လူငယ်များသည် ပင် လူ အများကြား မှာ ဖုန်းနဲ့ သီချင်း ကျယ်ကျယ် ဖွင့် တာမျိုး က ကြုံ တောင့်ကြုံခဲ ဖြစ်သည်။ သုတေသန အတိုင်း တစ်ကယ်ဖြစ်လာ ပြီ ဆိုလျှင် ပင် ရှီဘူရာ မှာ ယာဉ်ထိန်းရဲ တွေရောက် လာမည်။ 

ဖုန်းကြည့် လမ်းကူး သူတွေ ခေါင်းမော့ လမ်းကူးကြ ဖို့ ယာဉ်ထိန်း ရဲတွေ သတိပေးအော်ဟစ် ကြလိမ့် မည်။  ဖုန်းကြည့် လမ်းလျှောက်ရင် ဘာဖြစ် မလဲ ကိုယ်တိုင် သိ ရအောင် စာရေးသူ ကော်ဖီဆိုင် က ဆင်းပြီး ရှီဘူရာ လမ်းဆုံ ကို လျှောက်သည်။ လမ်းကူးနေ သည့် တစ်ချိန်လုံး အီးမေး တစ်စောင် ရိုက်ရင်း လမ်းကူးမည်။ လုံးဝ မော့ မကြည့်ဟု ကိုယ့်ကိုယ် ကိုယ် ကတိပေး လိုက်သည်။ လမ်းကူး ဖို့ မီးစိမ်းပြပြီ။ စာရိုက်ပြီး လမ်းစ ကူးပြီ။

လမ်းပေါ် ခြေချမိ သည်နှင့် အတွေ့အကြုံ က ချာချာလည် သည်။ ဖုန်းကြည့် လမ်းလျှောက်နေသော စာရေး သူ မြင်ကွင်း ထဲမှာ ခြေထောက်တွေ ၀င်လိုက် ထွက်လိုက် ဖြစ်နေသည်။ ရှောပင်း ထွက်သည့် အိတ်တွေက စာရေးသူ မျက်နှာဆီ ၀င်လာသည်၊ ရိုက်လုရိုက် ခင်လေးကျ မှ ရုတ်ခနဲ ဖယ်သွား သည်။ တစ်ချက် မဟုတ် တစ်ချက်တော့ တိုက်မိ၊ ရိုက်မိတော့မည် ဟု စာရေးသူ စိတ်လေးနေသည်။ 

စက္ကန့် အနည်းငယ်ကြာတော့ စိတ်ပေါ့ သွားသည်။ စာရေးသူ ကို သူများတွေ ရှောင်ကွင်း သွားကြသည်။ စာရေးသူလို လူ နှစ်ယောက်နဲ့ တွေ့သည်။ ခြေထောက်များ ကိုသာ မြင်ရခြင်း ဖြစ်၏။ လူချင်း ဆိုင်မိ တော့ စာရေးသူ ဘယ်ရှောင်၊ ထိုနှစ်ယောက် ခြေထောက်တွေ လည်း ဘယ်ရှောင်၊ စာရေးသူ ညာရှောင်၊ သူတို့လ ည်း ညာရှောင် ဖြစ်နေသည်။ 

မတတ်နိုင် တော့ ကိုယ့် ကတိ ကိုယ် ဖျက်ပြီး မော့ကြည့်ရတော့သည်။ စာရေး သူလို ဖုန်းကြည့် လမ်းကူး သည့် ပေါချာချာ နှစ်ယောက် ကို မြင်ရမည် ဟု မှန်းထား လိုက်သည်။ သို့သော် လက်ချင်း မဖြုတ်နိုင်အောင် မခွဲ နိုင် မခွာ ရက်ဖြစ်နေသော သမီးရည်းစား စုံတွဲ ကိုသာ မြင်ရသည်။ နှစ်ယောက်သား လက်တွဲ မဖြုတ် ဘဲ စာရေးသူ ကို တူတူ ရှောင်ကွင်းနိုင်အောင် ကြိုးပမ်း နေကြသည်။

ကောင်မလေး က စာရေးသူ ကို မကျေ မချမ်း မျက်နှာ နဲ့ ကြည့်သည်။ စာရေး သူကြောင့် သူတို့ ချစ်သူနှစ်ဦး လက်တွဲဖြုတ် ကာ စာရေးသူ ကို ရှောင်ကွင်း ရတော့မည့် အခြေအနေ မျိုး ဆိုက်လာခြင်း ကို ကောင်မလေး မကျေမနပ် ဖြစ်နေသည်။ လက်တွဲ ထားသော သူတို့ နှစ်ဦးသား ကို စာရေးသူ တောင်းပန်ပြီး စာရေးသူပဲ သူတို့ ကို ပတ်ရှောင်ပြီး လမ်းဆက်ကူးလာသည်။ 

စာရေးသူ ပတ်ရှောင် ကာ လျှောက်လာစဉ် ကောင်မလေး က စာရေးသူ ကို ဖုန်း သူရဲ ပေါချာချာ တစ်ယောက် အဖြစ် မကျေ မချမ်း ကြည့်လိုက် သည့် အကြည့် က စာရေးသူ နောင် ဘယ်တော့ မှ ဖုန်းကြည့် လမ်းမလျှောက်တော့ ဟု ဆုံးဖြတ်ဖြစ် သွားစေသည်။


 ဟိန်းထက်
Ref: Japan enters the dumbwalking era By Alex Marshall (BBC News)
The Messenger

From...Search Myanamr
 

No comments:

Post a Comment