*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 17 September 2014

အခွင့်အလမ်း များပေါ်နေချိန် တွင် မြန်မာလူငယ်တို့ အိပ်မက်များကို အကောင်အထည်ဖော်ရန် ဦးဖိလစ်မောင် တိုက်တွန်း

အမေရိကန်တွင် ရွှေ့ပြောင်းလုပ်သား ဘဝမှ လုပ်ငန်းရှင်ကြီး ဖြစ်လာသူ ဦးဖိလစ်မောင်နှင့် တွေ့ဆုံခြင်း
လွန်ခဲ့သည့်အနှစ် ၂၀ ကျော်က အမေရိကန်နိုင်ငံ သို့ ရွှေ့ပြောင်း လုပ်သား အဖြစ် ရောက်ခဲ့သော မြန်မာ လူငယ်တစ်ဦး မှာ ယခုအခါ အမေရိကန်နိုင်ငံတွင် အောင်မြင်သော စီးပွားရေး လုပ်ငန်းရှင်တစ်ဦး ဖြစ်နေပါပြီ။

သူ့ အမည်က ဦးဖိလစ်မောင်။ အမေရိကန်ရောက်စ တွင် ဆူရှီဆိုင် တစ်ဆိုင်၌ ဝန်ထမ်း အဖြစ် လုပ်ကိုင်ရင်း အလုပ်ကြိုးစား ကာ ပိုက်ဆံစုခဲ့သည်။ စုထားသည့်ပိုက်ဆံများဖြင့် ၁၉၉၈ တွင် ကိုယ်ပိုင်ဆူရှီဆိုင်ဖွင့်လာနိုင်ခဲ့ပြီးနောက် သူ့ဆိုင်များ အောင်မြင်ခဲ့သည်။

၂၀၁၂ ခုနှစ်တွင် အမေရိကန်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ ကျဆင်း၍ ကုမ္ပဏီ အများအပြား ဝန်ထမ်းလျှော့ချ နေချိန်တွင် သူ့ကုမ္ပဏီ မှာ အောင်မြင်ဆဲဖြစ်သည်။ ထို့ကြောင့် အမေရိကန် သမ္မတ အိုဘားမား ကပင် ခေါ်ယူတွေ့ဆုံခဲ့သည်။


ဦးဖိလစ်မောင် သည် အမေရိကန်နိုင်ငံ တွင် Hissho Sushi နာမည်ဖြင့် ကုမ္ပဏီ ထူထောင်ပြီး နိုင်ငံအနှံ့အပြား ဆိုင်ခွဲ များ ဖွင့်လှစ်ထားသည်။ လက်ရှိ တွင် ဝန်ထမ်းပေါင်း ၁,၆၀၀ ခန့်အား အလုပ်ပေး ထားနိုင်ပြီဖြစ်သည်။

ထို့ကြောင့် ရွှေ့ပြောင်းလုပ်သား တစ်ဦးက အမေရိကန်နိုင်ငံ တွင် ထင်ရှားသော ကုမ္ပဏီတစ်ခု ဖြစ် လာအောင် ကြိုးပမ်း ခဲ့သည်များနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းထားသည်များမှ ကောက်နုတ် ဖော်ပြလိုက်ပါသည်။

မေး- ရွှေ့ပြောင်းလုပ်သား ဘဝကနေ အမေရိကန်နိုင်ငံမှာ စီးပွားရေး လုပ်ငန်းတွေ ကျဆင်းနေတဲ့အချိန် မှာတောင် အစ်ကိုတို့ကုမ္ပဏီက စီးပွားရေးမ ကျဘဲ အောင်မြင်တဲ့ ကုမ္ပဏီတစ်ခုဖြစ်အောင် ဘယ်လိုများ ဆောင်ရွက်ခဲ့ပါသလဲ။

