*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 17 August 2014

တစ်ကျော့ပြန် အသံတိတ်ရန်သူ



အာရှတိုက် သည် ငလျင် အချိန်မရွေး လှုပ်ခတ်နိုင်သော ဒေသဖြစ်ပြီး ပြတ်ရွေ့ကြောကြီး များပေါ် တည်ရှိနေ သည်။  မြန်မာနိုင်ငံ ၌ ယခုနှစ်ဆန်းပိုင်း မှ စတင်ကာ ခပ်စိပ်စိပ် လှုပ်ခတ် လာသော မြေငလျင် များက ရန်ကုန်မြို့တော် အပါအဝင် လူနေ ထူထပ်သော မြို့ကြီး များနှင့် အထပ်မြင့်တိုက် များတွင် နေထိုင် သူများကို ခြောက်လှန့် လာနေပြီ ဖြစ်သည်။

မြန်မာနိုင်ငံ တွင် ရခိုင် ငလျင်ကြော၊ စစ်ကိုင်း ငလျင်ကြော၊ ကျောက်ကြမ်း ငလျင်ကြော၊ သံလွင်ငလျင်ကြောနှင့် ဟူးကောင်း ငလျင်ကြော ဟူ၍ အဓိက ငလျင်ကြော ငါးခုရှိပြီး သဘာဝ ဘေးအန္တရာယ်အဖြစ် အပျက်အစီး ဆုံးရှုံးမှု များပြားသည့်နေရာ မှာ စစ်ကိုင်းငလျင်ကြောပင် ဖြစ်ကြောင်း ဘူမိဗေဒ ပညာရှင် များက သတိပေး ပြောကြားသည်။


“ရန်ကုန်မြို့က စစ်ကိုင်းပြတ်ရွေ့ကြောပေါ် မှာ တည့်တည့် မကျဘူး။ ရန်ကုန်မြို့ ရဲ့ အရှေ့ဘက်ကနေ ဖြတ်သွားတာ။ ဒါပေမဲ့ ငလျင် ဆိုတာ ကိုယ့်ဆီ ကို ဗဟိုပြု လှုပ်တာ မဟုတ်ပေမယ့် အထပ်မြင့် အဆောက် အအုံတွေ ရှိရင် အန္တရာယ် ရှိနိုင်တယ်” ဟု မြန်မာနိုင်ငံ မြေငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစိုးသူရထွန်း က ပြောကြားသည်။

ယခုနှစ် မေလ ၅ ရက်နေ့က ထိုင်းနိုင်ငံ ချင်းရိုင်မြို့ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ကြောင့် မြန်မာနိုင်ငံ တွင် ရန်ကုန်မြို့တော် အပါအဝင် မြို့ကြီး အချို့တွင် ပျက်စီး ဆုံးရှုံးမှု မရှိသော်ငြား ရစ်ခ်ျစတာ စကေး ၅ ဒသမ ၈ အဆင့် ရှိ ငလျင်ဒဏ် ကို ခံစားခဲ့ကြရသည်။

ဇွန်လ ၉ ရက်နေ့ ကလည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီး ကို ဗဟိုပြု ၍ အင်အား ရစ်ခ်ျစတာ စကေး ၄ ဒသမ ၇ အဆင့် ရှိ မြေငလျင် တစ်ခု လှုပ်ရှား ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန မြေငလျင်ဌာန က သတင်း ထုတ်ပြန်သည်။

ယင်းသို့ ပြတ်ရွေ့ကြော မှ ငလျင်များ အပိုင်းလိုက်၊ အပိုင်းလိုက် လှုပ်ခတ်နေခြင်းကြောင့် ကချင်ပြည်နယ် သည် ငလျင်ဒဏ် အန္တရာယ် ကို အဓိက တွေ့ကြုံနိုင်ရာ ဒေသခံများ အနေနှင့် သတိပြုရန်လိုကြောင်း ဦးစိုးသူရထွန်း က ဆက်လက်သတိပေးသည်။

“နှစ်တစ်ရာ မှာ တစ်ကြိမ် မြစ်ကြီးနား က ၇ ဒသမ ၅ လောက် အထိ လှုပ်နိုင်တယ်” ဟု ၎င်းက ဆိုသည်။