ဖြေ- ကျွန်တော် အမေရိက ကို ရောက်တာက ၁၉၈၉ မှာ ရောက်တယ်။ ဗမာတွေသိပ်မရှိဘူး ဆိုတော့ အခက် အခဲတော့ များတာပေါ့။ ကိုယ့်လက် ကိုယ့်ခြေပဲ လုပ်ရတယ်။ သူငယ်ချင်း တစ်ယောက်ပဲရှိတယ်။ အမျိုးတွေလည်း မရှိတော့ နည်းနည်းတော့ ပိုပြီး ရုန်းရတာပေါ့။

ရောက်တဲ့အချိန်မှာတော့ တတ်နိုင်သလောက် တစ်နေ့ ကို အလုပ် ၁၆ နာရီလုပ်တယ်။ အလုပ် လုပ် နေတုန်းမှာလည်း စာ ကိုတော့ ရအောင် ဖတ်တာပေါ့နော်။ သူများနဲ့မီအောင်လုပ်ဖို့။ ကျွန်တော်တို့ထွက်လာတုန်းက ကွန်ပျူတာတောင် မမြင်ဖူးဘူး။

ဒီရောက်တော့ သူတို့နဲ့ပြိုင်ဖို့ ဆိုတာ စာတွေအများကြီး ဖတ်ရ တာပေါ့။ စစ ချင်းတော့ ဖြစ်အောင်လုပ်မယ် ဆိုတဲ့ စိတ်လေး တစ်ခုတော့ ရှိတာပေါ့နော်။ ကျွန်တော့် လူတွေတော်လို့လည်း ပါတယ်။ ပထမ ၁၀ နှစ်လောက်တော့ တော်တော်လေး ပြင်းပြင်းထန်ထန် လုပ်ခဲ့ရတယ်။

ကုမ္ပဏီစထောင်ပြီး ၁၀ နှစ်မှာ အရင်းအနှီး ကလည်း နည်းတယ် ဆိုတော့ ၁၀ နှစ်နောက်ပိုင်း မှာတော့ ကျွန်တော်စာအုပ်တစ်အုပ်ဖတ်မိပြီးမှ ကျွန်တော် Core Value စလုပ်ရမှန်း သဘောပေါက်လာ တာပေါ့။

အရင်တုန်း ကတော့ အလုပ်ခန့်မယ် ဆိုရင် မန်နေဂျာ တစ်ယောက်တည်း က အလုပ် လာလျှောက်တဲ့လူရဲ့ လုပ်ရည် ကိုင်ရည် ကိုကြည့်ပြီး အလုပ်ခန့်တယ်။ နောက်ပိုင်း မှာတော့ HR (Human Resource)ဌာနက ထပ်လုပ်ပြီး မှ ခန့်တယ်။

ကျွန်တော်တို့ချထားတဲ့ Core Value နဲ့ ကိုက်ညီ သလားပေါ့။ အဲဒီလို ကြည့်ပြီးမှ ခန့်တာပေါ့နော်။ ဆိုလို တာက ဝန်ထမ်း တစ်ယောက်ခန့်မယ် ဆို အင်တာဗျူး နှစ်ခုဖြတ်ရတာပေါ့။ လုပ်ငန်းက ကြီးလာချိန်မှာ ဝင်လာတဲ့ လူကလည်း ၁,၆၀၀ ရှိလာတော့ အဓိက,က အကုန်လုံး နဲ့ အဆင်ပြေတဲ့ လူဆိုရင်တော့ လုပ်ငန်း က ပိုပြီး အဆင်ပြေတာပေါ့။ အဲဒီသဘောပါ။

မေး- Core Value ဆိုတာ ကို နည်းနည်း အကျယ်ချဲ့ရှင်းပြပါလား။ နောက် အစ်ကိုတို့ ကုမ္ပဏီမှာ ချထားတဲ့ Core Value တွေက ဘာတွေလဲ။

ဖြေ- Core Value ဆိုတာ ကတော့ Guidance Principle လို့လည်း ခေါ်ကြတယ်။ ကုမ္ပဏီတွေ၊ ကျောင်းတွေ၊ အဖွဲ့အစည်းတွေမှာ ရှိကြတယ်။ ကုမ္ပဏီတွေရဲ့ ရပ်တည်ချက်လို့ ခေါ်မလားမသိဘူး။