ပြတ်ရွေ့များ လှုပ်ရှားနေခြင်းကြောင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အပါအဝင် ဗန်းမော်မြို့နှင့် ဝိုင်းမော်မြို့တို့ တွင် မေလ ၃၀ ရက်နေ့ နံနက် ၇ နာရီ ၅၁ မိနစ် က အင်အား ရစ်ခ်ျစတာစကေး ၅ ဒသမ ၉ အဆင့်ရှိ မြေငလျင် လှုပ်ခတ် သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မြေငလျင်ဌာနခွဲ၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ယခုကဲ့သို့ ကချင်ပြည်နယ်တွင် ငလျင်များ မကြာခဏ လှုပ်ခတ်နေသည့်အတွက် ပျက်စီး ဆုံးရှုံးမှုကို မကြုံတွေ့ရသော် လည်း တာလေ ငလျင်ကဲ့သို့ အင်အားပြင်း ငလျင်ကြီး များ တစ်ကျော့ပြန် လှုပ်ခတ်မည် ကို ဒေသခံများမှာ စိုးရိမ်လျက် ရှိကြောင်း ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ ဝါရှောင် ကျေးရွာဒေသခံ တစ်ဦးက ပြောကြားသည်။

၂၀၁၁ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် လည်း ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ်၊ တာလေမြို့နယ်ခွဲတွင် အင်အား ရစ်ခ်ျစတာစကေး ၆ ဒသမ ၈ အဆင့်ရှိ အင်အားပြင်းထန်သော ငလျင်ကြီး လှုပ်ခတ် မှုကြောင့် ရွာပေါင်း ၉၀ နှင့် ပြည်သူပေါင်း နှစ်သောင်းနီးပါး ငလျင်ဒဏ် သင့်ခဲ့ပြီး လူပေါင်း ၃၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း အစိုးရ ၏ တရားဝင် စာရင်းများ အရ သိရသည်။

“ဒီမှာက အဆောက်အအုံတွေ ဆောက်ရင် ငလျင် အန္တရာယ်အတွက် ဘာမှ ကြိုတင်ပြင်ဆင် ထားတာ မရှိသေးဘူး။ ဖြစ်ခါမှသာ ဖြစ်ရော။ အဲဒီ အခါကျတော့ အသေ အပျောက်နဲ့ အပျက် အစီးက များရော။ ကြိုတင်ပြင်ဆင် ကာကွယ် ထားနိုင်ဖို့ လိုတယ်” ဟု မြို့ပြ အင်ဂျင်နီယာ အငြိမ်းစား အရာရှိ တစ်ဦးက ဝေဖန်ပြောဆိုသည်။

ငလျင်ကြီးများ သည် စစ်ကိုင်းပြတ်ရွေ့ကြောပေါ်တွင် မြေပြင်ပြတ်ရွေ့များ အရ ဒေသ အပိုင်း အခြား အလိုက် လှုပ်ခတ်ခြင်း သာ ဖြစ်သည့် အတွက် စစ်ကိုင်းပြတ်ရွေ့ကြော မြောက်ဘက်ခြမ်းရှိ စစ်ကိုင်းမြို့မှ တကောင်းမြို့အထိသည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း ၌ အင်အား ရစ်ခ်ျစတာစကေး ၇ အဆင့်ရှိ အင်အားပြင်း ငလျင်များ လှုပ်ခတ်မှုများနေသည် ကို တွေ့ရှိရပြီး ကျန်ပြတ်ရွေ့အပိုင်းအချို့သည် လှုပ်ခတ် ထားခြင်း မရှိသေးသောကြောင့် မန္တလေးမြို့မှ နေပြည်တော် အပိုင်းသည် အထူး သတိထားရန် လိုအပ်ကြောင်း မြေငလျင် လေ့လာရေး ပညာရှင်များက ထောက်ပြ ပြောဆိုကြသည်။

အလားတူ စစ်ကိုင်းပြတ်ရွေ့ကဲ့သို့ အင်အားကြီး ငလျင်များ အချိန်မရွေး ထပ်မံ လှုပ်ခတ်နိုင်သည့် ပြတ်ရွေ့မှာ ကျောက်ကြမ်းပြတ်ရွေ့ ဖြစ်ပြီး ရှမ်းကုန်းပြင်မြင့်၊ မန္တလေး၊ မိတ္ထီလာ၊ ရမည်းသင်း ဒေသတို့နှင့် ဆက်စပ်နေကြောင်း ဘူမိဗေဒ ပညာရှင်များ၏ ပြောကြားချက်အရ သိရသည်။

ယင်းကျောက်ကြမ်း ပြတ်ရွေ့ မှာ မြန်မာနိုင်ငံ တွင် လှုပ်ခတ်ခဲ့ဖူးသည့် ငလျင်များ အနက် အင်အားအကြီး ဆုံး လှုပ်ခတ် ခဲ့သော ငလျင်ဖြစ်ပြီး နှစ်ပေါင်း ၁၀၀ ကျော်လာသည် အထိ လှုပ်ခတ်ထားခြင်း မရှိသည့် အတွက် တစ်ကျော့ပြန်လည်၍ အင်အားကြီး ငလျင်လှုပ်ခတ်မည့် အန္တရာယ်မှာ စိုးရိမ်ဖွယ်ဖြစ်နေကြောင်း ၎င်းတို့က ပြောဆိုသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ အတွင်းက စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး အတွင်းကို ဗဟိုပြု ၍ အင်အားရ စ်ခ်ျတာစကေး ၆ ဒသမ ၈ အဆင့်နှင့် အင်အား ၅ ဒသမ ၀ အဆင့်ရှိ ငလျင် လှုပ်ခတ် သွားခဲ့ ရာ လူ ၁၀ ဦးကျော် သေဆုံးပြီး ၃၆ ခန့်ဒ ဏ်ရာ ရရှိခဲ့သည့် အပြင် အဆောက် အအုံများ၊ တံတားများနှင့် လူနေအိမ် များ ပြိုကျ ပျက်စီးခဲ့သည်။