ဒီမှာ ရှိတဲ့ ကုမ္ပဏီတွေမှာ Core Value ကို ခံ့ခံ့ညားညား ချိတ်ထားတာ ရှိတယ်။ တကယ်တမ်း လိုက်နာ ကျင့်သုံး တာတော့ နည်းတာပေါ့။ ပထမနှစ်တွေမှာတော့ Core Value ကို သိပ် စိတ်မဝင်စားခဲ့ဘူး။ ဒီလောက် အရေးကြီးမှန်း လည်း မသိခဲ့ဘူး။

နောက်ပိုင်း ကျမှ တကယ်လိုက်နာကျင့်သုံးရင် လုပ်ငန်း လုပ်တဲ့နေရာမှာ ပိုပြီးချောမွေ့တယ်ဆိုတာ သိလာတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံတာ အဆင်ပြေမယ်။ အဲဒီလို ရည်ရွယ်ချက် တွေနဲ့ ပန်းတိုင် တစ်ခုကို အတူတူ သွားမယ်ဆိုပြီး ကျွန်တော် ကုမ္ပဏီအတွက် Core Value ၁၁ ချက် သတ်မှတ်ထားတယ်။

အရေးကြီးဆုံး နဲ့ ပထမဆုံးက Customer Service (စားသုံးသူတွေအတွက် ဝန်ဆောင်မှု)။

Custormer Service ဆိုတာ Customer နဲ့ ကျွန်တော်တို့ မှ မဟုတ်ဘူး။ ကျွန်တော်တို့ အချင်းချင်း မှာလည်း ကျွန်တော်တို့ ဆက်သွယ်တဲ့ အချိန် မှာရော တစ်ယောက်နဲ့တစ်ယောက် မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် စွမ်းဆောင်ဖို့။

ဒုတိယ အချက်ကတော့ ကိုယ်လည်း သူများဆီ က အတုယူ၊ သူများ ကလည်း ကိုယ်ဆီက ကောင်းတဲ့အချက်တွေ အတုယူစေချင်တာပေါ့။

တတိယ အချက်ကတော့ ကျွန်တော်တို့ ရဲ့လူတွေကို တီထွင်ကြံဆ တဲ့ အိုင်ဒီယာ နဲ့ အပြောင်းအလဲကို လက်ခံတတ် ဖို့ ကုမ္ပဏီက ကြီးလာတဲ့အခါမှာ အပြောင်း အလဲတွေက အရမ်းမြန်လာ တယ်။ မလိုက်နာ ရင် ကျန်ခဲ့မှာလေ။

စတုတ္ထ အချက်ကတော့ တစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်းလင်း နဲ့ ပြောဆို ဆက်ဆံဖို့။
ကျွန်တော့် ကုမ္ပဏီမှာ လာကြည့်လိုက်။ ကျွန်တော်တို့ရောင်းတာ ဘယ်လောက် ရှိတယ်ဆိုတာ ထိမ်ချန် ထားစရာ မရှိဘူး။ နောက်တစ်ချက် က သူများ ကိုလည်း စာနာ သနားရမယ်၊ ကိုယ့်ကိုယ်ကိုယ်လည်း နှိမ့်ချထားမယ့် အချက်ပေါ့။ ကုမ္ပဏီကြီးလာတဲ့အချိန်မှာ မမောက်မာဖို့ နဲ့ အလုပ်လည်း လုပ်၊ ပျော်လည်းပျော် ရမယ်။ သူများကိုလည်း လေးစားရမယ်။ စိတ်တို တာတွေ ရှိရင် ကိုယ့်ဘာသာ ကိုယ် ထိန်းချုပ်ဖို့။