ယင်းကဲ့သို့ မြေငလျင် လှုပ်ခတ်ခြင်းမှာ စစ်ကိုင်းမြေငလျင်ကြောကြီး အနီးတွင် လှုပ်ရှား ခဲ့ခြင်း ဖြစ်ပြီး နောက်ဆက်တွဲ မြေငလျင်များလည်း အကြိမ် ၂၀ ခန့် လှုပ်ရှားခဲ့သည့်အတွက် ကြိုတင် ခန့်မှန်း ၍ မရနိုင်ရာ မြေငလျင် အန္တရာယ်ကို ကြိုတင်ပြင်ဆင် မှု ဆောင်ရွက်၍ သာ ကာကွယ် ရမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန မြေငလျင်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး တစ်ဦးက ပြောဆိုသည်။

အလားတူ စစ်ကိုင်းပြတ်ရွေ့ကြောပေါ် တည်ရှိနေသည့် တောင်ငူ၊ နေပြည်တော်နှင့် မန္တလေးမြို့တို့တွင် ငလျင်များ မကြာခဏ လှုပ်ခတ်နေခြင်းကြောင့် အင်အားကြီး ငလျင်ကျရောက်မှု ကို စိုးရိမ်ဖွယ် မရှိသော် လည်း မန္တလေးမြို့ တောင်ဘက်ခြမ်းမှ စ၍ ရန်ကုန်၊ သုံးခွမြို့များသည် ငလျင်ဒဏ် အန္တရာယ် စိုးရိမ်ဖွယ်ရှိကြောင်း မြေငလျင်ပ ညာရှင် ဦးစိုးသူရထွန်း က ရှင်းပြသည်။

“လှုပ်မယ်ဆိုရင် ပြင်းအား က ၆ ကျော်ကျော် ၇ လောက်မှာ ရှိနိုင်တဲ့အတွက် စိုးရိမ် စရာပဲ” ဟု ၎င်းကဆိုသည်။




 လူနေ ထူထပ်သည့် မြို့ပြများ တွင် ငလျင်အန္တရာယ် ကျရောက် မှုကြောင့် အထပ်မြင့် အဆောက် အအုံများ ပြိုကျ ပျက်စီးခြင်း မရှိစေရန် အတွက် ခိုင်ခံ့စွာ တည်ဆောက်ရန် အရေးကြီးပြီး ငလျင်ဒဏ် ခံနိုင်ရည် ရှိသည့် နည်းပညာ ကို အသုံးပြု ဒီဇိုင်းရေးဆွဲ ဆောက်လုပ်ရန် လည်း လိုအပ်ကြောင်း ဘူမိ အင်ဂျင်နီယာ တစ်ဦး က သုံးသပ်ပြောဆိုသည်။

ငလျင်ကြီး လှုပ်ခတ်အပြီး ငလျင်ငယ်လေး များ အကြိမ်ရေ ဆက်တိုက် လှုပ်ခတ်မှုသည် နောင်တစ်ချိန် အင်အားကြီး ငလျင်ကြီး ဖြစ်ပေါ်မည့် အခြေအနေ ကို အင်အားစုစည်းမှု လျော့နည်း သွားစေနိုင်သည့် အချက်လည်း ဖြစ်ကြောင်း၊ သို့သော် သတိပြုရမည့်အချက်မှာ ငလျင်ကြီး မလှုပ်ခတ်မီ အချိန်တွင် ငလျင် ငယ်လေးများလည်း ဆက်တိုက် လှုပ်ခတ်နိုင်ခြေ ရှိသည်ကို သိရှိ ထားရမည် ဖြစ်ကြောင်း မိုးလေဝသ ပညာရှင် ဦးထွန်းလွင် က ထောက်ပြ ပြောဆိုသည်။

“ငလျင်က ဘယ်တော့ လှုပ်မယ် ဆိုတာ ခန့်မှန်းလို့ မရဘူး။ ကြိုတင် ပြင်ဆင်ထား လို့ပဲ ရမယ်” ဟု ၎င်းက ဆိုသည်။