နောက်ဆုံး အချက်ကတော့ ကျွန်တော့်တို့ အတွက်လည်း အရေးကြီးတယ်။ အခက် အခဲတွေကြုံ လာတိုင်း မဖြစ်နိုင်ဘူး ဆိုတာထက် စာရင် ဖြစ်နိုင်တဲ့ နည်းလမ်း ကို ရှာကြည့်မယ်။ အဲဒီလိုမျိုး တွေးဖို့ပေါ့။

ကျွန်တော်တို့ လူတစ်ယောက် ကို အလုပ်ခန့် ဖို့ အင်တာဗျူးလုပ်တဲ့ အခါမှာ သူ့ရဲ့လုပ်ရည် ကိုင်ရည်ကို သဘော ကျတယ်။ လုပ်ငန်း အတွေ့အကြုံလည်း ကြိုက်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ HR ကနေ ကျွန်တော်တို့ Value နဲ့ မညီဘူး။ ဥပမာ မနှိမ့်ချတတ် ဘူး၊ စကားပြောရင် ကြီးကျယ်တယ် ဆိုရင် မခန့်တော့ဘူး။

မေး- အစ်ကို ပြောသွားတဲ့ အစ်ကို့ ဘဝကို ပြောင်းလဲ စေတဲ့ စာအုပ် အကြောင်း နည်းနည်း ရှင်းပြပေး ပါလား။

ဖြေ- စာရေး ဆရာက Jim Collin ရဲ့ Good to Great စာအုပ်ပါ။ သူ့ စာအုပ်တွေ အကုန်လုံး က ၅ နှစ် ၁၀ နှစ် သုတေသန ပြုပြီး ရေးထားတာ။ ကုမ္ပဏီတွေကို သွားပြီး အချိန်ကုန် ခံပြီးမှ ရေးထားတာ။ ကုမ္ပဏီ ဘာကြောင့် ကျရှုံးလဲ။ အောင်မြင်တဲ့ ကုမ္ပဏီတွေ ဘယ်လိုလုပ်လဲရေးထားတာ သူရေးထားတဲ့အချက် ထဲက ကျွန်တော် ခေါင်းထဲအမြဲရိုက်သွင်း ထားတာ ကတော့ ကောင်းတဲ့ ကုမ္ပဏီတိုင်း ကြီးကျယ်မြင့်မြတ်တာ မဟုတ်ဘူး။

တချို့ကုမ္ပဏီတွေ၊ တော်တဲ့ ကုမ္ပဏီ နံပါတ်တစ်ဖြစ်ဖို့ ဦးစားပေးကြတယ်။ တကယ့်ကြီးကျယ်မြင့်မြတ်တ့ဲကုမ္ပဏီ ကျတော့ ပိုက်ဆံ တစ်ခုတည်းမ ဟုတ်ဘူး။ ကိုယ့်ဝန်ထမ်းတွေကို လည်း ကြည့်ရမယ်။ ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင် ကိုလည်း အကျိုးပြုနိုင်တဲ့သူဖြစ်ရမယ်။ အဲဒီလိုရေးထားတာ ကို ဖတ်မိတဲ့ ကျွန်တော့် အတွက် တကယ်အတုယူစရာဖြစ်တာပေါ့။

မေး- သမ္မတ အိုဘားမားနဲ့ တွေ့တဲ့အခါမှာကော ဘာတွေပြောဖြစ်ခဲ့လဲ။

ဖြေ- ဖိတ်တာ ကတော့ သမ္မတ ကတော်ရဲ့ အထူး ဧည့်သည် အဖြစ်ပေါ့။ ငါးယောက် ကနေ ၁၀ ယောက်ကြား တော့ ရှိမယ် ထင်တယ်။ အဓိက,ကတော့ လုပ်ငန်း ခွင်မှာ အသေးစား စီးပွားရေး လုပ်ငန်းတွေ ဟာ နိုင်ငံအတွက် ဘယ်လောက် အရေးကြီးတယ် ဆိုတာ ရှင်းပြချင်တာ နဲ့ နိုင်ငံရဲ့ ၉၀ ရာခိုင်နှုန်း အလုပ်ပေးထားတာ က ကုမ္ပဏီကြီးတွေ မဟုတ်ဘူး ဆိုတာနဲ့ အသေးစား လုပ်ငန်းရှင်တွေကသာ နိုင်ငံရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို အလုပ်အကိုင်ပေးထား တဲ့ အကြောင်းနဲ့ အဓိက ဂုဏ်ယူတဲ့ အကြောင်းပဲ ပြောတာပေါ့။

မေး- မြန်မာပြည်ပြန်လာပြီး စီးပွားရေး လုပ်ဖို့ကော အစီအစဉ်ရှိလား။

ဖြေ- လောလော ဆယ်တော့ ချက်ချင်းကြီးတော့ လုပ်ဖို့ မရှိပါဘူး။ နောက်ပိုင်း ဆိုရင်တော့ လုပ်ဖို့စိတ်ဝင်စားပါတယ်။ ပထမ အချက်ကတော့ ဝေးနေတာက တစ်ကြောင်း၊ ဒုတိယ အချက်အနေနဲ့ ကတော့ ကျွန်တော် ဒီဘက်မှာ ကလည်း လုပ်ငန်းက အရမ်းအလုပ်များတဲ့ အတွက်က တစ်ကြောင်းပေါ့။ ရေရှည် မှာတော့ စိတ်ဆန္ဒ အမြဲရှိပါတယ်။

မေး- အစ်ကို အပါအဝင် အမေရိကန်မှာ ရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက မြန်မာပြည်က ဘယ်လုပ်ငန်းတွေ ကို စိတ်ဝင်စားကြလဲ။

ဖြေ- ကျွန်တော် ထင်တာတော့ မြန်မာပြည်မှာ လုပ်ငန်းတိုင်း ကတော့ လိုအပ်နေမယ်ထင်တာပဲလေ။ ဒါပေမဲ့ အရေးကြီးဆုံး လုပ်ငန်းတွေ ကတော့ အခြေခံအဆောက်အအုံ လုပ်ငန်းတွေ အင်မတန် အရေးကြီးမယ် လို့ ထင်တာပဲ။

နိုင်ငံ တိုးတက်ဖို့ဆိုရင် အခြေခံအဆောက်အအုံတွေက အင်မတန်မှ အရေးကြီးမယ် လို့ထင်တာပဲ။ ပြီးတော့ မှ ထုတ်လုပ်မှုနဲ့ ဆိုင်တဲ့ လုပ်ငန်းတွေ နိုင်ငံက ပွင့်သွားပြီ ဆို လူတွေ အများကြီး ဝင်လာလိမ့်မယ်။ အဲဒီမှာ ခရီးသွား လုပ်ငန်းနဲ့ ဆိုင်တဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေ အများကြီး ထွက်လာမှာပေါ့။

စားသောက်ဆိုင် တို့၊ ဟိုတယ်တို့၊ ခရီးသွား လုပ်ငန်းတို့ လောလော ဆယ်တော့ အမေရိကန် ကုမ္ပဏီတွေကတော့ သတိထားတဲ့ အဆင့်မှာပဲ ရှိသေးတယ်။ အဓိက,ကတော့ ဥပဒေတွေနဲ့ ပတ်သက်ပြီး သိချင် တယ်။ သေသေချာချာ သိချင်တယ်။

ဥပမာ အရင် တစ်ခေါက် ၁၉၉၀ ကျော်ကဖြစ်ခဲ့သလို နိုင်ငံခြား ကုမ္ပဏီတွေဝင်လာပြီးမှ ဥပဒေတွေက ပြောင်းတဲ့ အတွက် အခက်အခဲတွေ က ရှိခဲ့တာပေါ့နော်။ ဒုတိယ အချက်အနေနဲ့ က နောက်နှစ် မှာလုပ်မယ့် ရွေးကောက်ပွဲ မှာ အပြောင်းအလဲ ဘယ်လိုရှိမလဲပေါ့။ အကုန်လုံး ကတော့ သတိထားပြီး စောင့်ကြည့် နေကြတာဗျ။