လွန်ခဲ့သည့် နှစ် ၁၀၀ အတွင်း က မြေငလျင်လှုပ်ခတ်ရာ တွင် အင်အား ရစ်ခ်ျစတာစကေး ၇ ခန့်ရှိသည့် မြေငလျင် များ ၁၀ ကြိမ်ထက်မနည်း လှုပ်ခတ်ခဲ့ပြီး ၁၉၇၀ ပြည့်နှစ်တွင် ရန်ကုန်မြို့တော်၌ လှုပ်ခတ်ခဲ့ သည့် ငလျင်၊ ၁၉၇၅ ခုနှစ်တွင် ပုဂံ၌ လှုပ်ခတ်ခဲ့သည့် ငလျင်တို့ တွင် ပျက်စီးဆုံးရှုံးမှု အများဆုံး ကြုံတွေ့ခဲ့ရကြောင်း သမိုင်းအထောက် အထားများ အရ သိရသည်။

ရန်ကုန်မြို့တော် ကဲ့သို့ လူဦးရေ ထူထပ်သည့် မြို့ကြီး များတွင်မှု ငလျင် လှုပ်ပါက ချက်ချင်း သိရှိကြသည့့််အပြင် ပျက်စီးဆုံးရှုံးမှု များ ရှိလာပါက ထင်သာ မြင်သာ ရှိလာ၍ အစိုးရိမ် လွန်ကြ ရခြင်း ဖြစ်သော်လည်း မြေငလျင်များသည် အမြဲ လှုပ်ခတ်လေ့ ရှိရာ အများစုသည် လူသူ နည်းပါးသည့် အရပ်ဒေသများတွင် လှုပ်ခတ်ခြင်းကြောင့် မသိ ရှိလိုက်ရခြင်းသာ ဖြစ်ကြောင်း မြေငလျင် ဌာနခွဲ တာဝန်ရှိသူတစ်ဦးက ရှင်းပြ သည်။

မှတ်တမ်းများအရ ၁၉၁၀ ပြည့် နှစ်မှ ၂၀၁၁ ခုနှစ်အထိ လှုပ်ခတ်ခြင်း မရှိသည့် ငလျင်ကြော များ ပြန်လည် ၍ လှုပ်ခတ် လာနိုင်ခြေ ရှိသည့်အတွက် များစွာ အန္တရာယ်ကြီးကြောင်း မြန်မာနိုင်ငံ ဘူမိသိပ္ပံ အသင်း အလုပ်အမှုဆောင် ဒေါက်တာမျိုးသန့် က သတိပေး ပြောဆိုသည်။

“စစ်ကိုင်းပြတ်ရွေ့က တကယ် ကို Active ဖြစ်နေတယ်ဆိုရင် နောင် တစ်ချိန်မှာ အချိန် မရွေး လှုပ်လာနိုင် တယ်။ မလှုပ်သေးတဲ့ ပြတ်ရွေ့နေရာ က ပြန်ပြီး Active ဖြစ်လာပြီ ဆိုရင် ပိုပြီး အန္တရာယ်ကြီး တယ်” ဟု ၎င်းကဆိုသည်။


ယင်းကြောင့် မြန်မာနိုင်ငံ အတွက် ခပ်စိပ်စိပ် ပြန်လည် လှုပ်ခတ်လာ သည့် အင်အား အသင့် အတင့်ရှိ မြေငလျင်များ က တစ်ကျော့ပြန်နိုင်သည့် အင်အားပြင်း မြေငလျင်များ အတွက် သတိပေးနေခြင်းပင် ဖြစ်ပြီး သက်ဆိုင်ရာ တာဝန် ရှိသူများအနေနှင့် ကြိုတင် ကာကွယ်နိုင် မည့် နည်းလမ်း များကို အရှိန် အဟုန်မြှင့် လုပ်ဆောင်ရန် လိုကြောင်း မြေငလျင် ကျွမ်းကျင်ပညာရှင်များနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ထောက်ပြ ပြောဆိုကြသည်။

ခန့်မှန်း မရသော သဘာဝ ဘေးအန္တရာယ်များတွင် ငလျင်သည် ထိပ်ဆုံး က ရှိနေသည်။ အင်အားပြင်း ငလျင်များ လှုပ်ခတ်နိုင်သော ပြတ်ရွေ့ကြောကြီးများပေါ်တွင် ရှိသည့် မြန်မာနိုင်ငံ အတွက် အသက်အိုးအိမ် စည်းစိမ် ကို ယူငင်နိုင်သော အသံတိတ် ရန်သူ ငလျင်အန္တရာယ်သည် အချိန် မရွေး ရောက်လာနိုင်သည်။


ပြည့်ဖြိုးလင်း
- See more at: http://thevoicemyanmar.com/index.php/article/item/1823-tkp#sthash.rQGoHJeR.dpuf

From...Search Myanmar
 

No comments:

Post a Comment