အခုကတော့ ချက်ချင်းကြီး တော့ အကုန်လုံး လှိမ့်ပြီး ဝင်ဖို့တော့ မရှိသေးဘူး။ အခုမှစပြီးလှမ်းတဲ့ သဘောပဲ ရှိတာပေါ့။ နှစ်ဖက် အခြေအနေ အပြောင်းအလဲကိုပဲ ကြည့်နေကြတာ ပေါ့နော်။ နောက်နှစ် ဘာဖြစ် မလဲဆိုပြီး။

မေး- ၂၀၁၅ ရွေးကောက်ပွဲ မှာ ဘယ်လို အခြေအနေမျိုးဖြစ်မှ လာပြီး ရင်းနှီးမြှုပ်နှံကြမှာလဲ။

ဖြေ- ကောင်းတဲ့ အပြောင်းအလဲ ဘက်ကို လူတိုင်းက စောင့်နေကြတာပေါ့။
အဓိက (၁) အချက် အနေနဲ့ ရှုပ်ရှုပ် ယှက်ယှက်မဖြစ်ဖို့။
(၂)အချက်အနေနဲ့ အေးအေးချမ်းချမ်း နဲ့ ကောင်းတဲ့ အပြောင်းအလဲ ဘက်ကို ရောက်စေချင်တာပေါ့။

အဓိက,ကတော့ လွတ်လွတ် လပ်လပ်နဲ့ မျှမျှ တတ ရွေးချယ်ခွင့် ပေးရင် ကောင်းတာပေါ့။ ဘယ်သူ ရရမယ် မဟုတ်ဘူး။ မျှမျှတတ နဲ့ အကုန်လုံး ကို လုပ်ခွင့်ပေးမယ်။ ပွင့်လင်းမြင်သာမှု ရှိတယ်ဆိုရင်တော့ လူတွေ လက်ခံမှာပါ။

မေး- မြန်မာ့ စီးပွားရေး တိုးတက်ဖို့ ဆို ဘာတွေလုပ်ဖို့ လိုမယ်ထင်လဲ။
ဖြေ- အခြေခံအဆောက်အအုံ ကို အစိုးရက ကောင်းကောင်း လုပ်ပေးနိုင်မယ်။ ဆက်သွယ်ရေးတွေ မြန် လာမယ်။ လမ်းပန်းဆက်သွယ်ရေး တွေ ကောင်းလာမယ်။ ရေတွေ၊ မီးတွေ အလုံ အလောက်ရလာမယ်။ ကျွမ်းကျင် ဝန်ထမ်းတွေ အများကြီးပျိုးထောင်ပေးရမယ်။ နောက်တစ်ခုက ဥပဒေ ခိုင်ခိုင်မာမာဖြစ် လာရမယ်။

မေး- မြန်မာပြည် အတွက် အစ်ကို့ အနေနဲ့ ဘာများ လုပ်ပေးချင်တာ ရှိလဲ။ တကယ်လို့ လုပ်ခွင့်ရမယ် ဆိုရင်။

ဖြေ- တစ်နေ့နေ့ တစ်ချိန်ချိန် မြန်မာပြည်ကိုပြန်လာပြီး တစ်ခုခုလုပ်ပေးချင်ပါတယ်။ လုပ်ငန်း တစ်ခု ထူထောင်ပြီး အလုပ် အကိုင်တွေပေးတာ တို့၊ ဖောင်ဒေးရှင်း တစ်ခုခု ထူထောင်ပြီး တကယ် လုပ်နေတဲ့ လူတွေနဲ့ ပေါင်းပြီး လူမှု ဖူလုံရေး အဖွဲ့တွေနဲ့ ပေါင်းပြီး ဘယ်လို လုပ်ပေးရမလဲ။ Vocation School တွေ လုပ်ချင်တယ်။

လေးနှစ် ဘွဲ့ရ သင်တန်းမျိုး မဟုတ်ဘူးပေါ့။ ခြောက်လ၊ တစ်နှစ်နဲ့ လုပ်ငန်းခွင်မှာ ကျွမ်းကျင် ဝန်ထမ်း တွေဖြစ်လာအောင် မွေးထုတ် ပေးတဲ့သင်တန်းတွေပေါ့။ နောက် လူတွေကို စာဖတ် ချင်လာအောင် ဘယ်လို လုပ်ရမလဲ။ ဆိုလို တာက စာကြည့်တိုက် ပဲဖြစ်ဖြစ်ပေါ့။ တစ်ခုခုတော့ ကိုယ့်စိတ် ထဲမှာတော့ လုပ်ပေးချင်တာပေါ့။ ဒါပေမဲ့ လုပ်လို့မှမရသေးတာ။

မေး- အခု အမေရိက မှာကော မြန်မာနိုင်ငံသားတွေအတွက် ဘာလုပ်ပေးထားလဲ။

ဖြေ- အကျိုးအမြတ် မယူတဲ့အဖွဲ့အစည်းလေး တစ်ခု ထောင်ထားတယ်။ ကျွန်တော်ရောက်ခါစ ကလို အခက် အခဲရှိရင်တောင် ကူညီမယ့်သူမရှိဘူးလေ။ အခု ထောင်ထားတဲ့  ဖောင်ဒေးရှင်း ကနေ အခက် အခဲရှိသူတွေ ကို ကူညီဖို့နဲ့ ပထမဆုံး ရွှေ့ပြောင်းလုပ်သား အနေနဲ့ ဝင်လာတဲ့ ကျွန်တော်တို့လူမျိုးတွေ အတွက် နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေး၊ သားရေး၊ သမီးရေး အတွက် ကလေးတွေ အတွက်ဆို စကောလား ရှစ်တွေ စီစဉ်ထားပါတယ်။ သူတို့ စွန့်ဦး တီထွင်လုပ်ငန်းရှင်တွေဖြစ်လာဖို့ ဘယ်လို ပံ့ပိုးပေးရ မလဲပေါ့နော်။ အဲဒါတွေလည်း ပါတာပေါ့။

မေး- ကျွန်တော် ကတော့ မေးလို့ပြီးပါပြီ။ ဘာများ ဖြည့်စွက်ပြောချင် ပါသေးလဲ။

ဖြေ- မြန်မာပြည်က တကယ်ကြိုးစားချင်တဲ့ လူငယ်တွေ အတွက်၊ တိုးတက်ချင်တဲ့ လူငယ် အတွက်ပဲ ပြောချင် ပါတယ်။ နိုင်ငံက အခွင့်အရေးတွေပေါ်လာပြီ။ လွန်ခဲ့တဲ့ အနှစ် ၂၀-၃၀ နဲ့ မတူတော့ဘူး ဆိုတော့ သူတို့ ရဲ့အိပ်မက်တွေကို စပြီး အကောင်အထည်ဖော်လို့ ရပြီ။

ကိုယ်လုပ်ချင်တဲ့ အိပ်မက်ကို အကောင်အထည် ဖော်ဖို့နဲ့ ဘယ်တော့မှအလျှော့မပေးဖို့။ တစ်ခါတည်းနဲ့ တန်းပြီး အောင်မြင်တဲ့လူ ဆိုတာ ရှိဖို့ ခက်ခဲပါတယ်။ ခဏခဏ ပြုတ်ပြုတ်ကျ မှာပဲလေ။ စိတ်ထဲမှာ  လုပ်ချင်တယ် ဆိုရင် ရအောင်လုပ်ဖို့ နဲ့ အခု ချိန်က လူငယ်တွေတိုးတက်ချင်သူတွေ အတွက် အကောင်းဆုံး ပဲ။

မဖြစ်နိုင်ဘူး ဆိုတာထက် ဘယ်လိုနည်းလမ်း ရှာမလဲ ဆိုတဲ့ နည်းလမ်းရှာပါလို့။

ခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။


7daydaily

From...Search Myanmar

 

No comments:

Post a Comment